မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အကြားတိုက်ပွဲများကြောင့် ချင်းပြည်နယ်ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်ပြည်သူများ မဲဆုံးရှုံးမှုမရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က ပြောသည်။
“ပလက်ဝမှာရှိတဲ့ မဲဆန္ဒရှင်တွေကို မဲပေးပိုင်ခွင့်မဆုံးရှုံးဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးလင်းကျော်က ပြောသည်။
ယခုအခါ ချင်းပြည်နယ် ဆမီးမြို့နယ်ခွဲရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက မဲစာရင်းများလာရောက်ကောက်ခံခဲ့ကြောင်း ဆမီးမြို့စစ်ဘေးရှောင်ပြည်သူများကို ကူညီနေပေးနေသည့် ဦးပြည်ဆုက ပြောသည်။
“အခုမှ ရွေးကောက်ပွဲကော်မရှင်တွေလာလို့ စကောက်တာ၊ ကောက်တာတောင် မကြာသေးဘူး၊ ကောက်နေဆဲပဲရှိသေးတယ်၊” ဟု ဦးပြည်ဆုက ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မကြာခဏ တိုက်ပွဲများ ဖြစ်သော်လည်း ပြည်နယ်ရွေးပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စုအဆင့်ထိ သဘောထားမှတ်ချက်များတောင်းခံထားကြောင်း သိရသည်။
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က “စစ်ဖြစ်နေတဲ့ နယ်မြေဒေသအခြေအနေမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနကို သဘောထားမှတ်ချက် တောင်းခံထားတယ်။ ခုချိန်မှာတော့ ရွေးကောက်ပွဲလုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းကတော့ စောပါသေးတယ်” ဟု ပြောသည်။
သို့သော် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိအခြေအနေ နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲနေ့တွင် စစ်ဘေးရှောင်မဲဆန္ဒရှင်ပြည်သူများ လုံခြုံစွာမဲပေးနိုင်ရေး စိုးရိမ်ရသည်ဟု ဦးပြည်ဆုကဆိုသည်။
“ရွေးကော်ပွဲကော်မရှင်ဘက်က ကျင်းပနိုင်တယ်လို့ပြောတယ်၊ ဒါပေမဲ့ မဲပေးတဲ့နေ့မှာ တိုက်ပွဲတွေဖြစ်လာရင် ဘယ်လိုလုပ်မှာလဲပေါ့။ ဒါတွေက ကျွန်တော်တို့ စိုးရိမ်စရာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ်တွင် လာမည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ သုံးသိန်းခုနစ်သောင်းကျော်ရှိကြောင်းချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရသိရသည်။