တိုက်ပွဲတစ်ပွဲက အချိန်ကာလတစ်ခုမှာ ရှုံးလျှင် ရှုံးမည်။ နိုင်လျှင် နိုင်မည်။ နိုင်လည်းမနိုင်၊ ရှုံးလည်းမရှုံးဘဲ ရေရှည်တိုက်နေရသည်မျိုး ဖြစ်လျှင် စစ်တိုက်ခြင်းမဟုတ်တော့ဘဲ စစ်တိုက်စားနေကြခြင်းသာဖြစ်သည်ဟု အင်္ဂလန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ က ပြောခဲ့ဖူးသည်။
သို့သော် စစ်ပွဲတိုင်းသည် ကာလတို၊ ကာလရှည်ကိုထည့်တွက်ပြီး တိုက်ကြသော်ငြား မထင်မှတ်ဘဲ ပေရှည်သွားတတ်သည်လည်း ရှိသည်။ လူမျိုးရေးစစ်ပွဲလိုမျိုး၊ လွတ်မြောက်ရေးစစ်ပွဲလိုမျိုးတို့မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်နိုင်မှုစွမ်းရည် အားပြိုင်မှုများအပါအဝင် တခြားသော တွန်းကန်မှုများကြောင့် ထင်မှတ်ထားသည်ထက် ပိုပြီးကြာမြင့်တတ်သည်ကိုလည်း တွေ့ရသည်။ ကမ္ဘာပေါ်မှာနာမည်ကြီးသော ခရူးဆိတ်စစ်ပွဲလိုမျိုး၊ ဘာသာရေးနှင့် တခြာသောအရေးများ ရောထွေးနေသောစစ်ပွဲများ၊ နှစ်ဖက်စလုံးမှာ အကျိုးအမြတ်မရှိသော်လည်း နောက်ဆုတ်၍မရနိုင်သော အခြေခံအကြောင်းတရားများက ရှိနှင့်နေသည်။
ကမ္ဘာ့သမိုင်းထက် လက်ရှိ မြန်မာနိုင်ငံပြည်တွင်းစစ်ဖက်ကို ကြည့်လိုက်လျှင်လည်း ကရင်ခေါင်းဆောင်များသည်လည်းကောင်း၊ ကချင်ခေါင်းဆောင်များသည်လည်းကောင်း ယခုလောက်ထိ တာရှည်လိမ့်မည်လို့ တွေးခဲ့ကြသည်မဟုတ်ပေ။ သို့သော် လက်နက်ကိုင်မှုကို နိုင်ငံရေးဆွေးနွေးပွဲဖြင့် အဆုံးသတ်ပေးဖို့ကျတော့ ဗဟိုအစိုးရအဆက်ဆက်၏ သဘောထားများ၊ လက်နက်ကိုင်အဖွဲ့အသီးသီး၏ တောင်းဆိုချက်များ ထပ်တူမကျကြသည့်အခါ စစ်ကို အဆုံးသတ်၍မရနိုင်တော့။
ထို့အပြင် ကိုင်လက်စ လက်နက်ကိုင်အဖွဲ့များကို ချက်ချင်း တပ်ပြန်ခေါက်လိုက်လျှင် နောက်ဆွေးနွေးပွဲများမှာ လူရာသွင်းပါတော့မလား၊ တူတူတန်တန် ဆက်ဆံမှုပြုကြပါ့မလား ဆိုသည့် စိုးရိမ်စိတ်နှင့် မိမိတို့ဒေသခံများအပေါ်ပေးခဲ့သော ကတိကဝတ်များအတွက်လည်း ၎င်းတို့ကိုယ်တိုင် နောက်ဆုတ်၍မရနိုင်သော အခြေအနေများ၊ စစ်ပွဲကိုစလျှင် စစ်ပွဲကိုရပ်ဖို့ှဆိုသည်မှာ လွယ်သောကိစ္စရပ် မဟုတ်ပေ။ ဆိုလိုသည်မှာ စစ်တိုက်မစားလိုကြသော်လည်း စစ်၏အခြေခံသဘောတရားကိုက ရပ်ခွင့်မပေးသော အခြေအနေကို မြန်မာနိုင်ငံ၏ လက်နက်ကိုင်အဖွဲ့အစည်းများ ကြုံတွေ့နေကြရသည်ဟု ဆိုလိုသည်။
နောက်မဆုတ်သော အကြောင်းတရားမှာလည်း နှစ်ဖက် တိုက်ပွဲဖော်ဆောင်သူများမှာ ရည်ရွယ်ချက်ကိုယ်စီရှိနေကြသည်။ တိုင်းရင်းသားလက်ကိုင်အဖွဲ့များဖက်မှလည်း နိုင်ခြေရှိလျှင်၊ တပ်လှန့်မှုများကို လုပ်နိုင်လျှင်၊ ပစ်မှတ်များကို တစတစ ပစ်ခတ်ချေမှုန်းနိုင်လျှင် မိမိတို့လူမျိုးအသီးသီး၏ အားပေးထောက်ခံမှု ပိုမိုရရှိလာကာ ယင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း တိုက်ခိုက်ရေးစွမ်းရည်နှင့် လူသူလက်နက်အင်အားမှာလည်း တဖြည်းဖြည်းကြီးထွားလာသည်ကို တွေ့ရသည်။ အားပေးထောက်ခံသူများကလည်း သူတို့လုပ်ရည်ကိုင်ရည် ရပ်ဆိုင်းနေသည်ကို မကြိုက်။ တစ်ဖက်တွင်လည်း အစိုးရဖက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ချေမုန်းတိုက်ခိုက်သည့်အတွက် မိမိတို့အထိနာသည်ကို ပြန်လည်ကုစားဖို့လုပ်ရပ်က ရှိနေသည်။ ထိုနည်းတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တန်ပြန်ခုခံတိုက်ပွဲများ၏ အကျိုးဆက်များကြောင့် နိုင်ငံရေးမှာ နေရာပေးလိုက်မည်ဆိုလျှင် တပ်မတော်နှင့် အစိုးရတို့အတွက် ဂုဏ်သိက္ခာပိုင်းက ရှိသေးသည်။ တစ်ဖက်တွင်လည်း ငွေအား၊ လူအား၊ နည်းပညာ၊ စည်းကမ်း အစရှိသည်တို့ အစစအရာရာ ပြည့်ဝအောင် လေ့ကျင့်ထားသည့်အတွက် အပြတ်ချေမှုန်းမည်ဆိုသောဖက်ကိုသာ ဦးတည်သည်။ ဤကဲ့သို့သော ဟိုဖက် ဒီဖက် အားသာချက်၊ အားနည်းချက်ကိုယ်စီဖြင့် စစ်ပွဲများ မျှခြေဖြစ်နေသည့်အချိန်တွင် ခံရသည်က လက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖော်ဆောင်နေသည့် အနီးတဝိုက်က လူနေကျေးရွာများနှင့် မြို့ပြများမှ ပြည်သူများပင် ဖြစ်သည်။ သူသေကိုယ်သေ အပြန်အလှန်တိုက်ခိုက်နေသူများ၏ အားပြိုင်ပွဲတွင် ထိခိုက်သူက အရပ်သားပြည်သူများ ဖြစ်နေသည်။ ယင်းကဲ့သို့ ထိခိုက်မှုရှိသော ပြည်သူများကို ယခုနှစ်ပိုင်း ရခိုင်ပြည်နယ်တွင် ခပ်စိပ်စိပ်တွေ့လာရသည်။
ဂျီနီဗာသဘောတူညီချက်တွင် အရပ်သားပစ်မှတ်များကို ရှောင်ရမည်ဆိုသော်လည်း ဆေးရုံ၊ ဆေးခန်းများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများမှာ စခန်းချခြင်း၊ ကျေးရွာများကို မသင်္ကာမှုဖြင့်ပစ်ခတ်ခြင်း စသော လုပ်ရပ်များကို ရခိုင်ပြည်နယ်တွင် လတ်တလောကြုံတွေ့နေကြရသည်။ မတ်လအတွင်းက မြောက်ဦးမြို့နယ်၊ တိမ်ညိုဆေးရုံကို ပစ်ခတ်ခဲ့သူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်ကြောင်းကို မည်သည့်လူ့အခွင့်အရေးအဖွဲ့အစည်း၊ ပါတီများကမှ ထုတ်ဖော်ပြောကြားသည်ကို မတွေ့ရသည့်အခါ မြန်မာ့ဒီမိုကရေစီ၏ရေချိန်ကို တွက်ဆကြည့်နိုင်သည်။
ဘက်တို့၏ သဘာဝအရသော်လည်းကောင်း၊ ခေတ်အဆက်ဆက်က ဝါဒဖြန့်ချိရေးအောက်တွင် လူမျိုးကြီးဝါဒကို သွတ်သွင်းခံခဲ့ရ၍ သော်လည်းကောင်း၊ ရခိုင်ပြည်သူတို့ ယင်းသို့ခံစားနေရသည်များကို ပြည်မနေအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်အတော်များများက ဘာသိဘာသာ နေထိုင်နိုင်ကြသည်ကို တွေ့ရသည်။ ဥပမာ စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းနီးပါးတိုးပွားလာသည့် ဒုက္ခသည်စခန်းများကို ပြည်မဖက်မှ နာမည်ကြီး ပရဟိတအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူ့အခွင့်အရေးအဖွဲ့များက စိုးစဉ်းမျှ ပူပန်ကြခြင်းကို မတွေ့ရပေ။
လက်ငါးချောင်းမပြည့်သည့် တချို့သောအဖွဲ့အစည်းများက အင်တာနက်ပိတ်ထားသည်ကို ပြန်ဖွင့်ပေးရန်တောင်းဆိုခြင်းများ၊ ထုတ်ပြန်ချက်များကိုတော့ တွေ့ရသည်။ သို့သော် ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရပေ။ မောင်တော၊ ဘူးသီးတောင်ဖက်တွင် ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်တုန်းက ဒေသခံများကို စေတနာရှိခဲ့သလောက် ယခု တိုက်ပွဲများကြောင့် ခံစားနေရသော ဒုက္ခသည်များကို စာနာနားလည်ပေးလိုစိတ်များ ယုတ်လျော့နေကြသည်ကို တွေ့ရသည်။
ယခုကဲ့သို့ စစ်ဘေးရှောင်ဒုက္ခသည်များ များပြားလာခြင်းကို ကူညီဖေးမမှု နည်းလာသည့်အခါတွင် ရခိုင်လူမျိုးတို့၏ စိတ်ထဲတွင် ငါတို့ဒုက္ခကို ငါတို့သာ ဖြေရှင်းရမည်ဆိုသော အမျိုးသားရေးစိတ်ဓာတ်များ ပြင်းထန်လာပြီး သီးသန့်ဆန်သောစိတ်များကို ပိုပြီးတွန်းအားပေးသလို ဖြစ်သွားရပါသည်။ ဝမ်းနည်းစရာကောင်းသည်မှာ တချို့လူအခွင့်အရေးအမည်ခံအဖွဲ့များ၊ အသေးစားစီးပွားရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်တချို့တို့မှာ ရခိုင်ပြည်၏ဘေးဒုက္ခများကို လှည့်ကြည့်ဖော်မရသော်လည်း ၎င်းတို့ အစီရင်ခံစာတင်ပို့ရာတွင်တော့ ရခိုင်ပြည်၏ လက်ရှိဖြစ်ပွားနေသော စစ်ဘေးဒဏ်သင့် လူမှုဘဝဒုက္ခများကို စည်ပင်ဖွံ့ဖြိုးလာစေရန် ဆိုသော အစီရင်ခံချက်များ ပေးပို့ကြကြောင်းကို ကြားသိနေရပါသည်။ ရခိုင်ပြည်သည် တချို့အကွက်မြင်သူတို့အတွက် ပြစားစရာ ပြကွက်ကောင်းများ ဖြစ်နေသော်လည်း ၎င်းတို့ရရှိလာသော အကျိုးအမြတ်များကို ဒေသခံ စစ်ဘေးရှောင်များအတွက် ဆန်တစ်ဗူး၊ ရေတစ်ဗူးမှ ကူညီမစမှု မရှိကြသည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။
လက်ရှိ ရခိုင်ပြည်သူတို့ခံစားနေရသော ဒုက္ခများမှာ စစ်ဘေးကြောင့် အလုပ်အကိုင်မဲ့မှု၊ မသင်္ကာ၍ဖမ်းဆီးခံရမှု၊ နေအိမ်များဖျက်ဆီးခံရခြင်း၊ ရွာလုံးကျွတ်ထွက်ပြေးရခြင်းစသော ဒုက္ခများသာမက ယင်းသို့ ဖြစ်ပွားလာသော ဒုက္ခများကို လူမျိုးကြီးဝါဒီတချို့က ဝိုင်းလှောင်ကြခြင်း၊ ပြည်မပါတီကြီးများက ဥပေက္ခာပြုခြင်း၊ ပြည်နယ်အစိုးရက ထိရောက်စွာမကူညီခြင်း စသော ဒဏ်များကိုလည်း ခါးစည်းစွာ ခံစားနေကြရသည်။
ထို့အပြင် လူသားချင်းစာနာမှုအရ ကူညီပံပို့ပေးနိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသတွင်းလူမှုအဖွဲ့စည်းများကို လုံခြုံရေးအကြောင်းပြချက် တစ်ခုတည်းဖြင့် အစိုးရက ပိတ်ပင်တားမြစ်ဟန့်ထားမှုများ ရှိနေသည့်အတွက် ဒုက္ခပင်လယ်ရောက်နေကြသော စစ်ဘေးရှောင်ပြည်သူများကို ပို၍ပင် အတိဒုက္ခရောက်စေပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် လပေါင်းများစွာ အင်တာနက် အသုံးပြုမှု ပိတ်ပင်ထားခြင်းကလည်း ယင်းဒေသများမှ ပြည်သူများအား သတင်းအချက်အလက်သိပိုင်ခွင့်ကို ချိုးဖောက်ရာကျပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေကာ သတင်းအမှောင်ချရာလည်း ရောက်ပါသည်။ ထို့နောက် စစ်ပွဲကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အားပေးအားမြှောက်ပြုရာရောက်ပြီး ဒုက္ခရောက်နေသောပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုနှင့် အရေးပေါ် ကူညီကယ်ဆည်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း အဟန့်အတား ဖြစ်စေပါသည်။
ထို့ကြောင့် “တန်းတူညီမျှ ဝါဒဖြူစင်တဲ့မြေ” ဆိုသည်မှာ စစ်ပွဲဖြစ်သည်ဖြစ်စေ၊ နိုင်ငံရေးအတွက် ဆန္ဒပြသည်ဖြစ်စေ နိုင်ငံရေးဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို အခြေခံကာ ဆွေးနွေး၊ ညှိနှိုင်းကြရမည်သာ ဖြစ်သည်။ ပျက်ရည်ပြုခြင်းထက် ဘာကြောင့် ယခုလိုလုပ်ကြရသနည်း ဆိုသည်ကိုသာ အဖြေရှာကြရမည်ဖြစ်သည်။ သာမန်ပြည်သူများက ဘာကြောင့် ထပြီး တော်လှန်ပုန်ကန်သူများ ဖြစ်သွားကြသည်ကိုလည်း ထည့်တွက်ရပါမည်။
တစ်ဖက်တွင်လည်း ပြည်သူတို့ဒုက္ခကို ပျက်ရည်ပြုပြီး အမုန်းတရားများကို ဖြန့်ချိရေးသားတတ်သော လော်ဘီလုပ်သူများကြောင့်လည်း ကိုယ်ချင်းစာတရားများ ခေါင်းပါးလာကြခြင်း ဖြစ်သည်။ ယခုဆောင်းပါးကိုရေးနေသည့် မတ်လ ၂၂ ရက်နေ့တွင်ပင် ကျောက်တော်မြို့နယ်၊ တင်းမရွာကို မီးရှို့နေသည့်သတင်း တက်လာသည်ကိုတွေ့ရသည်။ မီးမတိုက်ခင်ကတည်းက ရွာသားများကို ထွက်ခွင့်မပေးကြောင်း သတင်းများကိုလည်း ကြားနေရသည်။ မတ်လ ၁၇ ရက်နေ့ကလည်း ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော တင်းမရွာသားတစ်ဦးဖြစ်သူ ဦးမောင်ဝင်းဆိုသူ၏ အလောင်းအား မြစ်ထဲတွင်မျောနေသည်ကို တွေ့ရှိရကြောင်း မိသားစုဝင်များက အတည်ပြုခဲ့သည်။ ပြည်သူများအတွက် ကူကယ်ရာမဲ့သည့် အနေအထား။ တကယ့်စိုးရိမ်ဖွယ်အနေအထား။
ယင်းသို့ဖြစ်နေဆဲမှာပင် အဆိုပါရွာမှာ စစ်ဖြစ်နေသောဧရိယာနှင့် လေးမိုင်သာသာခန့်သာရှိကြောင်း၊ ရွာသားစစ်စစ်များဆိုလျှင် ယခင်ကပင် ထွက်ပြေးကြပြီး ရွာသားမဟုတ်ပဲ သူပုန်အားပေးသူများသာ ကျန်နေခဲ့သည်ဖြစ်ကြောင်းကို ယခုလိုကိစ္စရပ် မဖြစ်ခင် တစ်ပတ်ကျော်ကတည်းက နာမည်ကြီးလော်ဘီတစ်ဦးက နှပ်ကြောပေးရေးသားခဲ့သည်ကို တွေ့ရသည်။ တကယ်တမ်းကျလျှင် အခြေအနေမတူသော ကျေးရွာသားများ၏ဘဝက သူတို့ထင်သလိုမဟုတ်ဘဲ နွားတစ်ကောင်၊ လယ်တစ်ကွက်ကို ဖက်တွယ်ကာ မခွာနိုင်ကြရှာသော၊ ဒီမှာမနေရင် ဘယ်မှာနေမလဲဆိုသော တွေးပူမှုများက သာမန်ရွာသားများတွင် ရှိနေသည်။
ယခုဆိုလျှင် ရသေ့တောင်မြို့နယ် ကျောက်တန်းလိုရွာကြီးများ၊ ကျောက်တော်မှ တင်းမလိုရွာကြီးများမှာ ပြန်လည်စည်ပင်ဖို့ဆိုသည်မှာ မလွယ်ကူတော့ပေ။ တိုက်ပွဲများ မျှခြေ ဖြစ်နေသည့်အတွက် ခံစားနေရသည့် ပြည်သူ့ဒုက္ခများကို သက်ဆိုင်ရာ ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် လက်ရှိတာဝန်ယူနေသော ပြည်သူ့အစိုးရကလည်း ဥပေက္ခာ မပြုကြစေလိုပါ။ စစ်ပွဲများပြင်းထန်ခြင်းသည် နိုင်ငံရေးကိစ္စ မပြေလည်ခြင်းမှာသာ အခြေခံ၍ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကို မိမိတို့လက်ထက်တွင် ဖြစ်အောင်လုပ်မည်ဟု ကြွေးကြော်လာခဲ့သော အစိုးရအနေဖြင့် မိမိတို့၏ပြည်သူဆိုသည်မှာ ရခိုင်ပြည်သူများလည်း အကျုံးဝင်သည်ဟု သတိမှုသင့်ပါသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုသောစကားမှာ စစ်အစိုးရလက်ထက်က အသံကျယ်လောင်ခဲ့ပြီး ၎င်းတို့ကိုယ်ကို ကယ်တင်ရှင်အဖြစ်ပုံဖော်ခဲ့သော ဇာတ်လမ်းသာဖြစ်ကြောင်းကို နိုင်ငံရေးလေ့လာသူတိုင်းလည်း သဘောပေါက်ကြသလို လက်ရှိအစိုးရသည်လည်း သဘောပေါက်ခဲ့ပြီးသား ဖြစ်သည်။ သို့သော် ပြည်သူ့အစိုးရလက်ထက်တွင် ပြည်သူ့နေအိမ်များ မီးဟုန်းဟုန်းတောက်သော ဖြစ်စဉ်များနှင့် သောင်းသိန်းချီသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနစ်နာမှုများရှိနေသည်ကို ထပ်မံမဖြစ်စေခြင်းကတော့ လုပ်ဆောင်နိုင်သူတို့၏ စေတနာနှင့် စာနာမှုများအပေါ်တွင်သာ မူတည်ပါလိမ့်မည်။