ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကာ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ဦးရေမှာလည်း တစ်သိန်း ခြောက်သောင်း လေးထောင်ကျော်အထိ ရှိလာပြီဖြစ်သည်။
တပ်မတော်က အပစ်အခတ်ရပ်စဲထားသည့် ဒေသများထဲတွင် ရခိုင်ဒေသ မပါဝင်သောကြောင့် တိုက်ပွဲများ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ပြင်းထန်နိုင်ခြေရှိပြီး စစ်ဘေးရှောင်ဦးရေလည်း ပိုမိုများပြားလာနိုင်သည်။
သေနတ်သံ၊ အမြောက်သံများကို ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များမှာ အမိုးမလုံ၊ အကာမပြည့်စုံသည့် တန်းလျားတဲအိမ်များ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင်နေရသည်။
လက်ရှိတွင် မိုးရွာသွန်းနေပြီဖြစ်သောကြောင့် အမိုးအကာမပြည့်စုံသည့် တန်းလျားတဲများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များအဖို့ ပို၍ဒုက္ခရောက်နေကြသည်။ မိုးရွာသည့် တစ်နေ့တာသည် သူတို့၏စားဝတ်နေရေးအပေါ် များစွာရိုက်ခတ်လာသည်။
မိုးလုံ၊ လေလုံသည့်နေရာတွင် ကောင်းစွာမနေရဘဲ မိုးရေတစ်စက်စက် စီးဆင်းနေသည့် တဲအိမ်များတွင် နွေးထွေးမှုမရှိဘဲ နေထိုင်နေရသည်။ ထို့အပြင် မိုးရွာသွန်းမှုကြောင့် ထမင်း၊ ဟင်း ချက်ပြုတ်စားသောက်ရန် နေရာမရှိသောကြောင့် ထမင်းမစားရဘဲ နေရသူများလည်း ရှိနေသည်။
ထို့အပြင် မကြာမီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ သို့ဆိုလျှင် စာသင်ကျောင်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် တစ်ခြားနေရာများသို့ ပြောင်းရွှေ့ရတော့မည်။ သို့သော် တခြားစစ်ဘေးရှောင်စခန်းများတွင်လည်း ခိုလှုံသူဦးရေ ပြည့်နေပြီဖြစ်သောကြောင့် ၎င်းတို့ကိုလက်ခံရန် အသင့်အနေအထားတွင် မရှိသည်ကို ကြားသိရသည်။
တစ်ခြားနေရာများတွင် စစ်ဘေးရှောင်စခန်းအသစ် တည်ဆောက်မည်ကိုလည်း အစိုးရကလက်မခံပေ။ အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ပေးသည်ဟု အကြောင်းပြချက်ဖြင့် ထိုအစီအစဉ်များကို ရပ်တန့်ခိုင်းသောကြောင့် စစ်ဘေးရှောင်စခန်းအသစ် တည်ဆောက်ရေးအစီအစဉ်မှာလည်း နှောင့်နှေးကြန့်ကြာနေသည်။
တိုက်ပွဲ၏ဆိုးကျိုးသည် ပြည်သူများအတွက် မသက်သာပေ။ ဒုက္ခဆင်းရဲများစွာခံစားရသည်။ သို့သော် တိုက်ပွဲကြောင့် ဒုက္ခရောက်သည့် ပြည်သူများကိုတော့ လျစ်လှူမရှုသင့်ပေ။ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များအပါအဝင် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီရန် လိုအပ်သည်။ ၎င်းတို့၏ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ဖေးမကူညီရမည်။
ပြီးခဲ့သည့်နှစ်မှစ၍ အစိုးရသည် စစ်ဘေးရှောင်များအတွက် ယာယီတဲအိမ်များ ဆောက်လုပ်ပေးသည်။ သို့သော် စစ်ဘေးရှောင်များထဲမှ အနည်းအကျဉ်းသာ အစိုးရကဆောက်လုပ်ပေးသည့် နေရာများတွင် နေထိုင်နေကြသည်။ ထို့သို့ မနေထိုင်လျှင် ပြီးသွားပြီလားဟု မေးစရာရှိသည်။ မပြီးဆုံးသေးပေ။ စစ်ဘေးရှောင်များနှင့် ညှိနှိုင်းကာ မည်သည့်နေရာတွင် မည်သည့်ပုံစံဖြင့် ယာယီအဆောက်အအုံများ ဆောက်လုပ်သင့်သည်ကို စဉ်းစားရမည်။ သို့မှသာလျှင် စစ်ဘေးရှောင်များ၏ လက်ရှိနေထိုင်ရေးအဆင်ပြေမည်ဖြစ်သည်။
လက်ရှိအချိန်ထိ စစ်ဘေးရှောင်များ၏ မိုးမကျမီ အမိုးအကာအောက်ရောက်ရှိရေး အိမ်မက်သည် မပြည်စုံသေးပေ။ အချို့စစ်ဘေးရှောင်စခန်းများ တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၁၈ နှစ်ကုန်းပိုင်းကပင် ဆောက်လုပ်ထားသောကြောင့် ယိုးယွင်းပျက်စီးနေပြီ ဖြစ်သည်။
ထို့ကြောင့်မိုးရာသီတွင် စစ်ဘေးရှောင်များ လုံလုံခြုံခြုံနေနိုင်ရေးအတွက် ယင်းစခန်းများကို ပြန်လည်ပြုပြင်ရန် လိုအပ်ပြီး အခြားအမိုးအကာမလုံခြုံသည့် စခန်းများကိုလည်း အမိုးအကာလုံခြုံမှုရှိအောင် ထောက်ပံ့ကူညီပေးရန် လိုအပ်သည်။ နေထိုင်စရာမရှိသော စစ်ဘေးရှောင်များအတွက်လည်း ယာယီတဲအိမ်များအမြန်ဆုံး ဆောက်လုပ်ပေးရန် အရေးကြီးနေသည်။
စစ်ဘေးရှောင်များ အမိုးအကာအောက်ရောက်ရှိရေးအတွက် အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး ကူညီရန်လိုအပ်ပြီး အစိုးရအနေဖြင့်လည်း ပြည်တွင်းပြည်ပကူညီရေးအဖွဲ့အစည်းများကို လွပ်လပ်စွာ ကူညီခွင့်ပေးရန်လိုအပ်ကြောင်း မိမိတို့ DMG က တိုက်တွန်းလိုက်ရသည်။