ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းပေါင်း ၈၅ နေရာရှိနေပြီးသည့်အနက် လေးနေရာတွင် မဲရုံဖွင့်ရန်စီစဉ်ထားကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
“စစ်ဘေးရှောင်စခန်းမှာ သာမန်အားဖြင့်တော့ စစ်ရှောင်စခန်းအားလုံးမှာ မဲရုံဖွင့်ဖို့တော့ လုပ်မပေးနိုင်ဘူး။ စစ်ရှောင်စခန်းရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာဘဲပေါင်းပြီးတော့မှ မဲပေးဖို့ ကျွန်တော်တို့ စီစဉ်ထားတယ်။ဒါပေမယ့် အရပ်ထဲကမဲရုံမှာလူဦးရေပြည့်နေတဲ့အတွက် တချို့စစ်ရှောင်စခန်း တွေမှာလည်း မဲရုံသတ်မှတ်ပေးတဲ့ဟာတွေ ရှိပါတယ်။ ဥပမာ - ချီဖွေလိုနေရာမျိုးမှာဆို စစ်ရှောင်စခန်းနဲ့ ရပ်ကွက်တွေနဲ့ဝေးတဲ့နေရာမျိုးတွေဆို မဲရုံသီးသန့်ဖွင့်ပေးတာမျိုးတွရှိတယ်” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။
သို့သော် ကျန်စစ်ဘေးရှောင်စခန်းများကိုလည်း မဲရုံဖွင့်နိုင်ရေး ပြန်လည်စိစစ်သွားမည်ဖြစ်ပြီး အဆင်ပြေပါက မဲရုံထားရှိနိုင်ရေး ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ စစ်ဘေးရှောင်ဦးရေ လေးသောင်းခွဲကျော်ရှိပြီး မဲပေးခွင့်ရှိသူ ဦးရေ နှစ်သောင်းကျော်ရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
“ကျနော်တို့ Camp က ဟိုတစ်နေ့က အုပ်ချုပ်ရေးမှူးခေါ်လို့ သွားလိုက်တာ စစ်ရှောင်စခန်းမှာဘဲ မဲပုံးထောင်ဖို့ရှိတယ်လို့ပြောတယ်။ အရင်တစ်ခေါက်ရွေးကောက်ပွဲတုန်းကတော့ မထားဘူး” ဟု Trinity စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံဦးလှခေါင်ကပြောသည်။
လက်ရှိ ယင်းစစ်ဘေးရှောင်စခန်းတွင် မဲစာရင်းများအား စခန်းတွင်လာရောက်ကပ်ထားသော်လည်း မဲစာရင်းကြည့်သူများ အလွန်နည်းပါးကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်အပြည့်အဝရရှိစေရန် မဲဆုံးရှုံးခြင်းမရှိစေရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်နေပြီး မဲစာရင်းများကိုလည်း စစ်ဘေးရှောင်စခန်းတိုင်းကပ်ထားပေးရန် ညွှန်ကြားထားကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။
“ကျနော်တို့ စခန်းမှာတော့ ခုချိန်ထိ မဲရုံထားပေးဖို့ပြောတာတွေတော့မရှိသေးဘူး။ လူဦးရေစာရင်းလာကောက် တဲ့အချိန်မှာ ရွာကစာရေးကို စစ်ရှောင်စခန်းမှာ မဲစာရင်းကိုလာကပ်ပေးပါဆိုပြီး ပြောလိုက်တာတောင် ခုထိ လာမကပ်ပေးကြဘူး။ ဘာဖြစ်လို့ စခန်းမှာလာကပ်ခိုင်းတာလဲဆိုရင် ရပ်ကွက်ရုံးသွားဖို့ လမ်းမကြီးဖြတ်ရတယ်။ တစ်ချို့အိမ်ထောင်စုတွေက သက်ကြီးရွယ်အိုတွေဘဲနေတဲ့ အိမ်ထောင်စုတွေလည်းရှိတယ်။ ဆိုင်ကယ်မစီးတတ်၊သွားကြည့်မယ်ဆိုလည်း လမ်းမကြီးကဖြတ်ရဆိုတော့ အန္တာရယ်များတယ်။ ဒါကြောင့် လာကပ်ပေးရင်ပိုကောင်းတယ်။ ဖြစ်နိုင်ရင်တော့ မဲရုံထောင်ပေးရင်တော့ အားလုံးတွက် ပိုပြီးအဆင်ပြေတာပေါ့။ ဒါပေမယ့်ခုချိန်ထိတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှပြောလာတာတွေမရှိသေးဘူး” ဟု မိုင်းနားစစ်ရှောင်စခန်းမှ တာဝန်ခံဦးဘရန်ဆိုင်းကပြောသည်။
မိုင်းနားစစ်ရှောင်စခန်းတွင် အိမ်ထောင်စုအားဖြင့် ၅ဝဝ ကျော်ရှိနေပြီး ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေအများဆုံးနေထိုင်သည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည်။
ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၉ ဦး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၈၇ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့်ပြည်သူများအနေဖြင့် မိမိနေရပ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်ခဲ့သည်မှာ ကိုးနှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး ကချင်အရပ်ဘက်အဖွဲ့အစည်းများ၏ စစ်တမ်းများအရ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိနေကြောင်း သိရသည်။