ဧရာဝတီတိုင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် မေးမြန်းခြင်း

ဧရာဝတီတိုင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် မေးမြန်းခြင်း

ကရင်လူမျိုးများအနေဖြင့် မိမိတို့အမည်နာမရှေ့တွင် ထည့်သွင်းရေးသားခေါ်ဝေါ်လေ့ရှိကြသည့် စ၊ စော၊ နော်၊ နန့်၊ နန်း၊ ဂါ့စသည့် ရှေ့ဆောင်အမည်နာမများ၏ အရေးပါပုံ၊ ၎င်းနှင့်ပတ်သက်သည့် တိုက်တွန်းအကြံပြုမှုများအပြင် တိုင်းဒေသကြီး အတွင်း ကရင်စာပေ သင်ကြားမှုအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ မန်းအိုင်ခလိန်အား ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

မေး။ ။ အစိုးရပညာရေးဌာနကနေပြီးတော့ တိုင်းရင်းသားတွေရဲ့ရှေ့ဆောင်အမည်နာမတွေကို ကျောင်းအပ်နှံတဲ့အခါ ထည့်သွင်းအပ်နှံကြဖို့ ညွှန်ကြားမူတွေရှိလာတဲ့အပေါ် အထူးသဖြင့် ကရင်လူမျိုး တွေအတွက် ဘယ်လောက်အရေးပါလဲ။

ဖြေ။  ။ ကျနော်နားလည်သလောက်တော့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကပေါ့နော်။ နေပြည်တော်ကနေပေါ့ ကျနော်ထင်တာ တိုင်းရင်းသားအားလုံးထင်ပါတယ်။ မိမိတို့ရဲ့ရှေ့ဆောင်အမည်တွေကို ထည့်သွင်းကြဖို့၊ အဲဒီ အခါကျတော့ ကျနော်တို့ကတော့ ဧရာဝတီတိုင်းနဲ့သက်ဆိုင်တာကတော့  စကောနဲ့ပိုးကရင်ပေါ့။ အဲဒါ တောင်မှ ကျနော်ထင်တာ စကောကတော့ သိပ်ပြဿနာ မရှိဘူး။ အသက်ငယ်လည်းစောပဲ အသက်ကြီး လည်းစောပဲဆို တော့လေ။ ပိုးကျတော့ စ၊ နန့်ပေါ့နော်။ နောက်အသက်ကြီးလာရင် မန်းတို့ဂါ့တို့ပေါ့။ အဲလို ဆိုတော့ ပိုးက တော့နည်းနည်းပြဿနာရှိတယ်။

ဒီရှေ့ဆောင်အမည်နာမတွေက ကျနော်တို့ရဲ့အမျိုးသားရေးလက္ခဏာပဲဗျ။ ကျနော်တို့ ဧရာဝတီ တိုင်းတို့မှာသာ ဒါတွေကိုသိပ်ပြီး Strong (အားကောင်း) မဖြစ်ကြတာ။ ဥပမာ ရှမ်းပြည်နယ်တို့ ဘာတို့ဆို စိုင်းပေါ့။ နောက် ဥပမာ ကယား ပြည်နယ်သွားရင် နာမည်ကြားလိုက်တာနဲ့ ဒီလူက ကယန်းလား၊  တခြားလူမျိုးလား ခွဲသိရ တယ်။ ကချင်တို့ချင်းတို့လည်း အတူတူပါပဲ။ ဒါပေမယ့် ကျနော်တို့ ပြည်မပိုင်းမှာကျတော့ ဒါကိုသိပ်ပြီး Sensitive (အထိအခိုက် မခံသော) မဖြစ်ကြ ဘူးပေါ့။ အဲဒါကို မောင်ဆိုလည်းတပ်လိုက် တာပဲ။ ဦးဆိုလည်းတပ်လိုက်တာပဲ။ ဒီအမြင် လေးတွေကို ပြန်ပြီးချပြရမယ်။ ‘စော’တို့‘နော်’တို့ကျတော့ ကျနော်ထင်တယ် သူတို့က တော်တော်ခိုင်နေပြီ။‘စ’တို့‘နန့်’တို့ ကျတော့နည်းနည်း လေးလို နေသေးတယ်လို့ ကျနော်ထင်တယ်။ ဥပမာပြော ရမယ်ဆိုရင် ဗမာနာမည်တွေ မှည့်ထားတာတွေရှိတော့ ဒါကို ‘ဦး’တို့ ‘မောင်’တို့‘ဒေါ်’တို့ထည့်ဖို့က တော်တော်ကို လွယ်သွားပြီ။ ကျနော်တို့ရဲ့တခြားတိုင်းရင်းသားနာမည်တွေကတော့ သူတို့နာ မည်အရင်းခံကိုက သူတို့ရဲ့ဘာသာ စကားနဲ့မှည့်ခေါ်တာမျိုးတွေရှိတော့ တော်တော်အခြေခိုင်နေပြီဆိုတဲ့သဘော တော့ရှိတယ်။

ဒါကြောင့် ကျနော်တို့ ကရင်ဘက်ကလည်း ဖြစ်နိုင်ရင် ကျနော်တို့ဘာသာစကားနဲ့ နာမည်မှည့်ခေါ်ကြဖို့ လိုတယ်။ အဲဒီလိုဆိုရင်တော့ ဥပမာ ကရင်ဘာသာစကားနဲ့ စထောင်ခလိန်၊ မန်းထောင်ခလိန် လို့စသည် အားဖြင့် မှည့်လိုက်ရင် မောင်ထောင်ခလိန်တို့ဘာတို့ဆိုတာ ဘယ်သူမှမခေါ်တော့ဘူး။ အဲဒါကြောင့် ရှေ့ဆောင် နာမည်ဟာ အင်မတန်မှ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ဒါက ကိုယ့်အမျိုးသား၊ ကိုယ့်လူမျိုး တို့ရဲ့ အမျိုးသားရေးလက္ခဏာကို ဖော်ပြခြင်းပဲဖြစ်တယ်။ ဒါပေမယ့်လို့ အများစုဟာ အဲဒီလိုကိစ္စတွေအပေါ်မှာ သိပ်ပြီးခံစားမှုမရှိကြဘူး။ မိမိအသိ အမြင်တွေကို ဖွင့်ထားသူတွေသာ ဒါမျိုးတွေကို နားလည်သဘောပေါက်ကြတာ တွေ့နေရတယ်။

ကျနော်တို့ဆီမှာတော့ ဟိုးအရင်ကတည်းက ကရင်လူမျိုးတွေမှာ ဦးတို့မောင်တို့ဒေါ်တို့ထည့်တာ တွေရှိခဲ့တယ်။ နောက်ပြီး စစ်အုပ်ချုပ်ရေးကာလအတွင်း နှစ်ရှည်လများနေလာခဲ့ကြရတော့ တစ်လမ်းသွားပဲလေ။ Top Down (အထက်အအောက်) ပဲသွားတော့ ကျနော်တို့ဖြစ်ခဲ့တာတွေကို ဘာမှလုပ်လို့ပြောလို့မရဘူး။ ဒါကလည်း နိုင်ငံတော်ကို အုပ်ချုပ်တဲ့ ယန္ထရားတစ်ခုက ကျနော်တို့ကို ချည်နှောင်ထားခဲ့ကြတာကိုး။ ဒါပေမယ့်အခုလို ပွင့်လင်းမှုလေးရှိလာတဲ့ ဒီမိုကရေစီအစိုးရ ခေတ်လေးမှာ ဒါလေးဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတစ်ခုကို ဖော်ပြခွင့်ရရှိလာခြင်းလည်းဖြစ်တယ်။ ဒီလိုရရှိလာတဲ့အခွင့်အရေးလေးကို အသုံးချတတ်ဖို့လိုတယ်လို့လည်း ပြောချင်ပါတယ်။ ဒါကိုလွယ်လွယ်ကူကူပေါ့ပေါ့တန်တန်ပဲ သဘောထား လိုက်ကြရင် ကိုယ့်အမျိုးသားရေးလက္ခဏာတွေကို ဖော်ဆောင် ထိန်းသိမ်းတဲ့နေရာမှာ ပျက်ကွက်တဲ့ သူတစ်ယောက်ဖြစ်သွားမယ်။

နောက်ပြီး ကျနော်ထင်တာတော့ ဒီလိုတိုင်းရင်းသားရှေ့ဆောင်အမည်နာမတွေ ထည့်သွင်းဖို့ ညွှန်တာမျိုးက ဒီတစ်နှစ်စာအတွက်မဟုတ်ဘဲ အစဉ်အဆက်သွားမယ့်ညွှန်ကြားချက်တွေ ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါ တယ်။ ဒီလိုမျိုးညွှန်ကြားစာတွေ ထွက်တော့လည်း ကျနော်တို့ စာပေယဉ်ကျေးမှု ကော်မတီက သက်ဆိုင်ရာ မြို့နယ် စာယဉ်တွေဆီမှာ စာပို့ပြီး ဒါဟာကျနော်တို့အတွက် အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ အဲဒါကြောင့် ကျောင်းအပ်ချိန် မှာ ကိုယ့်ကလေးတွေကို ကရင်တွေရဲ့ရှေ့ဆောင်အမည်နာမတွေထည့်ဖို့ကို သက်ဆိုင်ရာကော်မတီတွေကလည်း ပြန်ပြီး အသိပေးနှိုးဆော်တာမျိုးတွေ လုပ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုညွှန်ကြားစာတွေ ထွက်လာတာကို မသိသေးတဲ့ လူတွေ လည်း အများကြီးရှိနေသေးတယ်။ တစ်ချို့ဆို မြို့နယ်ပညာရေးမှူးရုံးတောင် မရောက်သေးဘူး ဘာညာကြား နေရတာတွေ လည်းရှိတယ်။ အဲဒါကြောင့် နည်းလမ်းပေါင်းစုံနဲ့ဖော်ပြပေး၊ အသိပညာပေးနိုင်မှ လူထုတွေဆီရောက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ကရင်တိုင်းရင်းသား စာပေသင်ကြားမှုအခြေအနေလေး သိပါရစေ။

ဖြေ။   ။တိုင်းရင်းသားစာပေကို အစိုးရကျောင်းတွေမှ သင်ကြားနိုင်ဖို့က ၂၀၁၃-၂၀၁၄ ကနေစတယ်။ အဲဒီက နေစပြီး တော့ တဖြည်းဖြည်းနဲ့တော့တက်လာတယ်။ အဲဒီတုန်းကလည်း သင်ကြားခဲ့တာက ပိုးရော၊ စကောရောက သင်ရိုးအ ဟောင်းတွေဖြစ်ကြတယ်။ အဲလိုသင်လာခဲ့ရင်းကနေ ပြီးခဲ့တဲ့နှစ်က သင်ရိုးသစ် Grade 1 ပေါ့။ Grade 1 မထွက်ခင်မှ KG ဆိုတာ တစ်ခုထွက်တယ်။ ပိုးရောစကော ရောပေါ့။ နောက်တော့ Grade 1 ကို သင်ရိုးပြုစုရေးအဖွဲ့က ပိုးရော၊ စကောရော သင်ရိုးပြုစုတယ်။ စာအုပ်တွေပုံနှိပ်ထုတ်ဝေတယ်။ အဲဒါနဲ့ပဲသင်ခဲ့ကြတယ် တစ်နှစ်ပြီးသွားပြီပေါ့။ အခုဆို Grade 2 ကိုလည်း ဒီစာသင်နှစ်ကျောင်းတွေမှာ သင်ကြားနိုင်ဖို့ ပြုစုတယ်။ ဆရာဖြစ်သင်တန်းတွေပေးတယ်ပေါ့။

အဲဒီတော့ပြောချင်တာက တစ်နှစ်ထက်တစ်နှစ်စာသင်အရေအတွက်ကများလာတယ်။ အခုဆို ဧရာဝတီတိုင်း တစ်တိုင်းလုံးမှာ ကရင်စာသင်ကြားနိုင်တဲ့ကျောင်းပေါင်းက ပိုးကရင် ၁,၀၄၈ ကျောင်း၊ စကောကရင် ၆၇၆ ကျောင်းပေါ့။ စုစုပေါင်း ၁,၇၂၄ ကျောင်းဖြစ်ပါတယ်။ ကရင်ဆရာ၊ ဆရာမ(LT) အနေနဲ့ကတော့ ပိုးကရင် ၇၀၁ ဦးနဲ့ စကောကရင် ၅၉၆ စုစုပေါင်း ၁,၂၉၇ ဦးရှိပါတယ်။ (TA) ဆရာ၊ ဆရာမအနေနဲ့ကတော့ ပိုးကရင် ၁ ,၁၉၆ နဲ့ စကောကရင် ၈၀၀ ဖြစ်ပြီး စုစုပေါင်း ၁,၉၉၆ ဦးရှိပါတယ်။ ကရင်စာပေသင်ယူသူ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ကတော့ ပိုးကရင် ၈၇,၆၇၁ ဦးနဲ့ စကောကရင် ၅၅,၂၀၆ ဦး စုစုပေါင်း ကျောင်းသူကျောင်းသားအရေအတွက်က ၁၄၂,၈၇၇ ဦးဖြစ်ပါတယ်။ အဲဒါကတော့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ်လုံးပေါ့။

မေး။ ။ တိုင်းရင်းသားစာပေသင်ကြားရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရတွေ ဌာနဆိုင်ရာတွေရဲ့ပူးပေါင်းလုပ်ဆောင်မှုကရော ဘယ်လိုရှိပါလဲ။

ဖြေ။  ။ ဒီမှာကျတော့ တိုင်းရင်းသားစာပေယဉ်ကျေးမှုပိုင်းဆိုင်ရာတွေမှာ ဥပမာ ကရင်ရေးရာဝန်ကြီးရှိတယ်။ တိုင်းရင်း သားရေးရာဦးစီးဌာနလည်းရှိတယ်။ ကရင်တိုင်းရင်းသားစာပေယဉ်ကျေးမှု ကော်မတီရုံးလည်းရှိတယ်။ အဲဒီအခါကျတော့ ကျနော်တို့ချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်ကြတယ်။ ဥပမာ သင်ရိုးသစ်ထွက်လာပြီဆိုရင်လည်း ပုံနှိပ်ထုတ်ဝေရေး ဘက် မှာ ကရင်ရေးရာဝန်ကြီးက အကုန်အကျခံပြီး ရိုက်နှိပ်ပေးတယ်။ ကျနော်မြင်တာကတော့ တိုင်းဒေသကြီး အစိုးရ ဘက်အနေနဲ့ကတော့ ဒီလိုနေရာမျိုးတွေမှာ ပံ့ပိုးမှုတွေအများကြီးရပါတယ်။

မေး။ ။ ဒီလိုတိုင်းရင်းသားစာပေသင်ကြာမှုတွေမှာ အဓိကပါဝင်တဲ့ သင်ရိုးပြဌာန်းစာအုပ်တွေ၊ သင်ကြားပေးတဲ့ဆရာ၊ ဆရာမတွေလုံလောက်မှုအခြေအနေရှိပါသလား။ ဘယ်လိုအခက်အခဲတွေ စိန်ခေါ်မှုတွေရှိ နေပါလဲ။

ဖြေ။   ။ သင်ရိုးပြဌာန်းစာအုပ်တွေကတော့ အခုထိလုံလောက်အောင်ရနေတဲ့အပိုင်းတော့ ရှိပါတယ်။ ဆရာ၊ ဆရာမ အနေအထားကတော့ အခုအတိုင်းဆို ကောင်းနေသေးတယ်။ တိုင်းတစ်ခုလုံးအနေအထားနဲ့ ပြောရရင်တော့ ကျောင်း အနေအထား၊ တစ်ဦးနဲ့တစ်ဦးအပေါ်မှာမူတည်ပြီး တိုင်းရင်းသားဘာသာသင်ကြားတဲ့ဆရာ၊ ဆရာမတွေအပေါ် ဖိနှိပ်တာ၊ ခွဲခြားတာ၊ အားမပေးတာ စသည်ဖြင့် ဖြစ်တတ်တဲ့သဘောလေးတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျနော်တို့ တိုင်းရင်း သားဘာသာသင်ကြားတဲ့ဆရာ၊ ဆရာမတွေအနေနဲ့က ကိုယ့်အမျိုးသားရေးစိတ်ဓာတ်တစ်ခုကိုပဲ အခြေခံပြီးဝင်ရောက် လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် ခုဏကပြောသလိုဖြစ်လာတဲ့ကိစ္စတွေအပေါ် ရင်ဆိုင်ဖြေရှင်းသွားကြတာချည်းဖြစ်ပါ တယ်။ ယေဘုယျအားဖြင့်ခြုံငုံပြောရမယ်ဆိုရင်တော့  ဆရာ၊ ဆရာမတည်မြဲမှု၊ အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမြင့်မားလာမှုတွေကို ကြည့်ခြင်းအားဖြင့်ကတော့ အနေအထားတစ်ခုအထိတော့ ကောင်းနေဆဲဖြစ်တယ်လို့ပြောလို့ရပါတယ်။

Most read this week

October 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂...
October 3, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅၀ ဦးခန့်မှာ စစ်ကောင်စီ၏...
October 2, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၆၀ ကျော်ကို...
October 1, 2024
ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်...