ကယားပြည်နယ်လွှတ်တော်၊ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်နှင့် အင်တာဗျူး

ကယားပြည်နယ်လွှတ်တော်၊ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်နှင့် အင်တာဗျူး
by -
စိုးထိုက်အောင်
ဦးမြင့်မောင် (တိုင်စာ ပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး)
ဦးမြင့်မောင် (တိုင်စာ ပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး)

“အများစု ကျွန်တော်တို့ ကြုံတွေ့စိစစ်သလောက်ကတော့ ဘတ်ဂျတ်က ချထားပေးတဲ့ ငွေတွေအတိုင်း မလုပ်တာကို တွေ့ရပါတယ်”

၂၀၁၅ ရွေးကောက်ပွဲအပြီး အသစ်တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်နဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်မှာဆိုရင် ပြည်သူ့အကျိုးပြု ကော်မတီတွေ ၉ ဖွဲ့  ဖွဲ့ စည်းထားကြတာ တွေ့ရပါတယ်။ အဲဒီမှာ တိုင်စာ ပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ ဆိုတာလည်း ပါရှိပါတယ်။

တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ကို ၂၀၁၆ခုနှစ် ၊ စက်တင်ဘာ (၃၀)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကယားပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၆) ဒုတိယနေ့မှာ အတည်ပြုခဲ့တယ်လို့ ကယားပြည်နယ်လွှတ်တော်ဝက်ဆိုက် စာမျက်နှာဖော်ပြပါအချက်အရ သိရပါတယ်။

ပြည်သူတွေရဲ့ တိုင်စာပစ်စာတွေထဲမှာလည်း ဒီလို အစိုးရလက်ထက် လမ်းတံတား၊ အဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေစတာတွေလည်း စိစစ်ရတယ်လို့ကြားသိရပါတယ်။

၎င်းအဖွဲ့က နိုင်ငံသားတိုင်း တန်းတူညီမျှမှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိရေးတို့ ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့များ၏ တိုင်စာပစ်စာကိစ္စရပ်များနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာခြင်း၊ ကွဲလွဲမှုများရှိပါက စိစစ်ခြင်း၊ အကြံပြုတင်ပြခြင်း စတဲ့ တာဝန်များကို ဆောင်ရွက်ရမည့် အဖွဲ့ဖြစ်ပါတယ်။

လောကထူးရွာ၊ လောပိတ ၊ လွိုင်ကော်မြို့နယ်တွင်နေထိုင်တဲ့ ကယားပြည်နယ်လွှတ်တော်၏ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ ၏ အတွင်းရေးမှူးဖြစ်တဲ့ ဦးမြင့်မောင်ကို အစိုးရရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အမြင်သဘောထားကို မေးမြန်းထားပါတယ်။

မေး။ ။ ဆရာတို့ကော်မတီကနေ လုပ်ဆောင်နေတဲ့ လုပ်ငန်းအပိုင်းတွေပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့အဓိက တိုင်ကြားလာတဲ့ တိုင်ကြားစာတွေကို ကျွန်တော်တို့ကွင်းဆင်းစစ်ဆေး စိစစ်ကြားနာဆောင်ရွက်တာတွေရှိတယ်။ နောက်ပြည်သူ့ငွေစာရင်းကလဲ ဒီဘတ်ဂျတ်နဲ့ပတ်သတ်လာတဲ့လုပ်ငန်းတွေအားလုံးကို ကျွန်တော်တို့ကွင်းဆင်းစစ်ဆေးပြီးတော့မှ ဒီအပေါ်မှာ အားနည်းချက်၊ အားသာချက်တွေကို ကုမ္ပဏီတွေဘက်က လိုက်နာဆောင်ရွက်အောင် ဆောင်ရွက်နေပါတယ်။ ဒီရက်ပိုင်းဆိုကျွန်တော်တို့ တောက်လျှောက်ကွင်းဆင်းဆောင်ရွက်နေကြပါတယ်။

မေး။ ။ ကွင်းဆင်းဆောင်ရွက်နေတဲ့အပေါ်မှာရော အရင်အစိုးရထက် ဒီအစိုးရလက်ထက်မှာ ဘာတွေထူးခြားလာတာတွေ့လဲ။

ဖြေ။ ။ ကျွန်တော်တို့အခုလိုမျိုးလွတ်တော်ကနေပြီးတော့ ဒီပြည်သူ့ငွေစာရင်းစောင့်ကြည့်ရေးကော်မတီတွေ၊ အခုတိုင်စာ ဆန်းစစ်ရေးအဖွဲ့တွေပေါ့နော် ကျွန်တော်တို့ကော်မတီတော်တော်များများက တကယ့် မြေပြင်အရောက် ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့အတွက် ဘာဘဲပြောပြော ဒီအစိုးရလက်ထက်မှာတော့ လမ်းတွေ၊ အဆောက်အဦးတွေ အရင်ထက် အရည်အသွေးကောင်းလာတာတွေ့ရတယ်။ အပြည့်အဝမဟုတ်တောင်မှ အရင်အစိုးရထက်တော့ အများကြီးကောင်းမွန်လာတယ်လို့ပြောလိုပါတယ်။

မေး။ ။ ဆရာတို့ကော်မတီအနေနဲ့စီမံကိန်းတွေ အရည်အသွေးပြည့်မှီအောင် ဘယ်လိုလေ့လာစောင့်ကြည့်တာလဲ။

ဖြေ။ ။ ကျွန်တော်တို့ပြည်နယ်မှာ လုပ်နေတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပေါ့နော် တည်ဆောက်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ကနေပြီးတော့ အမြဲတမ်း စောင့်ကြည့်စစ်ဆေးပြီးတော့ လိုအပ်တာတွေကို အရည်အသွေးပြည့်မှီရေးအတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။

မေး။ ။ ကုမ္ပဏီအချို့က တင်ဒါအောင်ဖို့အတွက် အစိုးရအဖွဲ့တစ်ချို့ကိုလာဘ်ထိုးထားရတယ်လို့လည်း ဝေဖန်မှုတွေ ကြားနေရတယ်။ ဒီအပေါ်မှာရော ချပေးလိုက်တဲ့ဘတ်ဂျတ်ငွေက လုပ်ငန်းအတွင်းမှာ အကုန်ရောရောက်ရဲ့လား။ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျွန်တော်တို့လဲ ပြည်သူလူထုတစ်ယောက်ဖြစ်တဲ့အတွက် အဲ့သတင်းမျိုးတော့ကျွန်တော်တို့ ကြားပါတယ်။ ဒါပေမဲ့ဟုတ်မဟုတ်တော့ ဒါကာယကံရှင်တွေကျမှဘဲ သိမှာဘဲ။ ဒါပေမဲ့ အခုကာလဆို ကျွန်တော်တို့ လွှတ်တော်ကနေပြီးတော့ ဒီဘတ်ဂျတ်နဲ့ပတ်သတ်တဲ့လုပ်ငန်းတွေအားလုံးကို ကွင်းဆင်းစစ်ဆေးနေတာတွေရှိပါတယ်။ ကြားနာစစ်ဆေးနေတာတွေရှိပါတယ်။ အများစု ကျွန်တော်တို့ ကြုံတွေ့စိစစ်သလောက်ကတော့ ဘတ်ဂျတ်က ချထားပေးတဲ့ငွေတွေအတိုင်းမလုပ်တာကိုတွေ့ရပါတယ်။ တစ်ချို့ဆိုရင် ဒါရာနှုန်းပြည့်မပြီးစီးဘဲနဲ့တောင်မှငွေတွေကို ရာနှုန်းပြည့်ထုတ်သွားတဲ့ ဌာနတွေ၊ လုပ်ငန်းတွေရှိပါတယ်။ အဲ့ဒါတွေကတော့ ကျွန်တော်တို့ ပြည်သူ ဘဏ္ဍာတွေဆုံးရှုံးနေတယ်လို့ထင်ပါတယ်။

မေး။ ။ ဘတ်ဂျတ်ကိစ္စနဲ့ပတ်သတ်ပြီးတော့ တခြားဘာပြောပြချင်သေးလဲ။

ဖြေ။ ။ ကျွန်တော်တို့ပြည်နယ်မှာ နှစ်စဉ်ဘတ်ဂျတ်တွေရရှိတယ်။ အဲ့လိုဘတ်ဂျတ်တွေ ရရှိတဲ့အခါမှာလဲ ရှင်းရှင်းပြောရင် ဒေသခံကုမ္ပဏီတွေရော ၊ တခြားနယ်က ကုမ္ပဏီတွေရော လာပြီးတော့ အပြိုင်ဆွဲကြတယ်ပေါ့ နော် ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ ဒေသခံကုမ္ပဏီတွေကိုဘဲ အများစု ဒီလုပ်ငန်းတွေကို ပေးစေချင်တယ်။ ဘာကြောင့်တုန်းဆို ဒီကုမ္ပဏီတွေအလုပ်ရလို့ရှိရင် ကျွန်တော်တို့ ဒေသခံတွေအလုပ်ရပါတယ်။ ဒီကုမ္ပဏီတွေအကျိုးရှိလို့ရှိရင် ဒေသမှာ ပြန်ပြီးတော့ အကျိုးရှိပါတယ်။ နောက်ဆုံး ဒေသမှာ အခွန်ဆောင်မယ်ဆိုလဲ ဒေသကုမ္ပဏီတွေသာလျင် ဒေသမှာ အခွန်ဆောင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က သူတို့မြတ်လို့ရှိရင် သူတို့ကျန်တဲ့လုပ်ငန်းတွေတိုးချဲ့မယ်ဆိုရင်လဲ ဒါကျွန်တော်တို့ ပြည်နယ်အတွက်အများကြီး အကျိုးရှိပါတယ်။ တစ်ခြား ပြည်နယ်၊ တိုင်းက ကုမ္ပဏီတွေကို ပေးလိုက်မယ်ဆိုရင် ဒီ အကျိုးအမြတ်တွေအားလုံးက တစ်ခြားပြည်နယ်၊ တိုင်း ကိုရောက်သွားမယ်။ သူတို့အခွန်ဆောင်ရင်လဲ တစ်ခြားပြည်နယ်၊ တိုင်းမှာ အခွန်သွားဆောင်ပါတယ်။ နောက်ပြီးတော့ အလုပ်သမားတွေဆိုလဲ သူတို့တစ်ခြားတိုင်းနဲ့ပြည်နယ်ကနေ ခေါ်လာတဲ့အတွက် ကျတော်တို့မှာ အဘက်ဘက်က ဆုံးရှုံးပါတယ်။ အဲ့တော့ ဒီတင်ဒါလုပ်ငန်းတွေ အားလုံးကို ဖြစ်နိုင်သမျှ ကျတော်တို့ ဒေသခံကုမ္ပဏီတွေ၊ ဒေသခံပြည်သူလူထုတွေကိုပဲ ပေးရင် ကျွန်တော်တို့အတွက် အကျိုးကျေးဇူးပိုများတယ်လို့ ကျွန်တော့်အနေနဲ့အကြံပြုလိုပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...