ကိုဗစ်ကာလ ထောက်ပံ့သည့်ပစ္စည်းများကို အကြောင်းပြုမဲဆွယ်သည့် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူး အမှုဖွင့်ခံရ

ကိုဗစ်ကာလ ထောက်ပံ့သည့်ပစ္စည်းများကို အကြောင်းပြုမဲဆွယ်သည့် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူး အမှုဖွင့်ခံရ
by -
ခေါင်ညွယ် (KNG)
တလောကြီးကျေးရွာမှ ရွာသားများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေစဉ်
တလောကြီးကျေးရွာမှ ရွာသားများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေစဉ်

ကိုဗစ်ကာလ ထောက်ပံ့သည့်ပစ္စည်းများကိုအကြောင်းပြုကာ မဲဆွယ်ခဲ့သည် ကချင်ပြည်နယ် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူး အမှုဖွင့်ခံရကြောင်း သိရသည်။

ကိုဗစ်ကာလတွင် နိုင်ငံတော်အစိုးရမှ  ပုံမှန်ဝင်ငွေမရှိသောပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေပေးအပ်သည့်အစီအစဉ်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တာလောကြီးကျေးရွာတွင် သြဂုတ် ၅ ရက်ကပြုလုပ်ရာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထူးသည် ရွာသားများကို ပါတီတစ်ခုအတွက်မဲထည့်ရန် စည်းရုံးခဲ့ကြောင်း ဆင်ဘိုကျေးရွာမှ ဦးမျိုးအေးက တရားလိုပြုလုပ်ကာ မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင် သြဂုတ် ၁၅ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခြေခံစားသောက်ကုန်ထောက်ပံ့ကိစ္စတွေ ဆောင်ရွက်ပေးတဲ့ချိန်မှာ အုပ်ချုပ်ရေးမှူးကနေ သူ့ရွာသားတွေကို ပါတီတွက်မဲရဖို့ လှုံ့ဆော်စည်းရုံးတယ်ဆိုပြီး အဲဒီမဲဆန္ဒနယ်မှာပါတဲ့ ပြည်သူတစ်ဦးက ရဲစခန်းကိုအမှုလာဖွင့်တယ်။ သူ့ရဲ့ တိုင်တန်းချက်ကိုကြည့်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၇ ကနေ ၆၄ အထိရှိတဲ့အထဲကမှ တိုင်တန်းချက်နဲ့ကိုက်ညီတဲ့ ပုဒ်မ ၅၈ (က) နဲ့အမှုဖွင့်တာဖြစ်ပါတယ်” ဟု မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှ ရဲမှူးကြီးမြင့်မိုးက ပြောသည်။

ရွေးကောက်ပွဲဥပေဒပုဒ်မ ၅၈ (က) သည် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့်ရရှိစေရန်သော်လည်းကောင်း၊ ယင်းအခွင့်အရေးကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်၊ ပြောင်းရွှေ့မှုသို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကိုအသုံးပြုကာ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းမပြုရန် ပြဌာန်းထားသည့် ပုဒ်မဖြစ်သည်။

ယင်းအမှုသည် ရဲအရေးပိုင်သည့်အမှုမဟုတ်သည့်အတွက် ဥပဒေအရာရှိများထံ ဆက်လက်အကူညီတောင်းခံသွားမည်ဖြစ်ပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နိုင်ငံတော်အစိုးရမှ  ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား အခြေခံစားသောက်ကုန်နဲ့ ထောက်ပံ့ငွေပေးအပ်ချိန်တွင် တာလောကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ဦးအောင်ဆန်းထူးက “ဆီတွေ၊ဆားတွေမပေးခဲ့ဘူးလား၊ ပေးခဲ့တယ်။ အဲဒါပေးပြီးတဲ့အပြင် အခုလည်းပိုက်ဆံ ၂၀၀၀၀ ထပ်ပေးအုံးမယ်။ ရွာနဲ့ပတ်သက်ပြီး လျှပ်စစ်မီးရအောင်လည်း ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့်မလို့ ဝန်ကြီးနဲ့ပါတီဟာ ကျွန်တောတို့အပေါ်မှာ ဘာရှိနေသလဲ။ ကျေးဇူးရှိနေတယ်။ ဟုတ်တယ်မလား ကျွန်တော်တို့ရှိတဲ့ကျေးဇူးကို နိုဝင်ဘာလ ၈ ရက်နေ့ မဲထည့်တဲ့ချိန်မှာ ကျေးဇူးဆပ်ရအောင်။ ပေါက်တယ်နော်။ ကျနော်ပြောတာက ကျွန်တော်တို့ကျေးဇူးဆပ်နိုင်အောင် တစ်ရွာလုံး ဝိုင်းဝန်းကြိုးစားကြပါလို့ ကျွန်တော့်အနေနဲ့ ဒါလေးမှာချင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (က) တွင် အာမခံပေးခြင်းနှင့်ပတ်သက်၍ မဖော်ထားသည့် ပုဒ်မတစ်ခုဖြစ်ကာ ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေကျခံရနိုင်သည့် ပုဒ်မလည်းဖြစ်သည်။

“ပုံမှန်ဆိုရင် ဒီရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မအရ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးရမှဖြစ်ပါတယ်။ ကောက်ပွဲဆိုင်ရာဥပဒေမှာ ဒီအမှုဟာ အာမခံပေးရမယ် မပေးရဘူးဆိုတာ တိတိကျကျမပြဌာန်းထားဘူး။ ဒါ့ကြောင့် ကျင့်ထုံးဇယား ၂ ကိုကြည့်ရတယ်။ အဲမှာ ထောင်ဒဏ် သုံးနှစ်အောက်ဆိုရင် အာမခံပေးရမယ်။ အခုအမှုဖွင့်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက နေမကောင်းလို့မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ခွင့်တိုင်ပြီး မန္တလေးမှာ ဆေးသွားကုနေတယ်လို့သိရတယ်။ လောလောဆယ်မှာ ဒီမှာမရှိတော့ ဖမ်းလို့မရသေးဘူး” ၎င်းကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...