လယ်ယာမြေပြဿနာများ ဖြေရှင်းပေးနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရှမ်းပြည်နယ်ဒေသခံများမျှော်လင့်

လယ်ယာမြေပြဿနာများ ဖြေရှင်းပေးနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရှမ်းပြည်နယ်ဒေသခံများမျှော်လင့်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် လယ်ယာမြေပြဿနာများ များပြားစွာ ဖြစ်ပွားလျက်ရှိသောကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြေယာပြဿနာများ ဖြေရှင်းပေးနိုင်မည်ဟု  ကတိကဝတ်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများလိုအပ်နေကြောင်း ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ ဒါရိုက်တာဒေါ်နန်းဝါနုက ပြောသည်။

“၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ့်ရဲ့မြို့နယ်မှာဖြစ်နေတဲ့ လယ်ယာမြေပြဿနာတွေ သစ်တောနဲ့ သဘာ၀ သံယံဇာတပြဿနာတွေကို သူတို့က ဦးဆောင်ပြီးဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်ပေးနိုင်တဲ့ လွတ်တော်ကိုယ်စားလှယ်တွေ လိုအပ်နေတယ်” ဟု၎င်းကပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ်စန်မြို့နယ်၊ ခိုလမ်မြို့နယ်ခွဲ၊ ဟိုနောင်ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးမြေ ဧက ၁၃၅၃.၃၃ ဧကကို ခ.လ.ရ  ၆၆ ခြေလျင်တပ်ရင်းမှ သိမ်းဆည်းပြီး တောင်သူ ၄၇ ဦးကို တရားစွဲဆိုထားကာ တောင်သူများမှ ရုံးချိန်းပေါင်း ခြောက်ကြိမ်ခန့်တက်ရောက်နေရကြောင်း သိရသည်။

ယင်းကိစ္စများကြောင့် လာမည့် ၂၀၂၀ ရွှေးကောက်ပွဲတွင် တရားမျှတပြီး ပွင့်လင်းမြင်သာသည့်  အစိုးရတစ်ရပ်ကို မျှော်လင့်မိကြောင်း ဒေသခံတောင်သူများက ပြောသည်။

ရွေးကောက်ခံကိုယ်စားလှယ်လောင်းများအနေဖြင့် လယ်ယာမြေကိစ္စနှင့်ပတ်သက်သောဥပဒေများ၊ မူဝါဒများကို သိရှိနားလည်ရန်လိုအပ်ကြောင်း လယ်ယာမြေပြဿနာများနှင့် သဘာ၀သယံဇာတများအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဧပရယ်ဂျူးဂျူးက ပြောသည်။

“၂၀၁၂ ကနေ ပြင်ဆင်လာခဲ့တဲ့ မြေယာနဲ့ဆက်စပ်တဲ့ ဥပဒေတွေကို နားလည်တဲ့ ကိုယ်စားလှယ် မျိုး၊ မူဝါဒရေးရာမှာပါ ဒီမြေယာနဲ့ပါတ်သက်ပြီး ဆွေးနွေးနိုင်တဲ့ ကိုယ်စားလှယ်မျိုး နောက်တစ်ခုက ဒေသတွင်း ဒီခိုလမ်ဒေသဆိုလဲ တိုင်းရင်းသားလက်နက်ကိုင်လဲရှိတယ် တပ်မတော်လဲရှိတယ် ဆိုတော့ ဒေသအခြေအနေကို သေချာနားလည်ပြီးတော့ ဥပဒေဘက်ရော ဒေသအခြေအနေတွေကိုရော နားလည်ပြီးတော့မှ ဖြေရှင်းပေးနိုင်တဲ့၊ လွတ်တော်ထဲမှာ မူဝါဒဆိုင်ရာ ဆွေးနွေးဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်မျိုးကို လိုအပ်ပါတယ်” ဟု ကိုဧပရယ်ဂျူးဂျူးက ပြောသည်။

အဆိုပါ တပ်မတော်မှမြေသိမ်းယူသည့်ကိစ္စများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်မြေစစ်ကော်မတီ၏ ၂၀၂၀ ခုနှစ်၊ ဇွန် ၉ ရက်က ပြုလုပ်ခဲ့သောအစည်းအဝေးဆုံးဖြတ်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းရှိ/မရှိ သဘောထားတောင်းခံရေးအတွက် ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဗဟိုမြေစစ်ကော်မတီကို ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်စွဲဖြင့် တင်ပြထားကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...