နရသိန်ထဲက နရသိန်
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ရေးအတွက် ဟုမ်းစတေး(နေအိမ်၌နေခြင်း)ကို ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ လုပ်ခဲ့သော်လည်း ရောဂါတွေ့ရှိမှု ကျဆင်းမလာတာကြောင့် ဟုမ်းစတေးရက်ကို ဧပြီလကုန်တဲ့အထိ တိုးမြှင့်လိုက်တဲ့အခါ ကျွန်တော်တို့ပြည်သူတွေရဲ့အခက်အခဲတွေကို ထပ်တိုးလိုက်တာနဲ့ တူသော်လည်း လူကို သေစေနိုင်တဲ့ မမြင်ရတဲ့ရန်သူက ကိုယ့်ကို တိုက်ခိုက်မှာကိုတော့ ကာကွယ်ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ ဟုမ်းစတေးကာလမှာ အခက်အခဲတွေကတော့ အများကြီးပဲဖြစ်ပါတယ်။
အဲဒီထဲမှာတော့ စားရေးသောက်ရေးဟာ ပထမဖြစ်လေတော့ ကျွန်တော်တို့ ပြည်သူတွေကို နိုင်ငံတော်အစိုးရကလည်း အတတ်နိုင်ဆုံးထောက်ပံ့နေတာ တွေ့ရပါတယ်။ လူကိုသေစေနိုင်တဲ့ ကူးစက်ရောဂါကြောင့် မိမိအကျိုး မိသားစုအကျိုး နိုင်ငံအကျိုးအတွက် မရှိ ရှိတာလေးစားပြီး လတ်တလော ရောဂါမကူးစက်ဘဲ တစ်လလောက် အိမ်မှာ နေလိုက်ရင် မိမိတင်မက နိုင်ငံနဲ့အဝန်း အထိအခိုက် တော်တော်နည်းပါးသွားမှာ ဖြစ်ပါတယ်။
လူဆိုတာက ကိုယ့်အသက်ကို ရှာကြံမွေးကြတဲ့ သတ္တဝါပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ထောင်ကျတုန်းက တိုက်ပိတ်ဒဏ်ခံရတာကို သတိသွားရပါတယ်။ ထောင်ထဲမှာ ထောင်ကျနေပါတယ်ဆိုမှ ကျွန်တော်တို့ဟာ ပြစ်ဒဏ်ဖြစ်လို့ တိုက်ပိတ်ခံရတယ်ဆိုတော့ ဘယ်လောက်ကို ဒုက္ခရောက်ကြမလဲဆိုတာ တွေးသာကြည့်လိုက်ပါတော့။ အဖြစ်ကတော့ ဒီလို . . .
နဝတ၊ နအဖခေတ် သရက်ထောင်မှာ ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တဲ့နေရာမှာ ဖက်ဆစ်တွေ နာဇီတွေ လို ရက်စက်တဲ့ ထောင်ပိုင်အုပ်ချုပ်တာဆိုတော့ ကျွန်တော်တို့မှာ စာလည်းမဖတ်ရ၊ ထမင်းကျွေးတာတောင် မသေထမင်း မသေဟင်း။ အဲဒီတုန်းက ဖိုတာဝန်ကျက စစ်တပ်ကအသွင်ပြောင်းထားတဲ့ ဒုတပ်ကြပ် အောင်စိုး ဆိုတော့ မသေထမင်းဆိုတာ ထမင်းပေါင်းတဲ့အခါ ဆော်ဒါတွေထည့်ပြီး ပွအောင် အလေးချိန်စီးအောင် ပေါင်း၊ ထမင်းကို ချိန်ခွင်နဲ့ ချိန်ပြီး သတ်မှတ်သလောက်သာ အကျဉ်းသားတွေကိုကျွေး၊ မသေဟင်းဖြစ်တဲ့ ပဲဟင်းဆိုတာ ကလည်း ကုလားပဲကို ပြုတ်ပြီးချေ၊ ရေနွေးနဲ့ တင်မက ဆန်ပြုတ်နဲ့ပါရောပြုတ်ထားတာ ဆိုတော့ ပဲဟင်းက မပျစ်မကျဲလေးပေါ့၊ အဲဒီလို ရွှေဉာဏ်တော် စူးရောက်ပြီး အကျဉ်းသားတွေကို ကျွေးတာပါ။
အဲဒီလိုကာလမှာပဲ ကျွန်တော်တို့နေထိုင်ရာ တိုက်ခန်းတွေဖက်ကို အုတ်တံတိုင်အမြင့်ကြီး ကာရံထားတဲ့ တစ်ဖက်ခြမ်းကနေ ကိုဇော်မင်း(ခေါ်)အာကြီး(ခေါ်)ဒေဝဒတ်(ခေါ်) ကိုအာဒကေ ကမြန်မာပြည်မှာ တရားဝင်ထုတ်ထားတဲ့ နွယ်နီမဂ္ဂဇင်းအပိုင်းအစများ၊ တော်ဝင်မဂ္ဂဇင်းအပိုင်းအစများကို ကိုယ့်ရဲဘော်နိုင်ငံရေး အကျဉ်းသားအချင်းချင်း ဖတ်ဖို့ ထောင်ဆေးရုံအဆောင်ဖက်ကနေ အုတ်တံတိုင်းကိုကျော်ပြီး ပစ်ပေးပါတယ်။
ကျွန်တော်တို့ကလည်း အစောင့်ဝန်ထမ်း မသိအောင်လုပ်ပေမယ့် သူကလည်း တွေ့ဖြစ်အောင်ကို တွေ့သွားလို့ ကျွန်တော်တို့ ၁ တိုက် တစ်တိုက်လုံး ပြစ်ဒဏ်တိုက်ဖြစ်တဲ့ ၃ တိုက်ကို ကျွန်တော်တို့ရဲ့ ခြေတောက်ကိုလည်း သံခြေချင်းခတ်ပြီး အပို့ခံလိုက်ရပါတော့တယ်။ ဒီလိုအချိန် ရာသီဥတုကလည်း အညာနွေဆိုတော့ ။ သိတ်မကြာခင်မှာပဲ ကျွန်တော်တို့ကို စာအုပ်ပစ်ပေးတဲ့ ဆေးရုံဆောင်က ကိုဇော်မင်းရယ်(ယခု အမေရိက)၊ စာအုပ်ပိုင်ရှင် ကိုမင်းဇေယျ(ယခု ပြည်သူ့ပါတီ)ရယ် သံခြေချင်းတချွမ်းချွမ်းနဲ့ ပြစ်ဒဏ်တိုက်ကို ရောက်လာပါတော့တယ်။ ကျွန်တော်တို့ ၁ တိုက်က ကျွန်တော်ရယ်၊ ကိုမြင့်စိုး(အမေရိက)၊ ကိုလွင်ဦး(ခရမ်း)၊ ကိုမျိုးမြင့်၊ ကိုလှမျိုးနောင်(ကွယ်လွန်)ရယ်ဖြစ်ပြီး ဆေးရုံဆောင်က ကိုဇော်မင်းနဲ့ ကိုမင်းဇေယျတို့ အားလုံး ၇ ဦး တို့ဖြစ်ပါတယ်။
စဉ်းစားသာကြည့်ပါတော့ တိုက်ပိတ်တယ်ဆိုတာ ၈ ပေ ၊ ၁၀ ပေ တိုက်ခန်းလေးထဲ သံခြေချင်းခတ်ထားတဲ့ လူတစ်ယောက်ကို ထည့်ပြီး သံတံခါးကို သော့ခတ်ပိတ်ပစ်လိုက်တယ်။ အချင်း ၁ ပေ၊ အမြင့် ၈ လက်မ လောက်ရှိတဲ့အိုးထဲသွားရတဲ့ မိလ္လာကိုလည်း လာမချတော့ဘူး။ ရေလည်းမချိုးရတော့ဘူး။ ၃ ရက်လောက်ရှိတော့ မိလ္လာတွေကလည်းပြည့်နေပြီ၊ အနံ့တွေကလည်း မကောင်းတော့ဘူး၊ အစားကို လုံးဝလျှော့လိုက်ရတော့တယ်။ အကောင်တွေလည်း တက်လာပြီ ဆိုတော့။ တစ်ခန်းနဲ့တစ်ခန်း၊ တစ်ယောက်နဲ့ တစ်ယောက်ကလည်း မမြင်ရဆိုတော့ . . .
အဲဒီလို အစားဆင်းရဲ၊ အနေဆင်းရဲစွာနဲ့ ထောင်တွင်းပြစ်ဒဏ်ကာလ တစ်လတိတိကို နောက်လိုက်၊ ပြောင်လိုက်၊ ဟားလိုက်၊ ရယ်လိုက်နဲ့ ပြင်ပအကြောင်းလေ့လာရင်း ဖြစ်သန်းခဲ့ကြပါတယ်။ ယခု ကမ္ဘာမှာရော မြန်မာမှာပါဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါရဲ့ ထိရောက်တဲ့ ကာကွယ်ရေးနည်းတစ်ခုဖြစ်တဲ့ အိမ်၌နေထိုင်ခြင်း ဟုမ်းစတေး ဆိုတဲ့ ကိစ္စဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအဖို့ စာမဖွဲ့လောက်ဘူးလို့ ပြောချင်ပေမယ့် အသက်အန္တရယ်ကို ခြိမ်းခြောက်တာကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုးဟာ ကြောက်စရာ တော်တော်လေး ကောင်းနေတာ တွေ့ရပါတယ်။
မမြင်ရတဲ့ ကူးစက်ရောဂါပိုးဟာ တစ်ယောက်က တစ်ရာဆိုသလို ကူးစက်နိုင်တာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့နေရတာဆိုတော့၊ သတင်းတွေထဲမှာ ကြားနေရတာဆိုတော့ ကျွန်တော်တို့ အားလုံး နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာရတော့မှာ မဟုတ်ပေဘူး လား၊ ဒါမှ ကျွန်တော်တို့ အသက်ရှင်မှာလေ ။ ။
(ဆက်လက်ဖော်ပြပါမည်)
သန့်ဇော်(သန်လျင်)