ပလက်ဝက AA အတွက် ဘယ်လောက်ထိ အရေးပါလဲ

ပလက်ဝက AA အတွက် ဘယ်လောက်ထိ အရေးပါလဲ
စစ်တွေ - ရန်ကုန် - ကျောက်တော် သွားနိုင်သည့် လမ်းညွန်ကို တွေ့ရစဉ် (ပုံ-ချစ်မင်းထွန်း)
စစ်တွေ - ရန်ကုန် - ကျောက်တော် သွားနိုင်သည့် လမ်းညွန်ကို တွေ့ရစဉ် (ပုံ-ချစ်မင်းထွန်း)

ချစ်မင်းထွန်း — မြန်မာနိုင်ငံသည် ပြည်တွင်းစစ် သံသရာထဲမှာ တစ်ဝဲလည်လည် ရှိနေခြင်းအနက် ယခု ပြည်တွင်းစစ်သည်ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်ဘက်မှာတင် မဟုတ်တော့ဘဲမြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဟု ပြောနေကြသည့် ချင်းပြည်နယ်သို့ပင် ရာက်ရှိလာခဲ့သည်။

ထိုသို့ ဖွံ့ဖြိုးမှု နိမ့်ကျနေသော ချင်းပြည်နယ်တွင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟု ရှိသည့်အနက်တောင်ပိုင်းဒေသ များသည် မြောက်ပိုင်းဒေသများထက် ပိုမို ဖွံ့ဖြိုးမှုနိမ့်ကျသလို လမ်းပန်ဆက်သွယ်ရေးပိုမိုခက်ခဲကြပါသည်။ ယခု ချင်းပြည်နယ်ထဲ တွင် ဖြစ်ပွားနေသော တိုက်ပွဲများကလည်း ချင်းပြည်နယ်၏တောင်ပိုင်းဒေသဖြစ်သည့် ပလက်ဝ မြို့နယ်ထဲမှာ ဖြစ်သည်။

ပလက်ဝမြို့နယ်သည် အရှေ့မှ အနောက်သို့ ၅၉.၂ မိုင်၊ တောင်မှမြောက်သို့ ၉၈.၄ မိုင်ရှိပြီး ၃၁၂၇.၀၄စတုရန်းမိုင် အကျယ်အဝန်း ရှိကာ လူဦးရေမှာ ၁၁၀၀၀၀ ကျော်ရှိကာ ရခိုင်တိုင်းရင်းသားများက ၁၉ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အရှေ့ဘက်တွင် ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ်တို့ တည်ရှိသလို တောင်ဘက်၌ ရခိုင်ပြည်နယ်ရှိကျောက်တော် မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့ တည်ရှိပြီး အနောက်ဘက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ရခိုင်ပြည်နယ် ရှိ ဘူးသီးတောင်မြို့နယ်တို့ရှိကာ မြောက်ဘက်တွင်အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်တို့ စသဖြင့် တည်ရှိ သည်။ထို့ကြောင့် သာမန် ပြည်သူ တစ်ဦး အနေဖြင့် ကြည့်လျှင် ပလက်ဝဒေသသည် အရေးပါ အရာရောက်သော ဒေသဟု မြင်မည် မဟုတ်ဘဲ စီးပွားရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ကြည့်ပါကအလွန် အရေးပါ အရာရောက်သော ဒေသတစ်ခု ဖြစ်ပြီး မဟာဗျူဟာကျသော ဒေသတစ်ခု ဖြစ်နေသည်။လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ အနေဖြင့်ဆိုလျှင် စစ်ရေးအရရော၊ ထောက်ပို့လမ်းကြောင်းအရရော၊ နယ်မြေခိုအောင်းရေး အရရော အလွန် မဟာဗျူဟာကျသော ဒေသဖြစ်နေသည်။



ပလက်ဝဒေသ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သား တစ်ဦးကို ၂၀၁၇  နိုဝင်ဘာက တွေ့ရစဉ် (ပုံ- ချစ်မင်းထွန်း)

ထို့ကြောင့် ရခိုင့်တပ်ဖွဲ့ AA သည် ပလက်ဝဒေသသို့ ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားနေပြီးချင်းတိုင်းရင်းသားများ၏ ပလက်ဝ ဒေသမှ ထွက်သွားရေး တောင်းဆိုမှုများကိုပင် မျက်ကွယ်ပြုကာလှုပ်ရှားနေရခြင်း ဖြစ်နိုင်သည်။အဆိုပါ မဟာဗျူဟာကျသော ပလက်ဝဒေသတွင် စစ်ရေးလှုပ်ရှားနေသော AA အတွက် ပလက်ဝသည် မည်မျှထိအရေးပါ အရာရောက် သလဲဆိုသည့်အပေါ် စဉ်းစား သုံးသပ်နေကြသလို၊ AA ပလက်ဝဒေသကို လက်လွှတ်ရန်ခဲယဉ်းနေခြင်းက ဘာကြောင့်လဲ ဆိုခြင်းအပေါ်လည်း အများက စိတ်ဝင်တစားစဉ်းစားသုံးသပ်နေကြသည်။

ပလက်ဝ၏ မဟာဗျူဟာကျမှုက ဘယ်လိုမျိုးလဲပလက်ဝသည် ဘင်္ဂလားဒေ့ရှ်နှင့် နီးကပ်သလို အိန္ဒိယဖြင့်လည်း နီးကပ်သည့်အတွက် လက်နက်ကိုင်အဖွဲ့ အနေဖြင့်ခိုအောင်း၍ ကောင်းသော နေရာဖြစ်သလို တိုက်ပွဲများ ဖြစ်ပွားပါကလည်း နောက်ကြောလုံပြီးလက်နက်ခဲယမ်း မီးကျောက် များ မှောင်ခိုလမ်းမှ သယ်ယူနိုင်သောကြောင့် ပထဝီ အနေအထားအရအားသာချက် ဖြစ်နေသည်။ပလက်ဝသည် AA အတွက် နောက်ကြောလုံစေသည့် အချက်မှာ ပလက်ဝဒေသအတွင်း အပါအဝင်အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသများတွင် ရခိုင်လူမျိုးများနေထိုင်လျက်ရှိခြင်းကြောင့် ဖြစ်သည်။

အလားတူ AA အတွက် လက်နက်မှောင်ခိုသယ်ယူခြင်း၊ တပ်ဖွဲ့အင်အား ဖြည့်တင်းခြင်း၊ ရန်သူ့ သတင်းအချက်အလတ် များ စုံစမ်းရ လွယ်ကူခြင်း(ရရှိခြင်း)၊ စားနပ်ရိက္ခာ အလွန်တကူ ရရှိခြင်း၊ရခိုင်ပြည်နယ်အတွင်းသို့ အနီးစပ်ဆုံး ထိုးဖောက် ဝင်ရောက်နိုင်မည့် တစ်ခုတည်းသောဒေသဖြစ်နေခြင်း စသည့် အခြေအနေများကလည်း AA အတွက် ပလက်ဝသည်မဟာဗျူဟာကျနေခြင်းကြောင့် လက်လွှတ်ရန် ခဲယဉ်းပေသည်။ဤသို့ အရေးပါသော ဒေသဖြစ်နေခြင်းကြောင့် AA သည် ပလက်ဝဒေသသို့အခက်အခဲများစွာကြားထဲကနေ ထိုးဖောက် ဝင်ရောက် လျက်ရှိနေပြီး ချင်းတိုင်းရင်းသားများကပလက်ဝဒေသကနေ ထွက်သွားရန် တောင်းဆိုနေခြင်းကိုပင် မျက် ကွယ် ပြုကာ ပလက်ဝကိုခြေကုပ်ယူနေရခြင်း ဖြစ်သည်။



ရခိုင်တပ်ဖွဲ့(AA)တပ်ဖွဲ့ဝင်များကို ၂၀၁၆ ဇူလိုင်က မိုင်ဂျာယန်ညီလာခံမှာ တွေ့ရစဉ် (ပုံ-ချစ်မင်းထွန်း)

လက်နက်ကိုင်အဖွဲ့များဖြင့် နီးစပ်သူတစ်ဦးက “ ပလက်ဝက သူတို့အတွက် အထိအခိုက် နည်းစေတယ်၊ ရိက္ခာပေါပေါ ရ တယ်၊ ၂၀၁၅ ကနေ ၂၀၂၀ အထိ ခိုအောင်းနိုင်နေတာပဲကြည့်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကသူတို့ အတွက် လုံခြုံတယ်၊ စစ်တကောင်းက သူတို့အတွက် အန္တရာယ်မရှိဘူး၊ ရခိုင်လူမျိုးတွေပဲဆိုတော့၊ရခိုင်လူမျိုးတွေ အကူအညီရတယ်၊ ဘင်္ဂလားဒေ့ရှ်က ပလက်ဝနယ်စပ်မှာရှိတယ်၊ သူတို့အတွက်နောက်ကြောလုံတယ်၊ တိုက်ခိုက် မခံရနိုင်ဘူး”ဟု ပြောသည်။

အကယ်၍ ပလက်ဝကို AA ထိန်းချုပ်နိုင်ပါက သို့မဟုတ် နေရာ အများအပြားမှာ လှုပ်ရှားနိုင်ပြီးခြေကုပ်စခန်းများ တည် ဆောက် ထားနိုင်ပါက ကုလားတန်မြစ်ကြောင်းကိုပါ ထိန်းချုပ်နိုင်မည်ဖြစ်ကာဘင်္ဂလားဒေ့ရှ် နယ်မြေကတဆင့် တပ် မတော် တပ်စွဲထားသော တောင်တန်းများကို ခက်ခက်ခဲခဲ ကျော်ဖြတ်၍ လက်နက်ခဲယမ်းများ သယ်ယူနေရခြင်းအစား ကုလားတန်မြစ်ကြောင်း တစ်လျှောက်စက်လှေများဖြင့် အလွယ်တကူ သယ်ယူနိုင်မည် ဖြစ်သည်။အလားတူ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ထိခိုက် ဒဏ်ရာရ လူနာ၊ တပ်အပြောင်းအရွှေ့ စသည့် လုပ်ငန်းစဉ်များအတွက်လည်း ထောက်ပို့ရေး လမ်းကြောင်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

The EasternLink သတင်းဌာနမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းရှိ ရွာများမှ ရခိုင်လူမျိုးအထမ်းသမား ၁၅၀ နီးပါးနှင့် AA တပ်သား ၅၀ ခန့်တို့သည် တောင်တန်းနယ်စပ်ဒေသများဖြစ်သည့် Gundumနှင့် Rejupara၊ Uhalapa lonh နှင့် Paglirara စသည်တို့ကို ဖြတ်ကာ လားကောင်များ အသုံးပြု၍ ချေမှုန်းရေး ရိုင်ဖယ်သေနတ် အလက် ၅၀၀၊ စက် သေနတ် အလက် ၃၀၊ ကျည်ဖူး ၇၀၀၀၀ နှင့် လက်ပစ်ဗုံးများကိုသယ်ကာ Matamuhuri-Snagua ဘေးမဲ့တောနှင့် Sing pa ရွာကို ပတ်သွားကာ ထန်ချီပြည်နယ် ဆန်ဒက်အနီးရှိ AA စခန်းသို့ မတ်လ ၂ ရက်တွင် ရောက်ရှိခဲ့သည်ဟု ဖော်ပြထား သည်။

ထို့နောက် AA သည် ဆန်ဒက်မှ မီဇိုရမ်-စစ်တကောင်း တောင်တန်းလမ်းကြောင်း-ချင်း(ပလက်ဝ)သုံးပွင့်ဆိုင်ဒေသရှိ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ Parva စင်္ကြိကိုဖြတ်၍ ရခိုင်ဘက်သို့ လက်နက်များမှောင်ခိုတင်သွင်းခဲ့သည်ဟု လည်း ဖော်ပြထားသည်။စစ်ရေးမဟာဗျူဟာကျွမ်းကျင်သူ တစ်ဦးက “ AA တွက လိုင်ဇာမှာ စတင်ပေါ်ပေါက်ခဲ့ပြီး လိုင်ဇာဟာ သူတို့ရည်မှန်းချက် ရခိုင်ပြည်နယ်ကို လက်လှမ်း မမှီပါဘူး၊ လက်လှမ်း မီရမယ့်အပြင် နယ်စပ်နဲ့လည်း နီးရမယ်၊ တစ်ဖက်နိုင်ငံ အကူအညီလည်း ရနိုင်ရမယ်ဆိုတဲ့ နေရာက ပလက်ဝဖြစ်လာတာပါပဲ”ဟု ပြောသည်။

AA သည် လိုင်ဇာမှာ အခြေစိုက်ကာ စစ်ရေးလှုပ်ရှားနေခြင်းကြောင့် အကယ်၍ တပ်မတော်က လိုင်ဇာကိုစစ်ရေးအရ တိုက်ခိုက်လာပါက လိုင်ဇာအား ထိန်းချုပ်ထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)အပါအဝင် ကချင်တိုင်းရင်းသားများ ထိခိုက်နစ်နာနိုင်သည့်အတွက် AA ကို လိုင်ဇာကနေ ထွက်သွားရန် ပြောဆိုသံ များထွက်နေသည်။

KIA ကလည်း AA ကို လိုင်ဇာမှ ထွက်ခွာသွားရန် တောင်းဆိုမှု တချို့ရှိနေသည်ဟုလည်း မြန်မာနိုင်ငံရှိလက်နက်ကိုင် အသိုင်းအဝိုင်းများကြားမှာ ပြောသံများ ထွက်နေရာ ၊ AA သည် လိုင်ဇာမှာ သူ၏ အနာဂတ်မသေချာနိုင်တော့သည့် အတွက် စစ်ရေးအရ မဟာဗျူဟာကျသော ပလက်ဝဒေသသို့ ထိုးဖောက်ကာအခြေစိုက်နိုင်ရေး ပိုမိုကြိုးပမ်းလာမှု များလည်း ရှိနေသည်။လက်ရှိတွင် AA ခေါင်းဆောင်များသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)၏ထိန်းချုပ်နယ်မြေ မြို့‌တော် ပန်းခမ်း(ပန်းဆန်း)မြို့သို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိပြီးအောက်ခြေ တပ်သားများကိုသာ လိုင်ဇာမှာ ထားထား ကြောင်းကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်(PCG)မှ ဦးလမိုင်ဂွန်ဂျာက ၂၀၁၉ ခုနှစ်၊ မတ်လတွင်သတင်းမီဒီယာများ သို့ ပြောထားသည်။

ပလက်ဝကို AA ထိန်းချုပ်နိုင်ပါက ဘယ်ဒေသတွေကိုပါ စိုးမိုးနိုင်ခြေရှိလဲပလက်ဝဒေသကို AA ထိန်းချုပ်သွားနိုင်ပါက ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ကျောက်တော်၊ မြောက် ဦး၊ ရသေ့တောင် စသည့် မြို့နယ်များကိုပါ စိုးမိုးသွားနိုင်သလို ထိုမြို့နယ်များမှတဆင့် ပုဏ္ဏကျွန်း၊ မင်းပြား၊ စစ်တွေ၊ မြေပုံ တို့ကို စိုးမိုးသွားနိုင်ပါသည်။

ထို့နောက် တပ်မတော်၏ ထောက်ပို့လမ်းကြောင်းများကို AA က ဖြတ်တောက် နိုင်မည် ဖြစ်သလိုသူ့(AA)အတွက် ထောက်ပို့လမ်းကြောင်း တစ်ခုအနေဖြင့်လည်း အသုံးပြုသွားနိုင်သည်။ထိုလမ်းကြောင်း တစ်ခုလုံးကို AA ထိန်းချုပ် နိုင်လျှင် ရခိုင်တပ်ဖွဲ့ ဆက်လက် ရပ်တည်နိုင်ရေးအပြင်ရခိုင်ပြည်နယ်ကိုပါ ထိန်းချုပ်သွားနိုင်သော အခွင့်အရေးများ ရရှိ သွားနိုင်ပါသည်။



ပလက်ဝက မဟာဗျူဟာ အချက်ကျပုံကို Google Map မှ ‌လေ့လာနိုင် (ပုံ-Google Map)

တစ်ခြား တစ်ဖက်တွင်လည်း AA သည် ပလက်ဝမြို့၏ အရှေ့ဘက်တွင် တည်ရှိနေသော ဆမီး၊ ကန်ပက်လက်၊ မင်းတပ်ဒေသများကို ထိန်းချုပ်နိုင်မည်ဖြစ်ကာ မကွေးတိုင်းဒေသကြီးကိုပါ ခြိမ်းခြောက်နိုင်သည့် အနေအထားရှိလာမည်။လက်ရှိတွင် AA သည် ပလက်ဝ၏ အရှေ့ဘက်တွင် တည်ရှိနေသော ဆမီး-ပလက်ဝ ၂ နာရီသွားရသောလမ်းကြောင်း၌ တစ်ဝက်ကို ထိန်းချုပ်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အလားတူ ပလက်ဝဒေသတွင် အိန္ဒိယ၏ “အရှေ့မျှော်မူဝါဒ”အရ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့်ရင်းနှီး မြှုပ်နှံကာ အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်း အကောင်အထည်ဖော်လျက်ရှိပြီး AA ၏စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲများ ကြောင့် စီမံကိန်းရပ်ထားရသော အခြေအနေများဖြင့်ရင်ဆိုင်နေရသည်။

ထိုကုလားတန်မြစ် စီမံကိန်းကို အစိုးရနှင့်တပ်မတော်က လုံခြုံရေး မပေးနိုင်ခြင်းနှင့်အကောင်အထည်ဖော်နိုင်ရေး မဆောင်ရွက် ပေးနိုင်ပါက အိန္ဒိယနှင့် မျက်နှာပျက်နိုင်သလို နှစ်နိုင်ငံချစ်ကြည်ရေးကိုပါ ထိခိုက်သွားနိုင်ခြေ ရှိသည့် အပေါ် စိုးရိမ်နေနိုင်သည်။

ထိုသို့သော မဟာဗျူဟာကျသည့် ပလက်ဝဒေသကို AA လက်ထဲ ရာက်သွားမည်ကို တပ်မတော် အနေဖြင့် စိုးရိမ်နေနိုင်သလို မရောက်ရှိရေး အတွက်လည်း AA ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်။

စစ်ရေးကျွမ်းကျင်သူ တစ်ဦးက “မြေပုံမှာ ကြည့်လိုက်ရင် ပလက်ဝဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီးဆုံးမြို့၊ BP 67 ကို ကြည့်ရင် အင်္ဂလိပ် အက္ခရာ U ပုံသဏ္ဍန်မျိုး ဖြစ်နေလို့ ဖြတ်သန်း ခိုအောင်းရာနေရာတွေနဲ့ အနီးဆုံး အနေအထားမှာ ရှိပါတယ်၊ အောက်ဘက်က ရခိုင်ပြည်နယ်မြို့တွေဖြစ်တဲ့ မောင်တော၊ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးတို့ကို လည်း စိုးမိုးနိုင်သလို ကုလားတန်မြစ်ရိုးကိုလည်းစိုးမိုးနိုင်တယ်၊ မကွေးတိုင်း၊ မင်းတပ်၊ ကန်ပက်လက်ကိုလည်း ခြိမ်းခြောက်နိုင်တယ်။ အထူးသဖြင့်တော့ဘင်္ဂလားဒေ့ရှ်နဲ့ အနီးဆုံး မြို့ဖြစ်တာကြောင့်ပါ”ဟု ပြောသည်။



ကုလားတန်မြစ်အတွင်း စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေသော ချင်းတိုင်းရင်းသားတို့ (ပုံ-ချစ်မင်းထွန်း)

တပ်မတော်သည် ယခင်က AA ကို အထင်သေးခဲ့သလို ပလက်ဝဒေသကို ထိုးဖောက် ဝင်ရောက်နိုင်သည့် မင်းတပ်၊မတူပီ၊ ပလက်ဝလမ်းကို ပိတ်ဆို့ထားရန်လည်း စိတ်ဝင်စားမှု အားနည်းခဲ့သည့်အတွက် လိုင်ဇာကနေ AA တပ်ဖွဲ့ဝင်များ အသွင်သဏ္ဍန် အမျိုးမျိုးယူကာ မင်းတပ်၊ မတူပီလမ်းကနေ ပလက်ဝဒေသသို့ စိမ့်ဝင်ကာ ထိုးဖောက် ရောက်ရှိလာခြင်းကို မတားနိုင်ဘဲ ဖြစ်ခဲ့သည်ဟု တချို့က ဆိုကြသည်။

လက်ရှိတွင် AA သည် မြန်မာ-တရုတ်နယ်စပ် လိုင်ဇာတွင်ရှိသော ထောင်နှင့်ချီသည့် တပ်ဖွဲ့ဝင်များကိုဘင်္ဂလားဒေ့ရှ် နယ်မြေ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ် အနှံ့အပြား၌ပို့ဆောင်ကာ ဖြန့်ကြက်နေရာ ယူထားကြောင်း၊ ဒေသတွင်း သတင်းရင်းမြစ်များ အပါအဝင်လက်နက်ကိုင် အသိုင်းအဝိုင်းများနှင့် တပ်မတော်အသိုင်းအဝိုင်းများ၏ ပြော စကားအရဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် တပ်မတော် ၂-၃ အခြေစိုက်ထားပြီး၊ ချင်းပြည်နယ် ပလက်ဝဒေသနှင့်ရခိုင်ပြည် နယ် အတွင်းမှာ တပ်မတော် ၄ အခြေစိုက်ထားကြောင်း သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ သူတို့ စခန်းမရှိဘူးဟု ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလက ဧရာဝတီနှင့် အင်တာဗျူးမှာ ငြင်းဆိုထားသည်။“ကျနော်တို့ ဘင်္ဂလားထဲမှာ စခန်းမရှိဘူး။ ကျနော်တို့ တစ်ခါတစ်လေ နယ်စပ်မှာ ရိက္ခာဖန်တီး တာတို့ ဘာတို့ရှိတာပေါ့ဗျာ။ ဒါက ညာဖို့ မလိုပါဘူး။ ဘယ်နိုင်ငံအစိုးရမှ သူ့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေမှာသူများရဲ့ သူပုန်တပ်ကို လက်ခံ ထားမှာ မဟုတ်ဘူးလေ။ ဒါကတော့ တစ်ခုမဟုတ် တစ်ခုရိုးချတဲ့ သဘောပါ”ဟု ၎င်းက ပြောထားသည်။

တချို့ကလည်း ဘင်္ဂလားဒေ့ရှ် နယ်မြေထဲတွင် AA စခန်းများ ရှိနေသည်ဟု AA ဘက်က ဝန်ခံလိုက်ရင်မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရကြား သံတမန်ရေးရာ ပြဿနာများပေါ်ပေါက်လာနိုင်သလို နှစ်နိုင်ငံစစ်မက်ဖြစ်ပွားမည်ကို တွက်မိ သည့်အတွက် သူတို့ ဘယ်တပ်မဟာ၊ ဘယ်တပ်ရင်းများ လှုပ်ရှားနေသည်ကိုထုတ်ဖော်မပြောခြင်း ဖြစ်နိုင်သည်ဟု သုံး သပ်ကြသည်။

ပလက်ဝသို့ AA ဘယ်အချိန်က ဝင်ရောက်နိုင်ခဲ့ခြေရှိလဲAA တပ်ဖွဲ့ဝင်များသည် ပလက်ဝဒေသသို့ အသွင်အမျိုးမျိုးဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် လမ်းကြောင်း ၊ ရန်ကုန်-ရခိုင်လမ်း ကြာင်း၊ မင်းတပ်-မတူပီ-ပလက်ဝလမ်းကြောင်း စသည့် လမ်းကြောင်းများမှတစ်ဆင့် ၂၀၁၁ ခုနှစ်လောက် ကတည်းက တစိမ့်စိမ့် ထိုးဖောက် ဝင်ရောက်လာခဲ့ကြောင်းပြောကြသည်။

သို့သော်လည်း ၎င်းတို့သည် စစ်ရေးလှုပ်ရှားမှုများကို ထိုအချိန်ကာလက သိုဝှက်ကာ လှုပ်ရှားလျက်ရှိပြီး ပေါ်ပေါ်ထင်ထင် မနေကြဘဲ လူနှင့် လက်နက်ခဲယမ်း မီးကျောက်များ စုဆောင်းမှုများကိုသာ အဓိကထား အာရုံစိုက်၍ နှစ်တန်ကြာ ဆောင်ရွက် နေခဲ့ပုံပေါ်သည်။

AA တပ်ဖွဲ့ဝင်များ ပလက်ဝဒေသ၌ စစ်ရေးလှုပ်ရှားနေကြောင်း သတင်းများ စတင် ပေါ်ပေါက်ခဲ့သည်ကတော့၂၀၁၅ ခုနှစ်၊ မတ်လမှာ တပ်မတော်နှင့် AA ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာမှ လူအများ သိလာကြသည်။

ထို့နောက် AA သည် ပလက်ဝဒေသမှာ ကျယ်ကျယ်ပြန့်ပြန့် စစ်ရေးလှုပ်ရှားနိုင်ရန် အပါအဝင် ရခိုင်ဒေသသို့ထိုးဖောက် ဝင်ရောက်နိုင်ရေးနှင့် ခြေကုပ်စခန်းများ တည်ဆောက်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်၊သြဂုတ် ၂၂ ရက်တွင် အိန္ဒိယ-မြန်မာ နယ်စပ်မှာ လှုပ်ရှားနေသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏လက်အောက်ခံ တပ်စခန်းများကို တိုက်ခိုက် သိမ်း ပိုက် ခဲ့သည်။

ALP ၏ တပ်စခန်းများကို AA က တိုက်ခိုက် သိမ်းပိုက်နိုင်ပြီးနောက် ခေါင်းဆောင်ပိုင်းများက 2020 ArakanDream (၂၀၂၀ ရက္ခိတလမ်းစဉ်)ဟု ကြွေးကြော်ကာ စစ်ရေးအရှိန်ကို မြှင့်တင်ခဲ့သလို ရခိုင်ပြည်သူများကိုစည်းရုံးလှုံဆော်ခဲ့သည်။

အဆိုပါ ရက္ခိတလမ်းစဉ်သည် ရခိုင်အများစု၏ အသဲနှလုံးကို ကိုင်လှုပ်နိုင်ခဲ့ခြင်းကြောင့် AA ကိုထောက်ခံမှုများ အရှိန်မြင့် လာသလို AA တပ်ဖွဲ့ထဲသို့ ဝင်ရောက်မှုများလည်း များပြားခဲ့ကြောင်းသိရသည်။

AA ပြောသည့် ရက္ခိတလမ်းစဉ်သည် ရခိုင်ပြည်သူများအတွက် အိပ်မက်ချိုလား၊ အိပ်မက်ခါးလား မသိရသေးပေမယ့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ် အနှံ့မှာ တပ်မတော်နှင့် AA ကြားယနေ့ချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး နရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည့်တိုက်ပွဲရှောင် ပြည်သူပေါင်း ၁၅၀၀၀၀ ကျော် ရှိနေသည်။

တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတွင် အရပ်သား ၃၂ ဦးသေဆုံးပြီး၄၀ ဝန်းကျင် ဒဏ်ရာရရှိကာ လူနေအိမ် အလုံး ၅၀ ‌ကျော် ပျက်စီး ဆုံးရှုံးခဲ့သလို ဒေသခံ ၉၀၀၀ ဝန်းကျင်နေရပ်စွန့်ခွာ တိုက်ပွဲရှောင်နေ ကြရသည်။အလားတူ ရခိုင်ပြည်နယ်အတွင်းမှာလည်း အရပ်သား ၁၀၀ ကျာ် သေဆုံးပြီး အများအပြားလည်ဒဏ်ရာရရှိကာ နေရပ် စွန့်ခွာ တိုက်ပွဲရှောင်နေကြရသူ ၁၅၀၀၀၀ ဝန်းကျင် ရှိနေကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...