မဲစာရင်းမှားယွင်းမှုများကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုမြင့်တက်

မဲစာရင်းမှားယွင်းမှုများကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုမြင့်တက်

မဲစာရင်းမှားယွင်းမှုများကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။  

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်  မဲစာရင်းကို ဇူလိုင် ၂၅ ရက် မှသြဂုတ် ၁၄ ရက်အထိ ထုတ်ပြန်ခဲ့ရာ မှားယွင်းမှုများစွာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခင်ရွေးကောက်ပွဲများကထက် ပိုမိုမှားယွင်းနေကြောင်း သုံးသပ်ချက်များပင်ရှိနေသည်။

ရန်ကုန်တိုင်းပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) မှ မီဒီယာတာဝန်ခံကိုကျော်လင်းက "မဲစာရင်းမှား ယွင်းမှုကမဲစာရင်းကောက်သူရဲ့အားနည်းချက်နဲ့ မဲစာရင်းကိုကွန်ပြူတာနဲ့ထည့်သွင်းတာဆိုတော့ ကွန်ပြူတာစာရေးတွေရဲ့ပေါ့ဆမှုကြောင့်လည်းဖြစ်နိုင်တယ်။ UEC အနေနဲ့ စာရင်းတွေကိုပြန်လည်မစိစစ်တာက အားနည်းချက်တစ်ခုဖြစ်တယ်။ အခုလိုဖြစ်တာက မဲဆန္ဒရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုးအကြီးအမားမဖြစ်ပေမယ့် စိတ်အနှောက်အယှက်တော့ဖြစ်တာပေါ့ တချို့သူတွေဆို မဲမပေးတော့ဘူး ပြင်ဆင်ချက်မလုပ်ပဲပြန်ထွက်သွားတာတွေ့ရတယ်။ တချို့ဆို အဆိုးဆုံးက မဲစာရင်းတောင်လာမကြည့်တယ့်သူတွေရှိနေတယ်။ အခု မဲစာရင်းမှားယွင်းမှုတွေကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအပေါ်ကို အနည်းငယ်ထိခိုက်သွားနိုင်တယ်။ အဲဒါကြောင့် မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးရခြင်းက အဓိကဖြစ်ပါတယ် မဲပေးကြဖို့ အရေးကြီးပါတယ်။ မဲစာရင်းတွေကိုသေချာကြည့်ပါ။ ပြင်ဆင်ပါ။ မဲလုံးဝမပေးပဲ မနေကြပါနဲ့" ဟုပြောသည်။

မဲစာရင်းတွင် အမှားအယွင်းသည် အနည်းအများရှိနိုင်သော်လည်း ယခုတွေ့နေရသည့် အမှားအယွင်းများသည် ရွေးကောက်ပွဲကော်မရှင်အတွက် အင်မတန်ရုပ်ဆိုးအကျည်းတန်စေကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးအေးကြွယ်ကပြောသည်။

"မဲစာရင်းဆိုတာ မှားယွင်းမှုကတော့အနဲအများရှိမှာပဲ။ သန်းခေါင်စာရင်းနဲ့ကောက်ခဲ့တာကို စာရင်းသွင်းတော့မှ စမှားကုန်တာ။ အွန်လိုင်းပေါ်မှာလည်းပြန့်နေတယ်။ အဲဒါတွေက UEC အတွက် အင်မတန်ရုပ်ဆိုးအကျည်းတန်စေတယ်။ စာရင်းပြုစုတယ့်သူတွေကလည်း အရမ်းကိုပေါ့တယ်။ အောက်ခြေကကောက်ပေးတယ်။ အဲဒါကို စာရင်းပြန်သွင်းတော့ မှားကုန်ရော။ ဒါမဖြစ်သင့်ဘူး အခြားဘက်နဲ့တွေးရင် နိုင်ငံရေးလှည်စားမှုလို့အပြောခံရမယ်။ အရင်ရွေးကောက်ပွဲတွေမှာ အခုလောက် အမှားအယွင်းမတွေ့ရပေမယ့် ဒီနှစ်က အတော်ကိုဆိုး ရွားတယ်။ ၂၀၂၀ ရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုမရှိတဲ့ ရွေးကောက်ပွဲလို့ပဲမြင်တယ်” ဟု ၎င်းကပြောသည်။

UEC အနေဖြင့် အဆိုပါမဲစာရင်းအမှားများကို မပြင်ဆင်နိုင်ပါက ရွေးကောက်ပွဲနေ့တွင်လက်ရှိအာဏပါတီ NLD ၏မဲရရှိမှုနှင့်  ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုလျော့ကျလာမည့် ဆိုးကျိုးများကိုပါ ရရှိစေနိုင်ကြောင်း ဦးအေးကြွယ်က သုံးသပ်ပြောသည်။  

UEC အနေဖြင့် ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာခြင်းကို အောက်တိုဘာလအတွင်း ထပ်မံကြေညာသွားမည်ဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၄၀၀၀၀ ကျော်ဖွင့်လှစ်၍ လုပ်ဆောင်သွားမည်ဖြစ်ကာ မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်ရှိကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...