ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများတွင် ဝန်ထမ်းအလွန်နည်းပါးခြင်းနှင့် မဲစာရင်းကောက်ယူစဉ် လိုအပ်ချက်များရှိခဲ့ခြင်းကြောင့် အမှားများရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ ဒေါ်တင်လှိုင်က ပြောသည်။
“ဝန်ထမ်းအင်အားနည်းနည်းနဲ့ လုပ်ရတာဖြစ်လို့ မလုံလောက်တာတွေလည်းရှိတယ်။ ဌာနဆိုင်ရာတွေကတော့ တွဲဖက်ဝန်ထမ်းတွေ အကူညီတောင်းထားတာတွေတော့ရှိတယ်။ ဒါပေမယ့် တချို့ မြို့နယ်၊ ခရိုင်တွေမှာ အင်အားအပြည့် လာရောက်ပူးပေါင်းတာမရှိဘူး။ တချို့ တစ်ဝက်လောက်ဘဲ လာတယ်။ တချို့လုံးဝမလာတာတွေရှိတယ်။ ကော်မရှင်ဝန်ထမ်းက အရမ်းနည်းတယ်။ တချို့မြို့နယ်တွေမှာဆိုလိုရှိရင် မြို့နယ်ကော်မရှင်ဝန်ထမ်းဟာ သုံးလေ ဦးလောက်ပဲရှိတယ်။” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၂ ရက်နေ့အထိ ပုံစံ ၃ ဖြင့် လျှောက်ထားသော မဲဆန္ဒရှင် ၆၉၀၄ ဦး၊ ပုံစံ၄ဖြင့် ကန့်ကွက်သူ ၃၈၂၆ ဦးနှင့် ပုံစံ ၄-ဂ ဖြင့်ပြင်ဆင်ခွင့်တင်ပြသူ ၁၂၇၃၀ ဦးရှိကြောင်း သိရသည်။
မဲစာရင်း ပြုစုသည့်လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဌ ဒေါ်တင်လှိုင်က “မဲစာရင်းကို ထွေအုပ်ကနေပြီးတော့ အောက်ခြေအဆင့် ရပ်/ကျေးကနေ ကောက်ယူခဲ့တယ်။ အဲဒါပြီးရင်တော့ လဝက က စီစစ်တယ်။ လဝက က စီစစ်ပြီးရွေးကောက်ပွဲကော်မရှင်ဆီကို ပြန်ပေးတယ်။ ကော်မရှင်က မဲဆန္ဒရှင်တွေစာရင်းကို ပြန်ပြီးတော့ပြုစုရတယ်။ အဲဒီမှာ ပြန်လျော့လိုက်ရတာတွေရှိတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် မဲဆန္ဒရှင်ပြည်သူ တစ်ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။