ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ၏ မဲပေးခွင့်ကို ပုံစံနှစ်မျိုးဖြင့်ခွင့်ပြုထား

ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ၏ မဲပေးခွင့်ကို ပုံစံနှစ်မျိုးဖြင့်ခွင့်ပြုထား

ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ မဲပေးခွင့်ကို ပုံစံနှစ်မျိုးဖြင့် ခွင့်ပြုထားကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်ကပြောသည်။

ထိုရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၎င်းတို့၏ နေထိုင်ရာဒေသသို့ပြန်ပြီး မဲပေးခွင့်ရှိသကဲ့သို့ ရောက်ရှိရာဒေသတွင်လည်း နေထိုင်သည့်ရက်ပေါင်း ၉၀ ပြည့်ပါက မဲပေးနိုင်ရန်စီစဉ်ထား‌ကြောင်း ၎င်းကပြောသည်။

“သူတို့အတွက်မဲပေးမဲ့ပုံစံနှစ်ခုရှိမယ်။ပထမ တစ်ချက်ကတော့ သူတို့ရဲ့ နေရပ်ရင်းမှာ ပြန်ပြီးတော့ မဲပေးမယ်ဆိုရင်လည်း သူတို့ပြန်ပေးလို့ရတယ်။ နောက်ပြီးတော့ လက်ရှိရောက်နေတဲ့ နေရာမှာပဲ မဲပေးချင်တယ်ဆိုရင်လည်း ရက် ၉၀ နဲ့အထက် ရောက်ရှိ နေထိုင်ကြောင်း ထောက်ခံစာလုပ်ပြီး ပုံစံ ၃ (က) နဲ့ ကျွန်တော်တို့ ကော်မရှင်ကို လျှောက်ထားမယ်ဆိုရင် သူတို့ကို မဲစာရင်းထဲကို ထည့်ပေးမယ်”ဟု ၎င်းကပြောသည်။

သို့သော် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ရက် ၉၀ နေထိုင်ကြောင်းထောက်ခံစာကို ၎င်းတို့ အလုပ်လုပ် ကိုင်နေသည့် အဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အစရှိသည့် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ရယူရန်လိုအပ်ပြီး  ပုံစံ ၃ (က) တွင်ဖြည့်၍ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားရမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ရက် ၉၀ နေထိုင်ကြောင်းထောက်ခံစာဖြင့် မဲပေးခွင့် လျှောက်ထားခြင်းကို ရွေးကောက်ပွဲကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း ကြေညာပြီးနောက်ပိုင်းမှစ၍ ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုအထိ လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း  ဦးထွန်းအောင်ခိုင်က ဆက်လက်ပြောသည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအတည်ပြုစာရင်းကြေညာပြီး နောက်ပိုင်းမှာ သူတို့ အဲဒီလျှောက်ထားခွင့်တွေ ရလာမှာ ဖြစ်တယ်။ ဘယ်အချိန်အထိ ရလာမလဲဆိုတော့ ရွေးကောက်ပွဲ မလုပ်ခင် တစ်လအလိုအထိ သူတို့ဒီအခွင့်အရေးကိုရမယ်”ဟု ၎င်းက ပြောသည်။

လက်ရှိကချင်ပြည်နယ် တစ်ခုလုံးတွင် မဲပေးနိုင်သူဦးရေ ဆယ်သိန်းကိုးသောင်းဝန်းကျင်တွင် ရှိနေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် မဲပေးနိုင်သူဦးရေ နှစ်သိန်း နှစ်သောင်းဝန်းကျင်ခန့် တိုးလာ သည်ဟု ဆိုသည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများက မဲပေးခွင့် လျှောက်လွှာတင်သွင်းမည်ဆိုပါက မဲပေးနိုင်သူ ဦးရေ ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကချင်ပြည်နယ်သို့ ရွှေ့ပြောင်း လာရောက် အလုပ်လုပ်ကိုင် သူ ခန်းမှန်းခြေ သိန်းဂဏန်းခန့်ရှိပြီး ဖားကန့်ကျောက်စိမ်းတွင်း၊ တစ်ရှူးငှက်ပျောစိုက်ခင်းများနှင့် အခြားကျပန်းအလုပ်များစသောလုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...