စိုင်းထွန်းအောင်လွင် — အမျိုးသားလုံခြုံရေး ( National security)၊ လူသား လုံခြုံရေး Human security ကွဲပြားမှု အပြန်အလှန် ချိတ်ဆက်ရောထွေးယှက်တင် တည်ရှိနေမှုကို သဘောပေါက်ရင် မြန်မာအနေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ကုန်းတွင်းပိတ် နိုင်ငံငယ်လေး ဖြစ်တဲ့ လာအိုကို လိုက်မှီဖို့လမ်းစ တွေ့လာပါလိမ့်မယ်။
ဒီလို ဘာကြောင့်ပြောရသလဲဆိုရင် လတ်တလော ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကာလမှာ ကြုံနေရတဲ့ အစိုးရ နဲ့ စစ်တပ် တို့ရဲ့ လုံခြုံရေး ဆိုင်ရာ အတွေးအခေါ်တွေ အယူအဆကိုင်စွဲမှု လုပ်ထုံးလုပ်နည်းတွေကြောင့်ဖြစ်ပါတယ်။
ဒီလိုပြောလို့လည်း မြန်မာနိုင်ငံမှာလ က်ရှိ ဗဟိုပါဝါ ကိုင်ထားသူ နှစ်စုဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး မလုပ်ဘူးဆိုတာမျိုးတော့ မသက်ရောက်စေရပါ။
ဒါပေမယ့် နိုင်ငံတော်ရဲ့ ဝန်ဆောင်မှု ဆိုင်ရာ လက်တံ ဖြန့်ကျက်နိုင်မှုနဲ့ အချုပ်အခြာအာဏာ ဖြန့်ကျက်နိုင်မှု အားနည်းနေချိန်မှာ Non-States နဲ့ Para States အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မေ့ထားကြပြီး လုပ်နေကြတာကြောင့်ဖြစ်ပါတယ်။
( က ) အမျိုးသား နဲ့ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ခေတ်သစ်ခေတ်ဟောင်း ဖွင့်ဆိုချက်
ခေတ်သစ် အမျိုးသားလုံခြုံရေး National Security ကိုကြည့်ရင် စစ်ဘက်ရေးရာ လုံခြုံရေး သက်သက်မဟုတ်ပါ။ ဒါ့အပြင် နိုင်ငံတော်လုံံခြုံရေးနှင့် စစ်ဘက်ရေးရာလုံခြုံရေး နှစ်ရပ်တည်းနဲ့လည်း မလုံလောက်ပါ။
အမျိုးသား လုံခြုံရေးမှာ အမျိုးသား အကျိုးစီးပွားနဲ့လည်း ဆက်စပ်ပါတယ်။
(၁) မိမိပိုင်တဲ့ နယ်နိမိတ်ကာကွယ်ရေး
(၂) နိုင်ငံသားများ လုံခြုံမှုအတွက် ကာကွယ်ရေး
(၃) အချုပ်အခြာအာဏာ စိုးမိုးမှုရှိစေရေး
(၄) စီးပွားရေး အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး
(၅) ပထဝီနိုင်ငံရေးအကျိုးစီးပွားမြှင့်တင်မှု
(၆) ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး ၊ ဘာသာရေးတန်ဖိုး စတဲ့ အချက်တွေဟာ ခေတ်သစ် အမျိုးသားနိုင်ငံတော်ဆိုင်ရာ အမျိုးသားအကျိုးစီးပွားဆိုင်ရာ ဖွင့်ဆိုမှုမှာ ပါဝင်တဲ့အချက်တွေ ဖြစ်ပါတယ်။
ခေတ်သစ် အမျိုးသားလုံခြုံရေး အယူအဆမှာ စစ်ပွဲတွေ ၊ စစ်အင်အားတွေတင်မကဘဲ သတ္တတွင်း ၊ စက်မှု လက်မှု လုပ်ငန်းများ ၊ ကျန်းမာရေး ၊ ပညာရေး ၊ သုတေသနတွေအထိ ကျယ်ပြန့်ပါတယ်။
စစ်အေးခတ်မှာ စစ်ရေးအသားပေးတဲ့ စစ်အင်အားရှိမှ အမျိုးသား လုံခြုံရေးဆိုတဲ့ အမြင်တွေရှိပေမယ့် အဲဒီအမြင်တခုတည်းဟာ အလုပ်မဖြစ်လှဘဲ ဘေးထွက်ဆိုးကျိုးများလှတာမို့ နိုင်ငံအများစုဟာ အဲဒီအမြင်ကို ဒီဘက်ခေတ်ကို သယ်မလာကြတော့ပါ။
ဒေါက်တာ တင်မောင်မောင်သန်းရဲ့ စာတမ်းတခုမှာဆိုရင် ၈ လေးလုံမတိုင်ခင် မြန်မာပြည်ရဲ့ လုံခြုံရေးအမြင်မှာ ပြည်တွင်းစစ်ကသာ အဓိကလွှမ်းမိုးနေပြီး စစ်အစိုးရခေတ်မှာတော့ နိုင်ငံတော်အခြေပြုအမျိုးသားလုံခြုံရေးသဘောဆောင်လာပေမယ့် ပြည်သူတွေဟာ လူသားလုံခြုံရေး ( Human Security ) ခြိမ်းခြောက်မှုကို အများဆုံးခံခဲ့ရကာ တခြားလုံခြုံရေး ခြိမ်းခြောက်မှုတွေလည်း ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
၁၉၉၄ ခုနှစ် ကုလသမဂ္ဂရဲ့ လုံခြုံရေးအယူအဆမှာဆိုရင် လူသားလုံခြုံရေးက အဓိကကျခဲ့သလို ၊ လုံခြုံရေးဖွံ့ဖြိုးတိုးတက်ရေး ၊ လူ့အခွင့်အရေးနှင့် လူသားလုံခြုံရေးကို တိုက်ရိုက်ချိတ်ဆက် ဖွင့်ဆိုလာတာတွေ့ရပါတယ်။
( ၁) စစ်ဘက်လုံခြုံရေး
(၂) စီးပွားရေး လုံခြုံမှု
(၃) အရင်းအမြစ်လုံခြုံရေး
(၄) နယ်စပ်ဒေသလုံခြုံရေး
(၅) လူဦးရေလုံခြုံရေး
(၆) သဘာဝဘေးအန္တရယ် ကပ်ဘေးလုံခြုံရေး
(၇) စွမ်းအင်လုံခြုံမှု
(၈) ပထဝီ မဟာဗျူဟာ လုံခြုံရေး
(၉) သတင်းအချက်အလက်လုံခြုံရေး
(၁၀) အစားအစာ လုံခြုံရေး
(၁၁) ကျန်းမာရေးလုံခြုံရေး
(၁၂) လူ့အဖွဲ့အစည်း လုံခြုံရေး
(၁၃) သဘာဝပတ်ဝန်းကျင် လုံခြုံရေး
(၁၄) ဆိုက်ဘာလုံခြုံရေး
(၁၅) မျိုးဗီဇလုံခြုံရေး
စတဲ့ ကဏ္ဍတွေက ခေတ်သစ် အမျိုးသားလုံခြုံရေးမှာ အဓိကကျတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါသတဲ့။
စစ်ရေးတခုပဲ အားပြုပြီး ကျန်တာတွေ ဂရုမစိုက်ရင် နလံ မထူတဲ့ လူ့အဖွဲ့အစည်းဖြစ်နေမှာ မလွှဲဧကန်ပါပဲ။
တကောင်းအင်စတီကျု့က ထုတ်ဝေတဲ့ လုံခြုံရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာအုပ်ထဲမှာတော့-
လူသားလုံခြုံရေးဟာ နိုင်ငံတော်လုံခြုံရေးမှာ မပါမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အကြောင်းနဲ့ လူသား လုံခြုံရေးစဉ်းစားရာမှာ-
(၁) ကြောက်ရွံ့မှုမှ လွတ်ကင်းရေး
( ၂) လိုအပ်ချက်မပြည့်စုံမှုမှ ကင်းဝေးရေး ၊
(၃) လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ရေး အချက် ၃ ချက်ကို ထည့်စဉ်းစားလေ့ရှိတယ်လို့ဆိုတယ်။
(ခ) ဘာကြောင့် လူသား လုံခြုံရေး
မျက်မှောက်ခေတ်ကာလမှာ လူသားတဦးချင်းစီ၏ လုံခြုံရေးကို နိုင်ငံတော် State ကို သက်သက်အားကိုးလို့မရပါဘူး။ တစ်ခါတစ်ခါမှာ နိုင်ငံတော် ကိုယ်တိုင်က လူသားလုံခြုံရေးကို ခြိမ်းခြောက်နေတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။
လူသားလုံခြုံရေး အခြေခံ သုံးချက်ကို ဖြန့်ခွဲ ကြည့်ရာမှာ
(၁ ) ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး--- လူတဦးချင်းစီနဲ့ လူ့အသိုက်အမြုံရဲ့ အခြေခံ လုံခြုံရေးကိုဆိုလို
(၂) စီးပွားရေးဆိုင်ရာ လုံခြုံရေး-- လူသားများအနေဖြင့် အခြေခံ လစာကို ရရှိရှာဖွေနိုင်သည့် အခွင့်အရေး
(၃)အစားအစာ လုံခြုံရေး-- လူသားများအနေဖြင့် အခြေခံ အစားအစာများ ရရှိရန် ရုပ်ပိုင်းဆိုင်ရာအရကော ၊ စီးပွားရေးအရပါ လက်လှမ်းမီသုံးစွဲနိုင်စေရေး
(၄) ကျန်းမာရေးဆိုင်ရာ လုံခြုံရေး-- လူသားတဦးချင်းစီရဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိခံစားနိုင်ရမှာဖြစ်ပြီး ရောဂါပိုးမွှားများ ၊ နာတာရှည် ရောဂါများတားဆီးနိုင်သည့် အခြေခံ လိုအပ်ချက်များနှင့် သန့်ရှင်းသောရေတို့ကိုလည်း ခံစားနိုင်ရေး
(၅) သဘာ၀ ပတ်ဝန်းကျင်လုံခြုံရေး-- လူသားရဲ့ အသက်ရှင်နေထိုင်ရေးကို ထိခိုက်စေနိုင်တဲ့ မိုးခေါင်ခြင်း ၊ မုန်တိုင်းတိုက်ခြင်း ၊ ရေကြီးမှု ၊ လေထုညစ်ညမ်းခြင်း အစရှိသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမှတဆင့် ဘေးအန္တရယ်များ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ပေးခြင်း စသဖြင့်ပင်။
လူတစ်ဦးချင်းစီ၏ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်ပါဝင်သော နိုင်ငံရေးဆိုင်ရာ လုံခြုံမှု ၊ ပုဂ္ဂလိက လုံခြုံရေးနှင့် လူ့အသိုက်အမြုံအတွင်း ဘာသာရေး ၊ လူမျိုးရေး အမှတ်သရုပ်လက္ခဏာအပေါ် အခြေခံတဲ့ ပဋိပက္ခများ ကင်းလွတ်နေပြီး လွတ်လွတ်လပ်လပ် အေးချမ်းစွာနေနိုင်ရေးပါဝင်တဲ့ လူ့အသိုက်အမြုံလုံခြုံရေးတို့မှာ ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်ထားသော လူသား လုံခြုံရေးဆိုင်ရာ ကဏ္ဍ ၇ ရပ်တွင် ပါဝင်တာပါ။
လူသားလုံခြုံရေးမှာ ပြည်သူကို ဗဟိုပြုပါတယ်။ နိုင်ငံတော် လုံခြုံရေးသက်သက်ဆိုလျှင် အခြားထောက်ရှုစဉ်းစားချက်များ ကျယ်ပြန့်တဲ့ စဉ်းစားချက်တွေမပါရင် နိုင်ငံတော်ရဲ့ စစ်ရေး ၊ စီးပွားရေးလောက်သာ တာသွားဦးတည်နိုင်တာကြောင့်ပါ။ ဥပမာအားဖြင့် စီးပွားရေးလုံခြုံမှုခြင်းတူရင်တောင် လူသားလုံခြုံရေးမှာ လူတစ်ဦးချင်းစီရဲ့ လစာဝင်ငွေရရှိမှု စီးပွားရေးအရ ခြိမ်းခြောက်ခံရမှုကို အခြေခံပြီး နိုင်ငံတော် လုံခြုံရေးမှာ ရန်ဖန်ရံခါတွင် လူတစ်ဦးချင်းစီ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားမှု အားနည်းတာလည်း နိုင်ငံတစ်ချို့မှာ တွေ့ရတတ်ပါတယ်။
ခြားနားချက်ကို ပြောရမယ်ဆိုလျှင် လူသားလုံခြုံရေးမှာ ပြည်သူတစ်ဦးချင်းစီကော ၎င်းရဲ့ ဘေးပတ်ဝန်းကျင် ဘေးကင်းရေးနဲ့ လုံခြုံရေးကို ဆောင်ရွက်ရွက်ရာမှာ ပြည်သူဗဟိုပြု ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
(ဂ) ကိုဗစ်-၁၉ ကာလ လာအို နဲ့ မြန်မာ လုံခြုံရေး အဓိပ္ပာယ် ဖွင့်ဆို ကျင့်သုံးမှု နှိုင်းယှဉ်ချက်
ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ လာအိုဟာ မြန်မာနဲ့ နယ်စပ်ချင်းထိစပ်တဲ့ ကုန်းတွင်းပိတ်နိုင်ငံငယ်ဖြစ်သလို ထိုင်းကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများကြီးရှိတဲ့ နိုင်ငံပါ။ ရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ် ၁၉ ကာ ပြည်တော်ပြန်တာခြင်းလည်း အတူတူပါပဲ။
ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးနဲ့ ပတ်သက်တဲ့ လာအိုရဲ့ အမျိုးသား လုံခြုံရေး အယူအဆကိုကြည့်ရင်
(၁) နယ်စပ်ဒေသ လုံခြုံရေး
(၂) လူဦးရေ လုံခြုံရေး
(၃) ကပ်ဘေး အန္တရယ် လုံခြုံရေး
(၄) ကျန်းမာရေးလုံခြုံရေး
(၅) အစားအသောက် လုံခြုံရေး
(၆) လူ့အဖွဲ့အစည်းလုံခြုံရေး
(၇) အရင်းအမြစ် လုံခြုံရေး
(၈) စီးပွားရေး လုံခြုံမှု
(၉) စွမ်းအင်လုံခြုံမှု
တို့ကို အသုံးပြုခဲ့တာပါ။
နယ်စပ် အဝင်အထွက်တွေကို လုံအောင် ပိတ်လိုက်သလို ၊ ထိုင်းက ပြန်လာသူတွေကိုလည်း စစ်ကားတွေနဲ့ သယ်သွားပြီး အသင့်စီစဉ်ထားတဲ့ စာသင်ကျောင်းတွေက ကွာရန်တင်းစင်တာတွေမှာ ထားခဲ့ပါတယ်။
ကွန်မြူနစ်စနစ်ဟာ စုပေါင်းဆောင်ရွက်နိုင်စွမ်း အားကောင်းမှုပီပီ အစိုးရလက်အောက်က ဌာနတွေအချင်းချင်း ချိတ်ဆက်မှုအားက ထိုင်းကနေ ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားကိစ္စကတည်းက ထင်သာမြင်သာရှိခဲ့ပါတယ်။ မြန်မာမှာ လူတွေအများကြီး ဘယ်နားထားရမှန်းမသိဖြစ်နေချိန် လာအိုကတော့ မတူတဲ့ ဌာနတွေအကြား ပူးပေါင်းဆောင်ရွက်စွမ်း ကောင်းစွာ စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။
စင်တာကလူတွေအတွက် အစိုးရ ကျွေးမွေးတာဖြစ်ပြီး ဒီမြန်မာပြည်လို ကွာရန်တင်း စင်တာတွေအတွက် ကတိုက်ကရိုက် အလှူခံကျွေးတာမျိုးတွေ မဟုတ်ပါဘူး။ ဒါက လာအိုမိတ်ဆွေ သတင်းထောက်တွေဆီက မေးမြန်း သိရှိရတာပါ။
ကွန်မြူနစ်နိုင်ငံဖြစ်တဲ့အတွက် ဆန်၊ ဆီ၊ ဆား ၊ဆေးတို့ကတော့ ကိုဗစ် ၁၉ ကာလအတွင်းအထူးဖြန့်ဝေတာ မဟုတ်ဘဲ နဂို သမဝါယမဈေးနဲ့ သက်သာတဲ့ နှုန်းထားအတိုင်း ရရှိကြတာပါ။
အစိုးရဝန်ထမ်း လစာတွေ ကုမ္ပဏီတွေတော့ လစာဆက်ပေးနေကြတာဖြစ်ပါတယ်။
Lockdown ကိုလည်း စီးပွားရေးအရ အထိခံကာ လုပ်ခဲ့ပြီး လူ့အဖွဲ့အစည်း ကျန်းမာရေး တဦးချင်း ကျန်းမာရေးအတွက် ဦးစားပေးခဲ့ကာ ရဲ ၊ စစ်တပ်တို့က လုံခြုံရေး တာဝန်ယူခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံ့စီးပွားရေး အထိခံတယ်ဆိုပေမယ့် သူ့လူဦးရေ ၇.၅ သန်းနဲ့ယှဉ်ရင် အမြဲတမ်း ဒေါ်လာ တစ် ဘီလီယံ ကျော်လောက် အရန်ငွေရှိနေတဲ့လာအိုဟာ လူဦးရေ သန်း ၅၀ ကျော်မှာ ခန့်မှန်းခြေ အရန်ငွေ သုံးဘီလီယံကျော် လောက်သာ ကိုင်ထားနိုင်တဲ့ မြန်မာ ထက် လူဦးရေ အချိုးအစားခြင်းယှဉ်ရင် အရန်ငွေလက်ထဲ ပိုရှိနေတာပါ။ ရုတ်တရက်ကြည့်ရင် စီးပွားရေးအထိခံသလိုရှိပေမယ့် စီးပွားရေး နလံထအောင် လှုံ့ဆော်ကူညီငွေ Stimulus Package အစီအစဉ်ကိုတော့ အစောပိုင်းကတည်း အချက် ၁၃ ချက် နဲ့ အစိုးရက စတင်ကြေညာထားခဲ့တာပါ။
မြန်မာပြည်မှာလုပ်တဲ့ အခွန်အခတွေလျှော့ပေးတာတွေမျိုးလည်း လုပ်ပါတယ်။
အမေရိကန်လိုနိုင်ငံမျိုးမှာတော့ အလုပ်မလုပ်နိုင်သူတွေ ကို လစာပေးဖို့ ကုမ္ပဏီတွေအတွက် ငွေဝင်ကူဖို့ မိသားစုတွေကိုထောက်ပံ့ဖို့အတွက် နှစ် ထရီလီယံလောက် Stimulus Package အဖြစ် သုံးခဲ့ပါတယ်။
လူ့အခွင့်အရေးအရ နိုင်ငံရေးအရ လူတစ်ဦးချင်းစီရဲ့ လုံခြုံရေး ဆိုင်ရာ လွတ်လပ်မှုအရတော့ နည်းလွန်းတဲ့ အသွင်ဆောင်ခဲ့ပါတယ်။ ခရီးသွားလာခွင့်တွေ တင်းကြပ်တာက အစပါ။ ဒါပေမယ့် ဆွန်ခရမ်လို ရေသဘင်ပွဲ ပိတ်ရက်နဲ့ ရောချတာမျိုးတော့မဟုတ်ပါ။ ဧပြီ ၁ ရက်နေ့ကတည်းက စ Lockdown ခဲ့တာပါ။
ဒါပေမဲ့ ကျန်းမာရေး ကဏ္ဍ နဲ့ လူဦးရေ ဆိုင်ရာ လုံခြုံမှုကိုတော့ အထူးအလေးပေးခဲ့တဲ့ အသွင်ဆောင်ကာ လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးရှိလှတဲ့ အသက်တွေ အဆုံးအရှုံးမခံနိုင်တဲ့ သဘောဆောင်ပါတယ်။ ကြိုတင်ကာကွယ်ရေးအစီအမံလည်း နိုင်ငံငယ်ပေမယ့် မညံ့ခဲ့ပါ။
ဥပမာ လူ တစ်သန်းနှုန်းနဲ့ တွက်ရင် မြန်မာထက် ကိုဗစ် ၁၉ ရှိ ၊ မရှိ စစ်ဆေးနိုင်မှု ခုနှစ် ဆလောက် များပြားတာ ( မှတ်ချက် ဒါက ဧပြီလ ၈ ရက်နေ့အထိ စာရင်းတွေအရပါ ) လာအိုက လူ တစ်သန်းမှာ ၁၃၀ လောက် စစ်နိုင်ချိန် ၊ မြန်မာက လူ တစ်သန်းနှုန်းနဲ့ တွက်ရင် ၂၀ ဝန်းကျင်ပဲ စစ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လာအိုမှာလည်း ကွာရန်တင်း ၁၄ ရက်ပဲဆိုတဲ့ အယူအဆရှိခဲ့တာတွေ့ရပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အရင်းအမြစ် လုံခြုံရေးရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံငယ်ဖြစ်ပေမယ့် စစ်ဆေးစရာ Test kits တွေ စက်တွေ တတ်နိုင်သမျှ ကြိုစုထားတာလည်း တွေ့ရသလို အရင်းအမြစ် မပြုန်းတီးအောင်လည်း ထိန်းထားခဲ့နိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ Masks တို့ Hand gel တို့ ဈေးတက် ဖြန့်ဖြူးသူတွေကိုလည်း မတ်လလောက်ကတည်းက ဖမ်းဆီးအရေးယူတာတွေလုပ်ခဲ့ပြီး ဈေးမတက်အောင် ဈေးကွက်ထိန်းနိုင်ခဲ့ပါတယ်။
ဧပြီ ၁၂ ရက်နေ့အထိ ကိုဗစ် ၁၉ ကြောင့် လူသေဆုံးမှု မရှိသေးတာ စတာတွေဟာ ထင်သာမြင်သာတဲ့ ရလဒ်ဖြစ်ပါတယ်။
မြန်မာရဲ့ အစီအမံတွေကို အမျိုးသား လုံခြုံရေး ရှုထောင့်က ကြည့်မယ်ဆိုရင်
(၁) စစ်ဘက် လုံခြုံရေး ( ခေတ်ဟောင်း အယူအဆ )
(၂) အစားအစာလုံခြုံရေး
(၃) ကျန်းမာရေး ( အနည်းကျဉ်း ၊ ကြိုတင်ပြင်ဆင်မှု အားနည်း )
(၄) လူ့အဖွဲ့အစည်းလုံခြုံရေး
ဆိုတဲ့ အနေထားလောက်သာ တွေ့ရပါတယ်။
ကျန်းမာရေးအတွက် ထိုက်သင့်တဲ့ တုံ့ပြန်မှုတွေ လုပ်ပေမယ့် လာအိုမှာလို ကြိုတင်ပြင်ဆင်မှု ကာလကတည်းက အားကောင်းတာမျိုးမဟုတ်သလို ၊ ကုသထိန်းချုပ်ကာလမှာလည်း ပိုးရှိမရှိ စစ်ဆေးနိုင်စွမ်းကအစ လူတသန်းချင်း ယှာဉ်ရင်ကို မမှီတာပါ။
စစ်ရေးကိုထည့်ရတာဟာ ခေတ်သစ် လုံခြုံရေးအယူအဆအရတော့မဟုတ်ပါဘူး။ ခေတ်ဟောင်းအယူအဆဖြစ်တဲ့ စစ်ပါဝါ ကြီးစိုးအားကောင်းမှ နယ်မြေလက်တံချဲ့နိုင်မယ်ဆိုတဲ့ အယူအဆမျိုးတွေ့နေရလို့ပါ။ ဥပမာအားဖြင့် ကိုဗစ် ကာလအတွင်း စစ်လက်နက်ပစ္စည်းတွေ ဝယ်တဲ့ သတင်းတွေ တက်လာတာ ရခိုင် နဲ့ ချင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်နေတာမျိုးကြောင့်ပါ။
ထိုင်းလို နိုင်ငံမှာကော လာအိုလို နိုင်ငံမှာပါ ဒီလို ကပ်ဘေးကာလ စစ်လက်နက်ပစ္စည်းမဝယ်ကြပါ။
အစိုးရလက်တံအားမကောင်းတဲ့ အပစ်ရပ်ဒေသတွေ ပြည်သူ့စစ်ဒေသတွေမှာ ကိုဗစ် ၁၉ ထိန်းချုပ် ကာကွယ်ရေးတွေ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ ပြည်သူ့စစ်အဖွဲ့အစည်းတွေရဲ့ အစီအစဉ်တွေနဲ့ လုပ်တာရှိပေမယ့် အစိုးရ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး အခက်အခဲတွေရှိကြတာ နောက်တချက်က အပစ်ရပ် အဖွဲ့အစည်းတွေလုပ်တဲ့ ကိုဗစ် ၁၉ ကာကွယ် ပညာပေးအစီအစဉ်တွေကို စစ်တပ်က ဝင်ဖျက်တာတွေက အစပါ။
တကယ်တော့ ကိုဗစ် ၁၉ ဟာ ဒီမိုကရေစီကျတယ်လို့တောင် ပြောလို့ရပါတယ်။ အယုတ်အလတ်အမြတ် မရွေးပါ။ AA နယ်မို့လို့ RCSS နယ်မို့လို့ KNU နယ်မို့လို့မဟုတ်ဘဲ အကုန်လုံး ကူးစက်နိုင်တဲ့ ရောဂါမျိုးပါ။
စစ်ရေးလုံခြုံရေးအမြင်နဲ့ ဆက်စပ်ရမယ့် ကိစ္စကတော့ လူသား လုံခြုံရေးကိစ္စပါပဲ။
လူသားလုံခြုံရေး ရှုထောင့်အရ အဲဒီ ခေတ်ဟောင်းစစ်ရေးလုံခြုံရေးဆိုင်ရာအမြင်ထူးကဲမှုကို ချိတ်ဆက်ကြည့်မယ်ဆိုရင် ကုလသမဂ္ဂက ထုတ်ပြန်တဲ့ လူသားလုံခြုံရေးဆိုင်ရာ နိုင်ငံရေးလုံခြုံမှုထဲမှာ
လူတဦးချင်းစီ၏ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်ပါဝင်သော နိုင်ငံရေးဆိုင်ရာ လုံခြုံမှု ၊ ပုဂ္ဂလိက လုံခြုံရေးနှင့် လူ့အသိုက်အမြုံအတွင်း ဘာသာရေး ၊ လူမျိုးရေး အမှတ်သရုပ်လက္ခဏာအပေါ် အခြေခံတဲ့ ပဋိပက္ခများ ကင်းလွတ်နေပြီး လွတ်လွတ်လပ်လပ် အေးချမ်းစွာနေနိုင်ရေးဆိုတဲ့အချက်လည်း အချက်တချက်အနေနဲ့ ပါဝင်တာပါ။
Human Security အရ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ကိုဗစ် ၁၉ ကာလ စစ်ပွဲတွေဟာ လူသားလုံခြုံရေးဆိုင်ရာ အဆိုပါအချက်နဲ့ ဆန့်ကျင်ပါတယ်။ ဒါ့အပြင် အစိုးရလက်တံအားမကောင်းဘဲ Non State actors တွေ ဥပမာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်လိုနယ်မြေတွေက ကိုဗစ် ၁၉ တိုက်ဖျက်ရေးဝန်ဆောင်မှုတွေ အဲဒီက ပို့ပေးတဲ့ လူနာတွေကို အစိုးရ ဆေးရုံတွေက လက်မခံတာတွေ ရှိနေတာတွေဟာ လူသားလုံခြုံရေးအရကြည့်ရင် အတော်ဆိုးရွားပါတယ်။
အပစ်ရပ်နယ်မြေတွေက အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တွေ လုပ်နေတဲ့ ကိုဗစ် ၁၉ တိုက်ဖျက်ပညာပေးရေးအစီအစဉ်တွေမှာအစိုးရနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်းအားနည်းမှုဟာလည်း ပြဿနာပါပဲ။ တကယ်လို့ အဲဒီနယ်တွေမှာ ရောဂါပိုပေါက်ပွားလာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စတွေ ရှိနေပါတယ်။
အစားအစာလုံခြုံရေးအရတော့ ဆင်းရဲသားတွေအတွက်မျှဝေအစီအစဉ်တွေဟာ ကောင်းမွန်ပါတယ်။
ဒါပေမယ့် စီးပွားရေးကဏ္ဍ လုံခြုံရေးနဲ့ ဆက်စပ်စဉ်းစားမယ်ဆိုရင် ဒီမျှဝေတဲ့ ငွေကြေးပမာဏာ ဂျီဒီပီရဲ့ ဝ.၁၈ ရာခိုင်နှုန်းလောက်ပဲရှိနေသလို အခွန်လျှော့ပေးတာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ဆိုတဲ့ ပမာဏက အစ စီးပွားရေးနိုးထဖို့ လုံလောက်မှု မရှိတာ အမှန်ပါ။ အဲဒီ ဘီလီယံ ၁၀၀ ကို အတိုးနဲ့ချေးတာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးက ဝေဖန်ထားပါတယ်။
အထည်ချုပ်စက်ရုံအချို့ EU အစီစဉ်နဲ့ လစာပေးဖို့ ရှိပေမယ့် Stimulus package မရှိရင် ယိုင်နဲ့သွားတဲ့ ကုမ္ပဏီတွေအဖို့ လစာပေးဖို့ ခက်ပါလိမ့်မယ်။
အစိုးရဌာနအတွင်းမှာတောင် ဥပမာအားဖြင့် ကိုယ့်ဘာသာကိုယ်အခွန်ငွေနဲ့ရပ်တည်ရတဲ့ စည်ပင်လိုဌာနတွေဟာ ဆိုင်တွေ ဈေးတွေ မဖွင့်ရတာကြာရင် အခွန်ရရှိမှုနည်းပြီး အမှိုက်ကောက်တဲ့ စည်ပင်ဝန်ထမ်းတွေ ( နေ့စား ဝန်ထမ်းများဖြစ် ) လစာပေးရမှာ ခက်လာမှာဖြစ်တယ်လို့ မြို့တော်စည်ပင်ကော်မတီဝင်တဦးက သူ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။
ဒေါက်တာသန့်မြင့်ဦးအဆိုအရ အနည်းဆုံး ဂျီဒီပီရဲ့ နှစ်ရာခိုင်နှုန်းလောက်ဖြစ်တဲ့ဒေါ်လာ ၁.၅ ဘီလီယံလောက်ကနေ နှစ် ဘီလီယံလောက်အထိ သုံးသင့်တယ်လို့ ထောက်ပြထားပါတယ်။
ကျန်းမာရေးကဏ္ဍဆိုင်ရာ လုံခြုံရေး ခေါင်းစဉ်အတွက် မဖြစ်မနေထည့်သွင်းထားပေမယ့် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့မှုနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းမလုံလောက်မှု ပြဿတွေရှိနေဆဲပါပဲ။ ကွာရန်တင်းခံရသူတွေ Positive သမားနဲ့ Close Contacts တွေကိုတောင် လုံလောက်တဲ့ စစ်ဆေးမှု ဧပြီလ ၇ ရက်လောက်အထိ မလုပ်နိုင်ခဲ့ပါ။
စစ်တပ်ကတော့ အစောပိုင်းကတည်းက ကိုဗစ်-၁၉ကိုသတိပြုမိပြီး သူ့ဘာသာသူ ပြင်ဆင်ခဲ့ဟန်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း တတိုင်းပြည်လုံးအနေထားခြုံငုံနိုင်မှုမရှိပါ။
ကျန်းမာရေးဆိုင်ရာ လူသားလုံခြုံရေး ရှုထောင့်ကကြည့်မယ်ဆိုရင်
သူ့ဖွင့်ဆိုချက်မှာ ' ကျန်းမာရေးဆိုင်ရာ လုံခြုံရေး-- လူသားတဦးချင်းစီရဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိခံစားနိုင်ရမှာဖြစ်ပြီး ရောဂါပိုးမွှားများ ၊ နာတာရှည် ရောဂါများတားဆီးနိုင်သည့် အခြေခံ လိုအပ်ချက်များနှင့် သန့်ရှင်းသောရေတို့ကိုလည်း ခံစားနိုင်ရေး ' ဆိုပြီးတော့ပါဝင်တာဖြစ်ပါတယ်။
မြန်မာနဲ့ လာအို နှစ်နိုင်ငံလုံးဟာ ရောဂါတိုက်ဖျက်ရေး ကုသရေးအတွက် တရုတ်ကိုမှီခိုရမှာဖြစ်တဲ့အတွက် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ပိုကြီးလာနိုင်တာ ကတော့ နှစ်နိုင်ငံလုံးခံစားရမှာဖြစ်ပါတယ်။
မြန်မာအတွက် ပြဿနာကတော့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်တိုက်ဖျက်ရေးကော သူ့ကြောင့်ဖြစ်လာမယ့် လူမှုစီးပွား အခြေအနေဆိုးတွေအတွက် အရေးပေါ် ကယ်တင်ရမယ့် ကဏ္ဍစုံ ချိတ်ဆက်စဉ်းစားမှု အခြေခံတဲ့ Conceptual Strategic Plan အားနည်းမှုဖြစ်တယ်ဆိုတဲ့ အကဲခတ်တွေရဲ့ ထောက်ပြမှုရှိပါတယ်။
ပုံစာ
Photo - AFP