တိုင်းရင်းသားအရေး မျက်ကွယ်ပြုသော် ရွှေပြည်တော် မျှော်တိုင်း ဝေးနေဦးမယ်

တိုင်းရင်းသားအရေး မျက်ကွယ်ပြုသော် ရွှေပြည်တော် မျှော်တိုင်း ဝေးနေဦးမယ်

မြန်မာ့ဆိုရိုးစကားတစ်ခုဖြစ်တဲ့ “အရေးကြီး၊ သွေးနီး” ဆိုတာ တိုင်းပြည်အရေး အမျိုးသားအရေးမှာ အရေးအကြောင်း ကြုံလာရင် လက်တွဲဖြေရှင်းရမယ်၊ အဲဒီ ဘုံရန်သူကို လက်တွဲတိုက်ခိုက်ရမယ်လို့  သဘောပေါက်ပါတယ်။

လက်ရှိ တိုင်းပြည်မှာ ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားနေတာဟာ တိုင်းပြည်အရေးအကြောင်း ဖြစ်တာကြောင့် အဲဒီ ကပ်ရောဂါကို လက်တွဲ ကာကွယ်တိုက်ဖျက်ရမယ့် အချိန် ဖြစ်ပါတယ်။ သို့ပေမယ့် လူထု တင်မြှောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောစကား တစ်ခွန်းက ဒို့တာ၀န် အရေးသုံးပါးထဲက တစ်ပါးဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေပါတယ်။

ဧပြီ ၂၂ ရက်နေ့ အစိုးရပိုင် သတင်းစာ ခေါင်းကြီးပိုင်းမှာ "Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ အစိုးရ၊ ပြည်သူ၊ စေတနာ့ဝန်ထမ်းများက အလေးထား ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်ကာ ရွပ်ရွပ်ချွံချွံ တာ၀န်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားအရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါတယ် "လို့ နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားထုတ်ပြန်ထားပါတယ်။

ဒီ ထုတ်ပြန်ချက်ဟာ တစ်ဘက်ကို နှိမ့်ချပြီး တစ်ဘက်ကို ဂုဏ်ပြုထားတာဟာ လက်ရှိ တိုင်းပြည်အနေအထားအရ တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့ ပြဿနာများကြား ကြား၀င်ဖြေရှင်းနိုင်မယ့် လူထုအစိုးရတစ်ရပ် ဖြစ်ဖို့ မျှော်လင့်ချက် ကင်းဝေးသွားစေခဲ့ပါတယ်။ တိုင်းရင်းသားအရေးဟာ ပြည်ထောင်စုအရေးပါ။ တိုင်းရင်းသားပြဿနာ မဖြေရှင်းနိုင်ရင် တိုင်းပြည်လည်း အေးချမ်းနိုင်မှာမဟုတ်ဘူး။ တိုင်းပြည် မငြိမ်းချမ်းရင် ပြည်ထောင်စုကြီးလည်း ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ပါဘူး။ လူနေမှုအဆင့်အတန်း နိမ့်ကျပြီး ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာကလည်း မျက်နှာငယ်နေဦးမှာပါပဲ။

ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်ရတာလဲ၊ ကချင်၊ ကရင်၊ မွန်၊ သျှမ်း အပါအ၀င် တခြားတိုင်းရင်းသားတွေ ဘာ့ကြောင့် လက်နက်ကိုင် နေတာလဲ ဆိုတာ မြန်မာ့ခေါင်းဆောင်တွေအနေနဲ့ စတင်ဖြစ်ပေါ်လာတဲ့ အရင်းဇစ်မြစ်ကို သွားပြီး အဖြေရှာရမှာပါ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ထုတ်ပြန်နေဖို့ အော်နေဖို့ မလိုဘဲ လက်တွေ့ကျတဲ့ အပြောအဆို၊ အလုပ်အကိုင်တွေ လုပ်ပြရမှာ ဖြစ်ပါတယ်။

ကျင်းပလာခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အမည်ရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ဘာကြောင့် တစ်ဆို့နေတာလဲ။ အားလုံး ပါ၀င်တဲ့ ညီလာခံကြီး ဖြစ်ဖို့ ဘာလို့ မလုပ်နိုင်တာလဲ။ ရခိုင် AA ၊ ပလောင်(တအာင်း) TNLA ၊ ကိုးကန့် MNDAA ကို ဘာကြောင့် ချန်ထားခဲ့သလဲ။ ချန်ထားခဲ့တဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာသလဲ။ ကျင်းပလာခဲ့တဲ့ ညီလာခံကြီးကလည်း တစ်ဘက်က တစ်ဘက်ကို လက်နက်ဖြုတ်သိမ်းဖို့၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ အပေါ်စီးကနေ ဖိအားပေးလို့ တစ်ဆို့လာခဲ့တယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။

လက်ရှိအနေအထားအရ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့ ၊ တိုင်းပြည်ကို လက်ဝါးကြီးအုပ် ခြယ်လှယ်လာတဲ့ တပ်မတော်ကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်တဲ့ တပ်မတော်သားတွေပါဆိုပြီး ဂုဏ်ပြုချီးမွမ်းတဲ့စကားဟာ အနာဂတ် အိပ်မက်လှလှလေးအတိုင်း ဖြစ်လာမယ့် တိုင်းပြည်အတွက် အခြေအနေမကောင်းပါဘူး။

လွတ်လပ်ရေးရယူပြီးချိန် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ အရှေ့တောင်အာရှမှာ စံပြတိုင်းပြည်၊ တခြားတိုင်းပြည်ကနေ မြန်မာပြည်ဆီကို ပညာလာသင်ချင်တဲ့ တိုင်းပြည်ကြီးပါ။ နှစ်ပေါင်း ၇၀ အကြာမှာတော့ မြန်မာနိုင်ငံသားတွေ ဘယ်ဘဝ ရောက်နေလဲ ဆိုတာ ဆင်ခြင်သတိထားသင့်ပါပြီ။

WHO ကားပစ်ခံရလို့ ကုလ ဝန်ထမ်းတစ်ဦး သေဆုံးသွားတဲ့ အမှုမှာ ရခိုင် လက်နက်ကိုင်တပ် AA ကို အကြမ်းဖက်အဖွဲ့၊ တပ်မတော်ကို ဂုဏ်ပြုတိုက်ပွဲ၀င်တဲ့ တပ်မတော်လို့ ချီးမြှင့်ရုံနဲ့ တိုင်းပြည်အရေး ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပိုမို ရှုပ်ထွေးလာစေတာပဲ ဖြစ်ပါတယ်။

လက်ရှိ တိုင်းပြည် မတည်မငြိမ်ဖြစ်မှု၊ ဆင်းရဲမွဲတေမှု၊ ကမ္ဘာ့အလယ်မှာ မြန်မာ မျက်နှာငယ်မှု ဖြစ်နေတာဟာ ပင်လုံကတိကို သွေဖယ်လို့ ဖြစ်လာခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားခေါင်းဆောင်တွေ ကျင်းပနေတဲ့ ပင်လုံညီလာခံကို အခွင့်ကောင်းယူပြီး ပြည်ထောင်စုကြီးကို ရအောင် တည်ဆောက်လာခဲ့တယ်။ ဗိုလ်ချုပ်ထက် ပညာအရည်အချင်းမြင့်တဲ့ ဘိလပ်ဘွဲ့ရ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်အောင်ဆန်းသမီးက လက်တွေ့ကျတဲ့ တိုင်းပြည်အရေးကို ဖြေရှင်းပေးလိမ့်မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက အထူး မျှော်လင့်ခဲ့ပါတယ်။

မျှော်လင့်ချက် အိတ်သွန်ဖာမှောက် သဲထဲရေရောက် ဘဝ လုံးလုံးမဖြစ်ခင်၊ ကိုဗစ် ၁၉ တိုက်ဖျက်ရေးကို အခွင့်အလမ်းအဖြစ် မှတ်ယူပြီး နိုင်ငံတဝှမ်းလုံး ဆင်နွှဲနေတဲ့ တိုက်ပွဲအားလုံး ရပ်တန့်ကြောင်း အစိုးရနဲ့ တပ်မတော်က အမြန်ဆုံး ပူးတွဲ ထုတ်ပြန်ပြီး ကိုဗစ်ကို လက်တွဲတိုက်ဖျက်ဖို့ လိုအပ်နေပါပြီ။ ကိုဗစ် ပြီးသွားရင်လည်း ရွေးကောက်ပွဲမှာ အနိုင်ရဖို့ပဲ ကြိုးစားနေတာထက် အားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ပြင်ဆင်ချမှတ်ထားသင့်ပါပြီ။

လူထုအသံ

သျှမ်းသံတော်ဆင့်အသံ

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...