COVID-19 ထိန်းချုပ်ရေး အင်ဒိုနီးရှားက ပေးတဲ့ မြန်မာအတွက် သင်ခန်းစာ

COVID-19 ထိန်းချုပ်ရေး အင်ဒိုနီးရှားက ပေးတဲ့ မြန်မာအတွက် သင်ခန်းစာ

စိုင်းထွန်းအောင်လွင် — အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ COVID-19 ရောဂါ ကူးစက်ခံရတဲ့ နိုင်ငံအလိုက် တွေ့ရှိမှု ရက်စွဲ မှတ်တမ်းတွေကို ပြန်ကြည့်ရင် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာလိုပဲ အတော်နောက်ကျမှ တွေ့တဲ့ နိုင်ငံထဲ ပါတယ်။

ဒါပေမယ့်လည်း သူ့နိုင်ငံမှာ COVID-19 မတွေ့ခင် လပိုင်းလောက်ကတည်းကဲ့ COVI-19 တွေ့ခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ စကာၤပူ ၊ ထိုင်းတို့မှာ ဖြစ်ပွားနှုန်းထက် အခုအချိန်မှာ သူ့နိုင်ငံမှာ ကူးစက်ခံရနှုန်းက ပိုမိုများပြားနေတာလည်း တွေ့ရမှာပါ။ သေဆုံးမှုနှုန်းလည်း ပိုမိုများပြားပါတယ်။

မတ်လ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ ABC သတင်းဌာနရဲ့ သတင်း တစ်ပုဒ်အရဆိုရင် ၅၁၄ ဦး ကူး စက်ခံရမှုမှာ ၄၈ ဦး ကွယ်လွန်ခဲ့ပါတယ်။ အဲဒီ နှုန်းထားဟာ ကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ ရောဂါ ဖြစ်ပွားမှု တွေထဲက သေဆုံးမှုန် ရာခိုင်နှုန်းချင်း ယှဉ်ရင် အမြင့်ဆုံး ဖြစ်နေတယ်လို့ ဆိုတာပါ။ ဖြစ်ပွားမှုနဲ့ သေဆုံးမှု ယှဉ်ရင် ၉.၄ ရာခိုင်နှုန်း ရှိတာကြောင့်ပါ။

ဧပြီလ ၃ ရက်နေ့မှာတော့ ကူးစက်ခံရသူ စုစုပေါင်း ၂၀၉၂ ဦး ရှိနေပြီး သေဆုံးသူ ၁၉၁ ဦး ရှိတာ ကြောင့် သေဆုံးမှု ရာခိုင်နှုန်းဟာ ၁၀ ရာခိုင်နှုန်းနီးပါး ရှိနေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။

သူ့ထက် Covid 19 Cases ကို စောတွေ့ခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၃၆ ဦး ၊ စင်္ကာပူမှာ ၅ ဦး ၊ ထိုင်းမှာ ၁၉ ဦး ၊ မလေးရှားမှာ ၄၅ ဦး ၊ ကမ္ဘောဒီးယား ၃ ဦး စသဖြင့် ရှိနေချိန်မှာ လူဦးရေ ထူထပ်တဲ့ အင်ဒိုနီးရှား အနေနဲ့ သေဆုံးမှု မြင့်တဲ့ အရှေ့တောင်အာရှ နိုင်ငံအဖြစ် ရပ်တည်လာတာ ဖြစ်ပါတယ်။

( က ) နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊  ဗဟိုနဲ့ ဒေသန္တရအကြား မူဝါဒ တသမတ်ထဲ မရှိမှု

ဂျာကာတာ အပါအဝင် မြို့ကြီးတွေမှာ Lockdown လုပ်ဖို့ အစီအစဉ်တောင်မှ ဗဟိုအစိုးရနဲ့ ဒေသန္တရ အစိုးရတွေအကြား မတ်လကုန်အထိ သဘောထားကွဲလွဲ ငြင်းခုန် နေကြတာကို ကြည့်ရင် အင်ဒိုနီးရှား မှာ အုပ်ချုပ်ရေးနဲ့ COVID-19 တိုက်ဖျက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်နိုင်စွမ်း ပါဝင်တဲ့ နိုင်ငံရေး အရ ဦးဆောင်နိုင်စွမ်း စိန်ခေါ်မှုတွေ ကြုံနေရတာကို အထင်းသား မြင်နေရတာပါ။

သမ္မတ ဂျိုကိုဝီ အစိုးရရဲ့ မဟာမိတ်တချို့ဆိုရင် ဒီအကြပ်အတည်း ကာလမှာ ဂျိုကိုဝီ အစိုးရအတွက် ရန်ဘက်သဖွယ် ဖြစ်ကုန်ပါတယ်။

ဂျာကာတာမှာဆိုရင် မြို့တော်ဝန်ဖြစ်တဲ့ အာနီ ဘာတ်ဆွီဒန် Anies Baswedan ဟာ ဂျာကာတာကို Lockdown လုပ်ဖို့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

၂၀၂၄  ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတ ဂျိုကိုဝီရဲ့ ပြိုင်ဘက် ဖြစ်လာဖွယ် ရှိနေတဲ့ လက်ရှိ ဂျာကာတာမြို့တော်ဝန် အာနီဟာ လူဦးရေ ၁၄၁ သန်းရှိတဲ့ ဂျားဗားကျွန်းက အဓိက မြို့ကြီးကို Lockdown လုပ်ခြင်းနဲ့ လာမယ့် Fitri အားလပ်ရက်တွေမှာ လူတွေသန်းချီ ဂျာကာတာ ကနေ ထွက်ခွာခြင်းဖြင့် COVID-19 ပေါက်ကွဲမှုကို ကာကွယ်နိုင်မယ်ဆိုတဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့  အကြံပေးမှုတွေကို ကိုင်စွဲထားသူလည်း ဖြစ်တယ်။

ဒါကြောင့် မြို့ကို တစိတ်တပိုင်း Lockdown ချဖို့ အများပြည်သူသုံးယာဉ် အသွားအလာတွေက အစ ရပ်နားထားဖို့ မြို့ အဝင်အထွက် လမ်းတွေကို ပိတ်ထားဖို့ ရဲတပ်ဖွဲ့တွေကို ပြင်ဆင်ထားတာ ဘတ်စ် ကား လိုင်းတွေရပ်ဖို့ အထူး ပြင်ဆင်ခဲ့တာပါ။

ဒါပေမယ့် အဲဒီ အစီစဉ်တွေက အခုတော့ မဖြစ်မြောက်လာခဲ့ပါ။

သမ္မတ ဂျိုကိုဝီက “အစိုးရရဲ့ စည်းမျဉ်းဥပဒေ ထုတ်ပြန်ချက်တွေဟာ ရှင်းရှင်းလင်းလင်းရှိပြီး ဖြစ်တဲ့ အတွက် ဘယ်ဒေသန္တရ အဆင့်အုပ်ချုပ်ရေး ခေါင်းဆောင်တွေ အနေနဲ့ ကိုယ့်မူနဲ့ ကိုယ်မလုပ်ကြဖို့ လိုပါတယ်။ မူဝါဒ အားလုံးဟာ တသားမတ်တည်း စည်းမျဉ်း ဥပဒေနဲ့အညီပဲ ဖြစ်ရမှာပါ”လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတိပေးခဲ့တာပါ။

ဂျိုကိုဝီရဲ့ အဆိုအရတော့ ဂျာကာတာမှာ အတော်လေး တင်းကြပ်တဲ့  ထိန်းချုပ်ရေး အစီအစဉ်တွေ ချမှတ်ပြီးသား ဖြစ်တယ်လို့ ထောက်ပြတာပါ။

တကယ်တော့ အာနီဟာ ဂျိုကိုဝီ ဒုတိယသက်တမ်း သမ္မတ ဖြစ်ရေးအတွက် အရေးပါတဲ့ မဟာမိတ် လည်း ဖြစ်ခဲ့တာပါ။ အခုတော့ အဲလို အခြေအနေ မဟုတ်တော့ပါဘူး။ ဂျိုကိုဝီဟာ ဂျာကာတာအတွက် တင်းကြပ်တဲ့ လူမှုရေးဆိုင်ရာ ထိန်းချုပ်ရေးနဲ့ ပိုဆိုးလာရင် ချမှတ်ရမယ့် အရေးပေါ် အခြေအနေ အတွက် အစီအမံတွေကို ကြေညာခဲ့ပေမယ့် အာနီဟာ ဂျိုကိုဝီရဲ့ အစီအစဉ်သစ် မကြေညာခင် ၂ ရက် ကတည်းက သူ့ရဲ့ ဂျာကာတာကို Lockdown လုပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ သမ္မတဆီ တင်ပြ ခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 ဒုတိယ အများဆုံး တွေ့တဲ့ ဒေသဖြစ်တဲ့ အနောက်ဂျားဗားဒေသမှာလည်း Lockdown လုပ်ဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး ဗဟိုအစိုးရဘက်ကတော့ အဲဒီ အစီအစဉ်ကို မီးစိမ်းပြခြင်း မရှိပါဘူး။

အရင်က စစ်ဗိုလ်ချုပ်ဟောင်းတွေကနေ လာတဲ့ ပါတီက အားကောင်း အုပ်စိုးထားတဲ့ မြို့တွေမှာလည်း အဲလို ပြင်ဆင်တာတွေ ရှိနေပါတယ်။

Tegal ဆိုတဲ့ မြို့မှာဆိုရင် တစ်နယ်နဲ့ တစ်နယ် သွားလာခွင့်တွေ ပိတ်ဖို့ အထိပါ စီစဉ်တာပါ။ Tegal အပြင် ပါပူအာကျွန်း မာလူကူ ဒေသတို့လို နေရာတွေမှာလည်း ဒေသတွင်းကို လေကြောင်းကရော၊ ရေကြောင်းကပါ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သလို ဒေသခံတွေကို အိမ်မှာပဲ နေကြဖို့ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေကြဖို့ ကန့်သတ်တဲ့ အစီအစဉ်တွေ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာရေးရာနဲ့ မဟာဗျူဟာဆိုင်ရာ လေ့လာရေးဌာန CSIS မှ Noory Okthariza က“ဗဟိုအစိုးရ အနေနဲ့ ကိုဗစ် ထိန်းချုပ်ဟန့်တားရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ သူ့ရဲ့ မူဝါဒတွေ ကျယ် ကျယ် ပြန့်ပြန့် ပါဝင်စေဖို့ ရည်ရွယ်ချက်မျိုး တွေ့ရပြီး တခြား စဉ်စားချက်တွေလည်း ရှိသလို ဒေသန္တရ အစိုးရတွေ အနေနဲ့ကတော့ သူတို့နယ်တွေအတွင်း ဗိုင်းရပ်စ်ပျံ့နှံ့မှု၊ ဗိုင်းရပ်စ် ဝင်ရောက်လာမှုကို ကာကွယ်ထိန်းချုပ် ဟန့်တားလိုမှုကို အဓိကထား နေတာဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။

ဒါပေမယ့် ဗဟိုအစိုးရဆီက တိကျတဲ့ လမ်းညွှန်ချက်တွေမရှိဘဲ ဒေသအစိုးရတွေက သူ့နည်းသူ့ဟန်နဲ့ လုပ်နေရင်လည်း တိုင်းပြည်အနေနဲ့ COVID-19 ထိန်းချုပ်ရေးမှာ ဘုံသဘောဆောင် ညီညွတ်တဲ့ မဟာဗျူဟာမျိုး ချမှတ် အကောင်ထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ဗဟိုအစိုးရအနေနဲ့ တုံ့ပြန်မှု နှေးကွေးလေးလံ ထိုင်းမှိုင်းတာ ၊ ထိန်းချုပ်ရေး အစီအစဉ်တွေမှာ အံဝင်ခွင်ကျဖြစ်မယ့် အစီအမံတွေ မရှိတာ ၊ ဗဟိုနဲ့ ဒေသန္တရအကြား  မူဝါဒရေးရာ ဟန်ချက်ညီ အကောင်အထည်ဖော်ဖို့ စိတ်မပါတာတွေ ဖြစ်နေရင် လည်း ရောဂါထိန်းချုပ် ဟန့်တားရေးဟာ အစီအစဉ် တကျဖြစ်မှာ မဟုတ်ဘဲ ပိုမို ဖရိုဖရဲ ပရမ်းပတာဖြစ်တဲ့ အခြေအနေနဲ့ ကြုံရမှာ ဖြစ်ပါတယ်။

(ခ) ကြိုတင်ပြင်ဆင် ကာကွယ်မှု အားနည်းခြင်း

စီးပွားရေး ကျဆင်းမှု ဒဏ်တွေကို ကြုံနေရတဲ့ သမ္မတဂျိုကိုဝီရဲ့ ဒုတိယသက်တမ်းဟာ သက်တမ်း စကတည်းက လူထု ဆန္ဒပြပွဲတွေနဲ့အတူ ဖြစ်သန်းလာရတာဖြစ်လို့ ပန်းခင်းတဲ့ လမ်းတော့ မဟုတ်ခဲ့ ပါဘူး။

စီးပွားရေး လူမှုရေး သက်ရောက်မှု ကြီးကြီးနဲ့ ကပ်ပါလာတဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ အင်ဒိုနီးရှား အစိုးရဟာ အချိန်မှန် ချမှတ် အကောင်အထည်ဖော်ရမယ့် ကြိုတင်ပြင်ဆင် ကာကွယ်မှု အစီအစဉ်တွေ ချမှတ် အကောင်အထည်ဖော်နိုင်မှု မရှိခဲ့ပါဘူး။ ဒါတောင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင် မြင်ခဲ့တဲ့ အင်ဒိုနီးရှားဟာ  အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှု ညွှန်းကိန်းတွေမှာ  အများကြီး တိုးတက်လာခဲ့တဲ့ နိုင်ငံဖြစ်နေတာပါ။

နိုင်ငံရဲ့ ပထမဆုံး COVID-19 လူနာကို မတ်လ ၂ ရက်နေ့ကမှ စတွေ့ခဲ့တာဖြစ်ပေမယ့် လူဦးရေ သန်း ၂၇၀ ရှိတဲ့နိုင်ငံ ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး အဝင်အထွက် အတော်များများရှိတဲ့ နိုင်ငံမှာ အစောပိုင်း က မတွေ့ခဲ့ဘူးဆိုတာဟာ အစိုးရအနေနဲ့ စီးပွားရေး ထိခိုက်မှာစိုးလို့ လိမ်လည် ထိန်ချန် ထားခဲ့ သလားဆိုပြီးတော့ နိုင်ငံတကာက လေ့လာသူတွေဟာ သံသယဖြစ်ခဲ့ကြပါတယ်။

 ဒါဟာ အစောပိုင်းမှာ မြန်မာလည်း သံသယ ဖြစ်ခံရတာနဲ့ အတူတူပဲဖြစ်ပါတယ်။

အစောပိုင်း ဇန်နဝါရီ ၊ ဖေဖော်ဝါရီလောက် ကတည်းက COVID-19 စတွေ့ခဲ့တဲ့ ထိုင်း ၊ စင်္ကာပူ၊ မလေး ရှား ၊ ဖိလစ်ပိုင်တို့ ထက်စာရင် အင်ဒိုနီးရှားမှာ တွေ့ရတဲ့ လ ူ၂၀၀၀ ကျော်ဆိုတဲ့ အရေအတွက်ဟာ တစ်လနီးပါးအတွင်း တဟုန်ထိုး တက်လာတာဖြစ်ပြီး ဒါတောင် လူဦးရေရဲ့ ၁ ရာခိုင်နှုန်း ပြည့်မှီအောင် တောင် COVID-19 ရှိ/မရှိ စစ်ဆေးမှုတွေ ပြုလုပ်နိုင်သေးတာ မဟုတ်ပါဘူး။

မတ်လ ၂၂ ရက်နေ့ကမှ တရုတ်က ပေးပို့တဲ့ Test Kits အခုရေ ၁၅၀၀၀၀(တစ်သိန်းခွဲ)နဲ့အတူ စစ် ဆေးမှု အရှိန် မြှင့်တင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

အခုအချိန် အထိတောင် အင်ဒိုနီးရှားဟာ COVID-19 တွေ့ရှိမှု သတင်းထုတ်ပြန်ရာမှာ ထိန်ချန်မှု အမြောက်အမြား ရှိနေတယ်ဆိုတဲ့ ခန့်မှန်း သုံးသပ်မှုတွေ ထောက်ပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်တွင်းမှာလည်း ဂျိုကိုဝီအစိုးရ အနေနဲ့ COVID-19 တိုက်ဖျက်ရေးကို နိုင်ငံရေးနဲ့ ရောပြွန်း စဉ်းစား လွန်းတယ်၊ ဦးဆောင်မှု ကောင်းကောင်း မပေးနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေ အကြီးအကျယ် ခံနေရပါ တယ်။

တဘက်မှာလည်း အတိုက်အခံတွေ စစ်တပ် အရာရှိဟောင်းတွေကနေ လာတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင် တချို့ဟာလည်း ဒီလို အခြေအနေမှာ သူတို့အာဏာ ပိုတည်ဆောက်ဖို့ အခွင့်အရေး သဖွယ် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုမျိုးတွေလည်း ရှိပါတယ်။

( ဂ ) မူဝါဒ တသမတ်တည်း သွားနိုင်ရေးနဲ့ ထိရောက်မှုရှိရေး ရုန်းကန်နေရဆဲ မြန်မာ

မြန်မာမှာလည်း ပြန်ကြည့်ရင် အချိန်နှစ်လကျော် သုံးလလောက်နီးပါး ပြင်ဆင်ဖို့ အချိန်ရပေမယ့် ကြိုတင် ပြင်ဆင် ကာကွယ်ရေး စီမံချက်တွေက အားနည်းခဲ့ပါတယ်။

ကြိုတင်ပြင်ဆင် ကာကွယ်ရမယ့် ကာလမှာ နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှုတွေ မြှင့်စေမယ့် ကိစ္စတွေ ဖြစ်နေခဲ့သလို၊ ရွေးကောက်ပွဲအတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုတွေကလည်း မြင်တွေ့ ခဲ့ရတာပါ။

အခုတော့ ထိန်းချုပ်ရေး ကာလမှာ တပ်မတော် အရာရှိတွေပါဝင်ပြီး တပ်ကခန့်တဲ့ ဒုတိယ သမ္မတ တစ်ဦး ဦးဆောင်မယ့် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့လာပါတယ်။ ဒါဟာ ထိန်းချုပ်ရေးအတွက် အရေး ပေါ် တုန့်ပြန်ဖို့ ကော်မတီလို့ ယူဆရပါတယ်။

တဘက်မှာလည်း ကုသရေးအတွက် ယခင်ကတည်းက ဖွဲ့ထားတဲ့ ကော်မတီ ဆိုတာ ရှိပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း နိုင်ငံ အခြေအနေအရ လိုအပ်မှသာ Community Quarantines လုပ်မယ်ဆိုတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားကလည်း ရှိပြီးဖြစ်ပါတယ်။

ဒီအပြင် တခြားတဘက်မှာလည်း Lockdown လုပ်ရင် ဖြစ်လာမယ့် လူမှုစီးပွား အကျိုးဆက်တွေ အစိုးရဘက်က တွက်ဆခဲ့ပုံရပါတယ်။

ဒါကြောင့်ပဲ တဆင့်ချင်းစီ သွားလာမှု တင်းကြပ်တဲ့ Restrictions ပုံစံမျိုးကို ဒေသအစိုးရတွေဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက တဆင့် စတင် လုပ်ကိုင် စေသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတော် တည်ဆောက်ရေး State Building ရှုထောင့်အရ ကြည့်ကြည့်၊ စီမံခန့်ခွဲမှု ဆိုင်ရာနှင့် ဝန်ဆောင်မှုအရ ကြည့်ကြည့်၊ မူဝါဒရေးရာ ရှုထောင့်အရကြည့်ကြည့် တစ်ကျောင်းတစ် ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနဲ့ ခြေချူပ် Quarantine ထားတဲ့ ကိစ္စတွေက ပေါ်ပေါက်နေခဲ့ ပြီးဖြစ်ပါ တယ်။

ဥပမာ ရွာတွေမှာ နိုင်ငံခြားပြန်တွေကို ရွာအပြင်မှာ ၁၄ ရက် ထားတာမျိုးတွေကို သူ့ရပ်ရွာ အစီအစဉ်နဲ့ သူဆိုတာမျိုး တွေ့ရပေမယ့် ပြင်ပ တခြားရပ်ရွာက လူတွေ ပေးမလာတာလို ကိစ္စမျိုးတွေက ဗဟို အစိုးရတောင် မချမှတ်သေးဘဲ လုပ်နေခဲ့တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

ကိုယ့်ရပ်ကိုယ့်ရွာ ကာကွယ်တာ ဆိုပေမယ့်လည်း ဒီလို ကပ်ဘေး တိုက်ဖျက်ရေးလို ကိစ္စတွေဟာ မူဝါဒ တသမတ်တည်း ဟန်ချက်ညီ သွားရမယ့် ကိစ္စဖြစ်ပြီး တကယ်လို့ တစ်ရွာတစ်ပုဒ်ဆန်း ကိစ္စ ကြာလာရင် ရှစ်လေးလုံး ကာလတုန်းကလို ကိုယ့်ရွာ ကိုယ့်ရပ်ကွက် ကိုယ့်ဘာသာကိုယ် စီမံဆိုတဲ့ ကိစ္စတွေဟာ မမျှော်လင့်တဲ့ ပွတ်တိုက်မှု တင်းမာမှုတွေနဲ့ ကြုံလာရနိုင်တာ အစိုးရမူဝါဒတွေကို မလိုက် နာမှုတွေ ဖြစ်လာနိုင်ပါတယ်။

တချို့ အစိုးရအာဏာ မသက်ရောက်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်  နယ်မြေ တွေမှာလည်း သူ့အစီအစဉ်နဲ့ သူလုပ်တာ ဝင်ထွက် ပိတ်ပင်တာတွေ ရှိလာပါတယ် (ဥပမာ-ဝ နဲ့ မိုင်းလား ဒေသဆို အဝင်အထွက် ပိတ်ထား)။ တဘက်မှာလည်း ဒီလိုတွေ လုပ်ရင်းနဲ့ ဗဟိုအစိုးရ အာဏာ ပိုမှုလျော့နည်းမှုတွေ ဖြစ်လာမလား တခြား မမျှော်လင့်တဲ့ တင်းမာမှုတွေ လွန်ဆွဲမှုတွေနဲ့ ကြုံရမလား ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား အတွေ့အကြုံအရ ကြည့်မယ်ဆိုရင် ဒေသအစိုးရတွေက ဗဟိုအစိုးရကို မလိုက်နာတာ မျိုးတွေ မြန်မာပြည်မှာ တွေ့ရဖို့ ခက်ပေမယ့် ဗဟိုအစိုးရ ဆုံးဖြတ်ချက် ချမှတ်မှုတွေက အချိန်မှန် ဖြစ်ပါ့ မလား ၊ နောက်တချက်ကတော့ အစိုးရအာဏာ မသက်ရောက်တဲ့ ဒေသတွေက Local Governance ဒေသအုပ်ချုပ်ရေးအဖြစ် တာဝန်ယူထားသူတွေနဲ့ အစိုးရအကြား ပူးပေါင်း ဆောင်ရွက်ရေးလို ကိစ္စတွေ ပါ။

ဒါပေမယ့် အင်ဒိုနဲ့ တူနိုင်တဲ့ ကိစ္စတခုတော့ ရှိပါတယ်။ဒါကတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ ဌာနတွေနဲ့ အစိုးရအကြား ပူးပေါင်းဆောင်ရွက်ရေးလို ကိစ္စတွေမှာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အခြေအနေ တချို့ရှိ ပါတယ်။

သမ္မတရုံးရဲ့ ညွှန်ကြားမှုနဲ့အတူ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တချို့ဟာ သူတို့လှုပ်ရှားရာ ဒေသတွေမှာ COVID-19 ထိန်းချုပ်ရေး ကာကွယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ပေမယ့် သံသယ လူနာ တွေကို အစိုးရ အုပ်ချုပ်မှုအောက်က ဆေးရုံတွေဆီ သွားပို့ရင် လက်မခံတဲ့ ကိစ္စတွေ က အစပါ။ ဒါဟာ ညှိနှိုင်းဆောင်ရွက်နိုင်မှု Co-ordiantion ရော Co-operation ပူးပေါင်းဆောင်ရွက်နိုင်စွမ်း အားနည်းမှု အတွက် ဥပမာကောင်း ဖြစ်ပါတယ်။

တကယ်တော့ ဗဟိုမှာ တပ်က ခန့်တဲ့ ဝန်ကြီးတွေ အုပ်ချုပ်တဲ့ ဌာနတွေ ပယ်ထားဦး NLD အစိုးရ အုပ်ချုပ်တဲ့ ဌာနတွေ အချင်းချင်း အကြားမှာတောင် ဌာနချင်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းက အင်မတန် အားနည်းတာ တွေ့ရပါတယ်။

ဒါကြောင့် ထိုင်းနယ်စပ်ကနေ ဖြတ်ပြန်တဲ့ ရွေ့ပြောင်း လုပ်သားတွေကိစ္စ အစောပိုင်း လေကြောင်းနဲ့ ပြန်လာသူတွေ Quarantine လုပ်ဖို့လို ကိစ္စတွေမှာ မပြေလည်မှုတွေ အမြောက်အမြား ကြုံရတာ ဖြစ်ပါတယ်။

နိုင်ငံတော် တည်ဆောက်ရေး ရှုထောင့်အရကြည့်ရင် နိုင်ငံတော် တာဝန် သုံးရပ်ဖြစ်တဲ့- လူမှုဘဝ လုံခြုံရေး ၊ ပြည်သူတွေအတွက် နိုင်ငံတော်ရဲ့ ဝန်ဆောင်မှု ၊ အချုပ်အခြာအာဏာ တည်တံ့မှု ဆိုတဲ့ ကိစ္စတွေမှာ နယ်မှာရှိတဲ့ Quarantine Centre တွေမှာတောင် အလှူခံပြီး စင်တာက လူတွေအတွက် ကျွေးနေရတဲ့ အခြေအနေတွေပါ။

ဒါက State အနေနဲ့ ဝန်ဆောင်မှု အားလျော့နေချိန် Social Capital လို့ ခေါ်တဲ့ အခမဲ့ တက်ကြွ လှုပ်ရှား ကူညီတဲ့ လူမှု့ အဖွဲ့တွေရဲ့ ကူညီမှုအဖြစ်သာ သတ်မှတ်ရမှာဖြစ်ပါတယ်။ COVID-19 ကပ်ဘေး ကာလ နိုင်ငံတကာကို ကြည့်ရင် အစိုးရက အဓိက ဖြစ်ပေမယ့် မြန်မာမှာတော့ ပြည်သူက အဓိက ဆိုပြီး နိုင်ငံ့ခေါင်းဆောင်ဆိုသူက ပြောနေတာပါ။

အင်ဒိုနီးရှားမှာတော့ ရွေးကောက်ပွဲ လေးနှစ်လောက် လိုသေးတဲ့အချိန် COVID-19 ဟန့်တား ထိန်းချုပ် ရမယ့် အရေးပေါ် အခြေအနေမှာ မတူညီတဲ့ အုပ်စုတွေအကြား အာဏာ လွန်ဆွဲမှုတွေ အမြောက် အမြား ဖြစ်နေတာပါ။

မြန်မာမှာတော့ မြို့တော်ရန်ကုန်ကို ကြည့်ရင်ပဲ NLD ပါတီဝင်တွေ အမတ်တွေဟာ အလှူကောက်ခံ ရေး ကူညီရေးလို ကိစ္စတွေမှာ ပင်နီတကားကားနဲ့ နီးစပ်တဲ့ ပရဟိတ အဖွဲ့တွေနဲ့ သွားလမ်းနေမှု အမြောက်အမြား တွေ့နေရတာဟာ ကပ်ဘေးမှာ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ဆိုတဲ့ ICRC ရဲ့ ကျင့်ဝတ်နဲ့တောင် သွေဖယ်သလို ဖြစ်နေပါတယ်။

COVID-19 ကိစ္စ လွှတ်တော်မှာ မဆွေးနွေးတဲ့နိုင်ငံ အနည်းငယ်ထဲမှာ မြန်မာနိုင်ငံ ပါနေတာလည်း တွေ့ရပါတယ်။ တလောက ကြံ့ခိုင်ရေးပါတီကလည်း ပါတီအမှတ်တံဆိပ်နဲ့ Hand Gel တွေ ဖြန့်ဝေ မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

အင်ဒိုနီးရှားရဲ့ အစောပိုင်း ကာလတွေလိုပါပဲ မြန်မာပြည်မှာလည်း COVID-19 တွေ့ရှိသူ ၂၀၂၀ ခုနှစ်၊ ဧပြီ ၅ ရက်နေ့အထိ လူဦးရေ ၂၁ ဦး ဝန်းကျင်သာ ရှိသေးတယ်ဆိုပေမယ့် တနိုင်ငံလုံး လူဦးရေနဲ့ နှိုင်း ယှဉ်လိုက်ရင် စစ်ဆေးနိုင်မှု ပမာဏဟာ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိသေးတာဘဲ ဖြစ်ပါတယ်။

ကိုးကား- ABC News, Coronavirus COVID-19 death rate in Indonesia is the highest in the world

The Jarkata Post, Turf War undermines COVID-19 fight in Indonesia

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...