၂၀၂၀ အထွေထွေရွေးကောက်ပွဲအား မဲမပေးရေး (No Vote) လှူပ်ရှားမှုဖြင့် သပိတ်မှောက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကြေညာချက်အပေါ် ကြားနေအဖြစ်ရပ်တည်သွားမည်ဖြစ်ကြောင်း မိုးညှင်းဒီဂရီ ကောလိပ်ကျောင်းသားများသမဂ္ဂမှ ဒုဥက္ကဌ ကိုဝေလင်းအောင်က ပြောသည်။
"ကျွန်တော်တို့ကတော့ ကိုယ်အခွင့်အရေးအရ ကြားနေပဲ လုပ်မှာပါ" ဟု ကိုဝေလင်းအောင်က ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအား မဲမပေးရေး (No Vote) လှူပ်ရှားမှုဖြင့် သပိတ်မှောက်ကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂများအဖွဲ့ချုပ်က ရတနာပုံတက္ကသိုလ်တွင် သြဂုတ် ၈ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ မိုးညှင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုအိုက်ဖက “ ဒီမိုကရေစီခေတ်ပဲလေ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲထည့်ပိုင်ခွင့်ရှိတယ်။ ထည့်သည်ဖြစ်စေ/မထည့်သည်ဖြစ်စေလူတစ်ယောက်ရဲ့ လွပ်လပ်ပိုင်ခွင့်ပဲ။ အတင်းကြီး မဲထည့် ပါလို့တိုက်တွန်းလို့မှ မရတာ။ ဒါပေမယ့် ကိုယ်အခွင့်အရေးရဖို့အတွက် ကိုယ်ထည့်လိုက်တဲ့ မဲတစ်ပြားကအရမ်းရေးကြီးတယ်။ တစ်မဲသာ အနိုင်ရစနစ်မှာ ကိုယ်မဲတစ်မဲနဲ့လည်း ရွေးချယ်နိုင်တယ်။ အဲတာကြောင့် လူတိုင်းမဲထည့်စေချင်တယ်”ဟု ပြောသည်။
No Vote ကမ်ပိန်းကြောင့် ထူးထူခြားခြားပြောင်းလဲမည်ဟု မယုံကြည်ကြောင်းမိုးညှင်းဒီဂရီ ကောလိပ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုသာထူးထူး သုံးသပ်ပြောကြားသည်။
“ခုအခြေအနေအရတော့ NO Vote လုပ်လဲ ထူးလာမယ်မထင်ဘူးဗျ။ ကျွန်တော်တို့အနေနဲ့ ကတော့ ထည့်မယ် မထည့်ဘူးဆိုတာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးရေချိန်ကပဲ ဆုံးဖြတ်သွားမှာပါဗျ” ဟု ၎င်းကပြောသည်။