ရှမ်းတိုင်းရင်းသား‌ရေးရာဝန်ကြီးနေရာအတွက် ပင်လည်ဘူးမှ ရှမ်းနီတိုင်းရင်းသားထောင်ချီ ‌‌‌မဲပေးခွင့်ဆုံးရှုံး

ရှမ်းတိုင်းရင်းသား‌ရေးရာဝန်ကြီးနေရာအတွက် ပင်လည်ဘူးမှ ရှမ်းနီတိုင်းရင်းသားထောင်ချီ ‌‌‌မဲပေးခွင့်ဆုံးရှုံး

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်မှ ရှမ်းနီတိုင်းရင်းသားထောင်ချီ မဲပေးခွင့်ဆုံးရှုံးမည့်အခြေအနေနှင့် ကြုံတွေ့နေကြောင်း သိရသည်။

 

အဆိုပါ မြို့နယ်ကော်မရှင်၏ မဲစာရင်းထုတ်ပြန်ချက်အရ ရှမ်းတိုင်းရင်းသားဝန်ကြီးနေရာအတွက် ‌‌‌ မဲပေးခွင့်ရှိသူ ၈၂၂ ဦးသာရှိသော်လည်း ၎င်းဒေသတွင် အမှန်တကယ်နေထိုင်နေသည့် ရှမ်းနီတိုင်းရင်းသားဦးရေ လေးထောင်ကျော်ရှိပြီး မဲပေးရန် အသက်အရွယ်ပြည့်မီသူ သုံးထောင်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

 

ထိုသို့ မဲစာရင်းကွာဟမှု ထောင်ချီဖြစ်ပေါ်ခဲ့ရခြင်းမှာ ရှမ်းနီတိုင်းရင်းသားအများစု၏ မှတ်ပုံတင်တွင် ဗမာလူမျိုး ဗုဒ္ဓဘာသာဟု ရေးသွင်းထားမှုကြောင့်ဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မှတ်ပုံတင်ပေါ်အခြေခံ၍ စာရင်းကောက်ယူသဖြင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့်ရှိသူ လွန်စွာနည်းပါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မဲစားရင်းကောက်တဲ့နေရာမှာ သူတို့က မှတ်ပုံတင်ကြည့်ပြီးကောက်တာဆိုတော့ ကျွန်တော်တို့က ဗမာ/ဗုဒ္ဓ

ဖြစ်နေတယ်လေ။ အဲတော့ မဲပေးခွင့်မရနိုင်တဲ့အနေအထားပေါ့နော်။ ကျွန်တော်တို့ အခွင့်အရေးဆုံးရှုံးတာပေါ့” ဟု ပင်လည်ဘူးမြို့နယ် တုံမွန်းကျေးရွာမှ ဒေသခံ ကိုစိုင်းဇော်ဇော်ကပြောသည်။

 

၂၀၂၀ မဲပေးခွင့်ရှိသူ စာရင်းကောက်ခံရာမှာတွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ကို အခြေခံကောက်ယူခြင်းဖြစ်ပြီး အိမ်ထောင်စုနှင့် မှတ်ပုံတင်မှာ ကွဲလွဲမှုရှိနေပါက မှတ်ပုံတင်ကိုသာအတည်ပြု ကောက်ခံခြင်းဖြစ်ကြောင်း ပင်လည်ဘူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဒေါ်နွဲ့နွဲ့ဖြူကပြောသည်။

 

“ကျွန်မတို့ လူမှုစီမံချက်နဲ့ လူဦးရေစာရင်းကောက်ခဲ့တယ်။ကောက်ခဲ့တဲ့အချိန်မှာ လူမျိုးစာရင်းမှာ နိုင်ငံသားစီစစ်ရေးကဒ်ပြားပေါ်မှာပါတဲ့ လူမျိုးကို အတည်ယူရမယ်ဆိုပြီး ညွှန်ကြားတာရှိပါတယ်။ ကျွန်မတို့လူဦးရေစာရင်းကောက်တဲ့ အခါကျတော့ ထွေအုပ်ရယ် လဝကရယ် ကော်မရှင်ရယ် ပညာရေး ကျမ်းမာရေးတို့ ပေါင်းကွင်းဆင်းပြီး  စာရင်းကောက်ခဲ့တဲ့အချိန်မှာ သူတို့နိုင်ငံသားစိစစ်ရေးမှာပါတဲ့အချက်တွေနဲ့ ထည့်သွင်းလိုက်တာပါ။ အဲကိစ္စနဲ့ပတ်သက်ပြီးလည်း အထက်ကို တင်ထားပါတယ်။ ဒါပေမယ့်ကျွန်မတို့ အချက်အလက်က မှတ်ပုံတင် မှာပါတာအတည်ပဲလေ။ ကျွန်မတို့က တမင်ဖန်တီးပြီး သူတို့ကို လျှော့နည်းသွားအောင်လုပ်ထားတာမဟုတ်ပါဘူး” ဟု ဒေါ်နွဲ့နွဲ့ဖြူက ပြောသည်။

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပင်လည်ဘူးမြို့နယ် ကော်မရှင်အနေဖြင့်  ရှမ်း/ဗမာ ဆိုပါကလည်း ရှမ်းတိုင်းရင်းသားရးရာဝန်ကြီးနေရာအတွက်  မဲပေးခွင့်ရရန်နှင့် ချင်းဗမာဆိုပါကလည်း ချင်းတိုင်းရင်းသား‌ရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့်ရှိစေရန် ဆောင်ရွက်ပေးနေကြောင်း ၎င်းကဆက်လက်ပြောသည်။

 

“၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှာ ရှမ်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်း မဲပေးခွင့်က  ၂၀၁၅ ကထက် မဲပေးခွင့်လျော့သွားတယ်လို့တင် ပြကြပါတယ်၊ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့တွေ့ဆုံမေးမြန်းတဲ့အခါမှာ ၂၀၁၅ တုန်းကရှမ်းတိုင်းသားလူဦးရေစာရင်းကို ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းပေါ်အခြေခံပြီးယူခဲ့ပေမဲ ့ယခု ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားပေါ်အခြေခံပြီးကောက်ခံထုတ်ပြန်ခဲ့လို့လျော့နည်းရခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့အတွက်ကြောင့်ကျွန်မအနေနဲ့ တိုင်းရင်းသားအခွင့်အရေးမဆုံးရှုံးစေရေး ကိုယ်ကြိုက်သည့်ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းအားမဲပေးခွင့်ရရှိနိုင်ရေးအတွက် တိုင်းကော်မရှင်သို့ တင်ပြထားပြီးပါပြီ” ဟု လက်ရှိ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းမွှေးမွှေးခင်က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားထားသည်။

 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲစာရင်းကို အိမ်ထောင်စုစာရင်းအပေါ် အခြေခံကောက်ခံခဲ့သဖြင့် ရှမ်းတိုင်းရင်းသားရးရာဝန်ကြီးနေရာအတွက် ပင်လည်ဘူး မြို့နယ်မှ ရှမ်းနီတိုင်းရင်းသား ၃၀၀၀ဝန်းကျင်ခန့် မဲပေးခွင့်ရခဲ့ပြီး  စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက အနိုင်ရရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...