ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ နာယကတစ်ဦး တပ်ချုပ်နှင့်တွေ့သည့်ကိစ္စ ၎င်းတို့သဘောထားမဟုတ်ဟု ပါတီဥက္ကဌ ဦးမန်းအောင်ပြည်စိုးပြော

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ နာယကတစ်ဦး တပ်ချုပ်နှင့်တွေ့သည့်ကိစ္စ ၎င်းတို့သဘောထားမဟုတ်ဟု ပါတီဥက္ကဌ ဦးမန်းအောင်ပြည်စိုးပြော
by -
စောထွန်းလင်း (KIC)

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) မှ နာယကတစ်ဦး တပ်မတော်ကာကွယ်ရေးဦးချုပ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ခြင်းက ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားမဟုတ်ကြောင်း  ၎င်းပါတီဥက္ကဌ ဦးမန်းအောင်ပြည်စိုးက သြဂုတ် ၁၅ ရက်က ငြင်းဆိုပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ သုံးလေးရက်က ပါတီ ဗဟိုကော်မတီတဦးက ဖုန်းနဲ့ ကျနော်ဆီ ဆက်သွယ်တယ်။တပ်က တွေ့ချင်တယ်သွားရမလားတဲ့၊ ကျနော်တို့ တပ်နဲ့ဘာအချိန်အဆက်မှမရှိတာ။မသွားဖို့ ပြောလိုက်တယ်။ ပါတီရဲ့ဗဟိုအလုပ်မှုဆောင် ကော်မတီ (CEC) အနေနဲ့ အစည်းအဝေးထိုင်တာလည်းမရှိဘူး။ သွားဖို့ လုံးဝ ခွင့်ပြုထားတာမရှိဘူး” ဟု ၎င်းက ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီတို့ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာတွင် သြဂုတ် ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံပွဲပြုလုပ်ခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပြီး တွေ့ဆုံပွဲတွင် KNDP နာယက စောထွန်းကြည် တက်ရောက်ခဲ့သည်ဟု သတင်းထုတ်  ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံပွဲတက်ရောက်ရန် KNDP ထံသို့ ဖိတ်စာပို့ ဖိတ်ကြားခြင်းမဟုတ်ဘဲ ဖုန်းဖြင့်သာ ဆက်သွယ်  ပြောဆိုခြင်းဖြစ်သည်ဟု KNDP က ပြောသည်။

ထို့အပြင် KNDP အနေဖြင့် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၏ လွှမ်းမိုးမှုကိုမခံယူသလို နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ်ကိုသုံးသပ်ကာ အလယ်အလတ် လမ်းစဉ်အတိုင်းသွားမည်ဟု မူဝါဒချမှတ်ထားကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။

“NLD၊ တပ်မတော်၊ ပြည်ခိုင်ဖြိုး ဘယ်သူ့ နောက်မှ မလိုက်ဘူး။ ကိုယ့်အမျိုးသားရေး အပေါ်မှာပဲ ခိုင်ခိုင်မာမာရပ် တည်သွားမယ်” ဟု ၎င်းက ပြောသည်။

အလားတူ ရန်ုကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ပါတီသည်လည်း တပ်ချုပ်နှင့် တွေ့ဆုံပွဲတက်ရောက်ရန် ဖုန်းဖြင့် ဆက်သွယ်ဖိတ်ကြားသော်လည်း တပ်မတော်နှင့် ကင်းကင်းရှင်းရှင်းနေလိုသည့်အတွက် တက်ရောက်ခြင်းမရှိဟု KPP ဒုဥက္ကဌ စောစေးဝါးက ပြောသည်။

KNDP သည် ကရင်ပြည်နယ်ရှိ ကရင်ပါတီများဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ (PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ လေးခုကို ပြန်လည်ပေါင်းစည်း၍ ပါတီတစ်ခုတည်းအဖြစ်တည် ထောင်ထားခြင်းဖြစ်သည်။

ထိုသို့ ပါတီ လေးခု ပေါင်းစည်း ရာတွင် တချို့ပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်မှုရှိကာ ရွေးကောက်ပွဲနီးလာသည့်ကာလတွင် ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဆောင်နေရာသည့့်အခြေအနေရှိကြောင်း KNDP ထံမှ သိရသည်။ 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...