တရုတ် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ဆီက ကိုဗစ်-၁၉ ကာကွယ်ရေး မြန်မာ ဘာရလိုက်သလဲ

တရုတ် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ဆီက ကိုဗစ်-၁၉ ကာကွယ်ရေး မြန်မာ ဘာရလိုက်သလဲ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး (ပုံ- MRTV)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး (ပုံ- MRTV)

ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့က ရောက်ရှိလာခဲ့သည်။ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် တစ်ပတ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြပြီးနောက်ဧပြီ ၂၁ ရက်တွင် ပြန်လည်ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

ရောက်ရှိလာကြသည့် ရက်ကစတင်ကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ တစ်ရက်လျှင် လူ ၁၀ ဦးကျော် ‌တွေ့ရှိလာခဲ့ရာကနေ ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်တွင် ကူးစက်ခံရသူ တိုးပွားနှုန်းသည် ၁၀ ဦးအောက်မှာသာ ရှိတော့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၁ ရက်နေ့နောက်ဆုံးထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၁ ဦးရှိပြီ သေဆုံးသူ ငါးဦးနှင့်ပြန်လည်ကောင်းမွန်လာသူ ကိုးဦး ရှိကြောင်း သိရ သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ဤဆေးဘက်ဆိုင်ရာ ပညာရှင်များမရောက်လာမီ အခြေအနေနှင့် ရောက်လာပြီး အခြေအနေများ မည်သို့ ပြောင်းလဲမှုများရှိသလဲဆိုသည့်အပေါ် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကို မဇ္ဈိမမှ သတင်းထောက် အုပ်မှူးဇော်က ဆက် သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ပထမဆုံး သိချင်တာကတော့ တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ မရောက်လာခင်နဲ့ ရောက်လာပြီး အခြေအနေ ဘာတွေ ထူးခြားမှု ရှိလဲဗျ။

ဖြေ ။ ။ သူတို့ကတော့ ဘယ်လိုပြောမလဲ၊ သူတို့ရဲ့အတွေ့အကြုံ၊ တရုတ်ပြည်ရဲ့အတွေ့အကြုံနဲ့ ဆက်စပ်တဲ့ အခါကျတော့ ကျွန်တော်တို့ဆီက ဟာတွေကို လေ့လာတယ်၊အကြံပြုတယ်၊ ကောင်းပါတယ်။ သူတို့အကြံပြုတဲ့ ဟာတွေက၊ တော်တော် များများကလည်း ဒီမှာ လုပ်ပြီးသားတွေ ဖြစ်နေတယ်ပေါ့။ ပြီးရင်လည်း ကျွန်တော်တို့ကို တော်တော်လေး ချီးကျူးသွားတယ်ပေါ့နော်၊ ဆရာတို့လုပ်တာ ကောင်းတယ်။ တော်တော် များများလည်း သူက နယ်ပယ်ပေါင်းစုံကို သွားတာပေါ့နော်။ ကုသရေးဘက်ကပညာရှင်တွေ၊ ဓာတ်ခွဲ စစ်ဆေးတဲ့ ပညာရှင် တွေ၊ ကူးစက်ရောဂါ နှိမ်နင်းတဲ့ ပညာရှင်တွေတော်တော်ပါတာပေါ့။ ပြီးတဲ့အခါကျ သူတို့ ပြန်သွားရင်လည်း ကျွန်တော်တို့ နဲ့ Video Call Conferenceအနေနဲ့ လင့်ခ်တွေ ချိတ်ဆက်သွားမယ်။ ကောင်းပါတယ် သူတို့လာတာကတော့။ တကယ်လည်း အထောက်အကူဖြစ်ပါတယ်။

မေး ။ ။ ကုသရေ၊ စစ်ဆေးရေး၊ ဆေးဘက်ပိုင်းတွေမှာရော ပြောင်းလဲသွားတာရှိလား။

ဖြေ ။ ။ အဲ့ဒီလိုကြီးတော့ ပြောင်းလဲ သွားတာကြီးတော့ မရှိဘူးခင်ဗျ။ ကျွန်တော်တို့လုပ်တဲ့ဟာက သူတို့ရဲ့ ပုံစံအတိုင်း ဖြစ်တယ်ပေါ့နော်။ သူတို့ အဲ့ဒါတော့ တော်တော်လေးပြောသွားတယ်ဗျ။ ဒါပေမယ့် ဒါလေးဒါလေး ထပ်လုပ်ရင်တော့ ပိုကောင်းတယ်ဆိုတော့ကျွန်တော်တို့အတွက်တော့ ပညာရှင်တွေနဲ့ ဆွေးနွေးပြီးတဲ့ အခါကျတော့ ထပ်ပြီးတော့ မွမ်းမံတဲ့အပိုင်းလေးပဲ ရှိပါတယ်။ အကြီးအကျယ် ပြောင်းလဲသွားတာမျိုး မရှိပါဘူး။

မေး ။ ။ သူတို့ဆီက ဘယ်လိုမျိုး မတူညီတဲ့ အတွေ့အကြုံတွေ ရခဲ့လဲ။

ဖြေ ။ ။ အတွေ့အကြုံက ဘယ်လိုပြောရမလဲ။ သူတို့အတွက် တိုင်းရင်းဆေး၊ တရုတ်တိုင်းရင်းဆေး သုံးတဲ့အပိုင်းကို ပြောတယ်။ ပြီးတော့ ကောင်းတဲ့အချက်က တိုင်းရင်းဆေးကိုဘယ်လို ဖော်စပ်ရတယ်ဆိုတာ ပြောတယ်။ သူတို့ သုတေသန လုပ်ထားတဲ့ဟာတွေ ကျွန်တော်တို့ကိုအကုန်ပေးတယ်။ပြီးတော့ ဆေးပညာပိုင်းဆိုင်ရာ ဆိုရင်လည်း အနောက်တိုင်းဆေးပေါ့၊ အဲ့ဒါနဲ့ တွဲဖက်ပြီးကုတယ်ပေါ့နော်။ အဲ့ဒါတွေ ကိုလည်း ကျွန်တော်တို့အတွေ့အကြုံ(experience)တွေဝေမျှတယ်။ ပြီးတော့ လေ့ကျင့်ခန်း လုပ်တာတို့ တရုတ်ပြည်ရဲ့ ကောင်းတဲ့ အတွေ့အကြုံတွေကိုတော်တော်ကြီး ဝေမျှသွားတယ်။

မေး ။ ။ ဒီဆေးပညာရှင်တွေ ဘယ်မှာ တာဝန်ထမ်းဆောင် ခဲ့ကြပါသလဲ။

ဖြေ ။ ။ ရန်ကုန်ရယ်၊ မန္တလေးရယ်၊ နေပြည်တော်ကိုလည်း သူတို့ ခဏဝင်လာတယ်။ ရန်ကုန်မှာတော့ သူတို့တော်တော်လေးသွားတယ်။ ဝေဘာဂီဆေးရုံသွားတယ်၊ သုတေသနလုပ်သွားတယ်၊ တခြားဆေးရုံတွေကို သွားတယ်၊ သူတို့ အကြံဉာဏ်တွေ ပြုတယ်။ ကျွန်တော်တို့ ပညာရှင်တွေနဲ့ဆွေးနွေးတယ်၊ တော်တော်ကောင်းပါတယ်။ ဘယ်လို ပြောမလဲဆိုတော့ အောင်မြင်ခဲ့တဲ့mission ပါပဲ။

မေး ။ ။ ဆေးအဖွဲ့ရဲ့ တစ်ပတ်တာ ကာလအတွင်း မြန်မာနိုင်ငံအတွက် ဘာတွေ အထောက်အကူ ဖြစ်ခဲ့လဲ။

ဖြေ ။ ။ နံပါတ်တစ်အချက်ကတော့ သူတို့က တရုတ်ပြည်ရဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ အနေအထားကို sharing လုပ်တယ်။ လုပ်ပြီးတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့ ဓာတ်ခွဲတဲ့ နေရာတို့၊ ကုသရေး နေရာတို့ကို ထဲထဲဝင်ဝင်လေ့လာတယ်။ အဲ့ဒီအခါကျတော့ ကျွန်တော်တို့လည်း သူတို့ဆီက ကောင်းမွန်တဲ့အကြံဉာဏ်တွေလည်းရတယ်။ နောက်ပြီး ကျွန်တော်တို့ လုပ်တာတွေကိုလည်း တော်တော်လေး ချီးကျူးတယ်၊ သိပ်ပြီးတော့ ပြောင်းလဲတာ မရှိဘူး။ ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းလေးက မှန်နေတဲ့အတွက်ဆက်သွားဖို့ပဲ တိုက်တွန်းထားတယ်။  ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...