၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးမည့်သူ ကချင်ပြည်နယ်တွင် တစ်သိန်းနှစ်သောင်းခန့်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။
“ကချင်ပြည်နယ်အတွင်းမှာ လက်ရှိ ၁၈ နှစ်ပြည့်ပြီးလို့ ပထမဆုံးမဲပေးခွင့်ရတဲ့သူ တစ်သိန်းနှစ်သောင်းလောက်ရှိတယ်။ သူတို့အနေနဲ့ ပထမဆုံးအကြိမ်ပေးရတဲ့မဲကို အဆုံးရှုံးမခံပဲ တိုင်းပြည်အကျိုးအတွက် စနစ်တကျမဲပေးကြဖို့လိုပါတယ်” ဟု ဦးထွန်းအောင်ခိုင်က တိုက်တွန်းပြောကြားသည်။
အသက် ၁၈ နှစ်ပြည့်၍ ပထမဆုံးမဲပေးခွင့်ရရှိမည့် ဖားကန့်မြို့နယ်မှ မဆိုင်းမွန်က လာမည့်ရွေးကောက်ပွဲတွင် မဲပေးသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် လူမျိုးအကျိုးသယ်ပိုးမည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်ရန် ယခုကတည်းက လေ့လာနေသည်ဟုဆိုသည်။
“မဲပေးသွားမှာပါ။ ကိုယ့်အတွက်၊ ကိုယ့်လူမျိုးအတွက် ကောင်းတဲ့ပါတီကိုပေးနိုင်ဖို့ အခုကတည်းက တတ်နိုင်သလောက် လေ့လာနေပါတယ်” ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၁ သိန်းနီးပါးရှိပြီး ယခင်ရွေးကောက်ပွဲထက် သုံးသိန်းခန့်တိုးလာကြောင်း ပြည်နယ်ကော်မရှင် ထံမှသိရသည်။