ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် တွေ့ဆုံခြင်း

ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် တွေ့ဆုံခြင်း

“ကရင်ပြည်နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း မီးလောင်မှု ၄၆ ကြိမ်ရှိတယ်။ ဆုံးရှုံးမှု ကျပ် သန်း ၁၀၇ ကျော် ရှိတယ်”

ယမန်နှစ်၂၀၁၉ က ကရင်ပြည်နယ်တွင် မီးလောင်ခဲ့မှု အခြေအနေများ၊ ယခုနှစ် နွေရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်တားဆီးရေး အများပြည်သူ ရှောင်ရန်၊ ဆောင်ရန်များ၊  မီးဘေးကြိုတင်ကာကွယ်ရေး ပြည်နယ်မီးသတ်ဦးစီးဌာန လုပ်ဆောင်ထားမှုအခြေအနေများနှင့်ပတ်သက်၍ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်အတွင်း ကရင်ပြည်နယ်မှာ မီးလောင်မှု ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ရှင်းပြပေးပါ။

ဖြေ ။ ။ ကရင်ပြည်နယ်မှာ ၂၀၁၉ ဇန်နဝါရီလ ၁ ရက်နေ့က နေစပြီး ဒီဇင်ဘာ ၃၁ရက်နေ့အထိ တစ်နှစ်လုံး မီးလောင်မှုမှာ ၄၆ကြိမ်ရှိတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သန်းပေါင်း ၁၀၇ ဒသမ ၄၉၇ ဖြစ်ပါတယ်။ အဲဒီမှာ ခရိုင်အလိုက် ကြည့်မယ်ဆိုရင် တစ်နှစ်လုံးမီးလောင်မှုမှာ ဖားအံခရိုင်မှာက ၁၉ ကြိမ်နဲ့ အများဆုံး ဖြစ်နေတယ်။ ဒုတိယ လိုက်တာက ကော့ကရိတ်ခရိုင်က ၁၄ကြိမ်။ မြဝတီခရိုင်က ၁၂ ကြိမ်နဲ့ ဖာပွန်ကတော့ တစ်ကြိမ်တည်းပဲ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်းနဲ့ကြည့်မယ်ဆိုရင် အများဆုံးက ကော့ကရိတ်က ၆၄ ဒသမ ၀၃ သန်းနဲ့ အများဆုံးဖြစ်ပြီးတော့ ဒုတိယနေရာမှာရှိတဲ့ ဖားအံက ၃၀ ဒသမ ၉၃သန်း၊ မြဝတီခရိုင်က ၁၁ ဒသမ ၈၃၇ တို့ ဖြစ်တယ်။ ဖာပွန်ကတော့ သုည ဒသမ ၇ လောက်ပဲ ရှိပါတယ်။

၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၈ခုနှစ်မှာ ၄၅ ကြိမ် မီးလောင်ခဲ့တယ်။ ဆုံးရှုံးမှုတန်ဖိုးက ၁၈၂ သန်း ရှိတယ်။ ၂၀၁၉ မှာက မီးလောင်မှု တစ်ကြိမ် ပိုများလာတယ်။ ဒါပေမယ့် ဆုံးရှုံးမှုတန်ဖိုးကတော့ ၂၀၁၈ ခုနှစ်ထက် နည်းလာတယ်။ ဘာပဲပြောပြော ၂၀၁၉ မှာက သန်း ၈၀ လောက် လျော့နည်းသွားတယ်လို့ ပြောလို့ ရပါတယ်။

မေး ။ ။ မီးလောင်မှု အများဆုံး ဖြစ်ခဲ့တဲ့ အချိန်ကိုလည်း ပြောပြပေးပါ။

ဖြေ ။ ။  ၄၆ ကြိမ် လောင်တဲ့နေရာမှာ အများဆုံးလောင်တဲ့လကို ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီ၊ မတ်နဲ့  နိုဝင်ဘာလတွေမှာ အများဆုံး လောင်တာ တွေ့ရတယ်။ အခုလတွေမှာဆိုရင် မီးလောင်မှု အရမ်းစိပ်တဲ့ ရာသီလို့ ပြောလို့ ရတယ်။ မီးငြှိမ်းသတ်တဲ့ နေရာမှာတော့ အခုနှစ် နောက်ပိုင်း ခေတ်မီ စက်ပစ္စည်းကိရိယာတွေနဲ့လည်း ပြန်သုံးလာနိုင်တော့ မီးငြှိမ်းသတ်တဲ့အခါမှာ ပိုပြီး မြန်ဆန်သွားတယ်။ မီးလောင်တဲ့အခါ ဆုံးရှုံးမှုတန်ဖိုး လျော့နည်းအောင် မီးသတ်က လုပ်လို့ရတယ်။ စလောင်တာနဲ့  မီး များမလာအောင် တစ်ခါတည်း ချက်ချင်း သွားငြှိမ်းတယ်။ စွမ်းရည်မြင့် ပစ္စည်းကိရိယာတွေ၊ ပြီးတော့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းအားနဲ့  အလျင်အမြန် ငြှိမ်းသတ်နိုင်ရင်တော့ ဆုံးရှုံးမှုတန်ဖိုး လျော့နည်းတာပေါ့။ မီးလောင်မှု အကြိမ်ရေ နည်းအောင်ကတော့  ပြည်သူလူထုကိုယ်တိုင် အသိနဲ့ လုပ်မှ ရမှာဖြစ်တယ်။

မေး ။ ။ ၂၀၁၉ မှာ မီးလောင်မှု အမျိုးအစားတွေထဲက ဘယ်အမျိုးအစားတွေက အများဆုံး ဖြစ်ပါသလဲ။

ဖြေ ။ ။ မီးသတ်ဌာနအနေနဲ့က မီးဖိုမီး၊ လျှပ်စစ်မီး၊ ပေါ့ဆမီး၊ ရှို့မီး၊ မိုးကြိုးမီး၊ အလိုအလျောက်မီး ဆိုပြီးတော့ မီးအမျိုးအစားအလိုက် ခွဲထားတာ ရှိတယ်။ ၂၀၁၉ ခုနှစ် ၄၆ ကြိမ် မီးလောင်မှုကို ပြန်ကြည့်လိုက်တဲ့အခါမှာ ပေါ့ဆမီးဟာ ၁၈ ကြိမ်နဲ့ အများဆုံး လောင်တာ တွေ့ရပြီးတော့ လျှပ်စစ်မီးက ၁၄ ကြိမ်နဲ့ ဒုတိယလိုက်တာ တွေ့ရတယ်။ တတိယက မီးဖိုချောင်မီး ၈ ကြိမ် ရှိတယ်။ ရှို့မီးက ၃ ကြိမ် ၊ မိုးကြိုးမီးက တစ်ကြိမ်၊ အလိုအလျောက်က၂ ကြိမ် လောင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ပေါ့ဆမီးဟာ ဘယ်မှာ အများဆုံးဖြစ်လဲဆိုရင် မြဝတီမှာ ၇ ကြိမ်နဲ့ အများဆုံး ဖြစ်တယ်။ အားလုံးတွေ့ တဲ့အတိုင်းပါပဲ၊ မြဝတီဟာ စီးပွားရေးမြို့တော်ဖြစ်ပြီးတော့ လူနေထူထပ်တယ်။ နိုင်ငံနယ်စပ်တွေ ရှိတယ်။ ဒေသပြောင်းရွှေ့တဲ့လူတွေလည်း နေတဲ့အတွက် သူတို့က နည်းနည်း ပေါ့ဆမီး အများဆုံး ဖြစ်တာ တွေ့ရတယ်။ ဒုတိယက မြို့တော် ဖားအံကတော့ သူတို့လောက် လူနေထူထပ်တာ မရှိပေမယ့်လည်း မြို့တော်နဲ့အညီ ခေတ်မီ စက်အသုံးအဆောင်ပစ္စည်းတွေ သုံးဆောင်တာ များတယ်။ လျှပ်စစ်မီးက ဖားအံက ၈ ကြိမ်နဲ့ အများဆုံး တွေ့ရတယ်။

လျှပ်စစ်နဲ့ လူသုံးကုန်ပစ္စည်း အများဆုံး သုံးစွဲတဲ့မြို့တွေပေါ့၊ ပြောချင်တာက ချမ်းသာတဲ့လူတွေက မြို့တော်မှာ နေတာ များတယ်။ သူတို့တွေက လျှပ်စစ်မီးကြောင့် လောင်တာ များတယ်။ မီးဖိုမီးမှာလည်း ဖားအံက ၅ ကြိမ်နဲ့ ကော့ကရိတ်က ၃ကြိမ် ဖြစ်တယ်။ မီးဖိုမီးက ရွာတွေမှာ၊ ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာ၊ ကျေးရွာအုပ်စု လူနေထူထပ်တဲ့ ရွာတွေမှာတော့ မီးဖိုမီး လောင်တာ များပါတယ်။

မေး ။ ။ မီးလောင်မှုကျဆင်းရေးအတွက် မီးသတ်တပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ပြောပြပေးပါ။

ဖြေ ။ ။ မီးသတ်တပ်ဖွဲ့မှာ ရည်မှန်းချက် ၄ ခု ရှိတယ်။ ဒါတွေက မီးဘေးလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်ရေးအပိုင်းရှိတာပေါ့နော်။

မီးဘေးလုံခြုံရေးအပိုင်းကို ပွင့်လင်းရာသီ၊ မိုးကုန် စက်တင်ဘာ ၁ ရက်ကနေ သတိထားပြီး ဆောင်ရွက်လာကြတယ်။ ဘယ်အချိန်ပြီးလဲဆိုတော့ မေ၊ ဇွန် အထိပေါ့။

အဲဒီအကြား မီးဘေးလုံခြုံရေးကို အာရုံစိုက်ပြီး သတိထားပြီးတော့ ဆောင်ရွက်တာပေါ့နော်။  မီးဘေးလုံခြုံရေး ဆောင်ရွက်တဲ့နေရာမှာဆိုရင် အပိုင်း ၃ ပိုင်း ရှိတယ်။ မီးဘေး သတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး အပိုင်း ဆောင်ရွက်တယ်။

မီးဘေးသတိမူရေးအပိုင်းက ဘာတွေဆောင်ရွက်လဲ ဆိုတော့ ပြည်သူလူထုကို မီးနှိုးဆော်တာပေါ့၊ ညဘက်တွေမှာ အသံချဲ့စက်နဲ့ မီးနှိုးဆော် သတိပေးနေတာ၊ သီချင်းလေးနဲ့ သတိပေးနေတာ စသဖြင့် လုပ်ဖြစ်တယ်။ ဒုတိယ မီးဘေး အသိပညာပေးတွေမှာ ကျောင်းတွေ၊ ရပ်ကွက်ကျေးရွာတွေ၊ ဌာနဆိုင်ရာတွေမှာ လုပ်ပေးတယ်။ တတိယက မီဒီယာကနေတစ်ဆင့် TVတွေမှာ ချပြတာ၊ အသိပညာပေးတာတွေကို ဆောင်ရွက်တာ ဖြစ်တယ်။ စတုတ္ထက လမ်းကြိုလမ်းကြား လမ်းခွတွေမှာ သတိပေးဆိုင်းဘုတ်တွေ ထူတာပေါ့၊ ဒါကမီးသတိမူရေး အပိုင်း။

နောက်တစ်ခုက ကြိုတင်ကာကွယ်ရေးအပိုင်းကတော့ စစ်ဆေးမှုတွေ ဆောင်ရွက်တာ။ ရပ်ကွက်၊ ကျေးရွာ တွေမှာ တအိမ်တက်တစ်အိမ်ဆင်း စစ်ဆေးတယ်။ မီးလောင် လွယ်တဲ့လုပ်ငန်းတွေ၊ ဥပမာ စက်သုံးဆီဆိုင်တို့၊ ဂက်စ်ဆိုင်တွေ၊ အခြားသော လုပ်ငန်းဆောင်ရွက်တဲ့ လုပ်ငန်းတွေကို စစ်ဆေးတယ်။ စက်ရုံ၊ အလုပ်ရုံတွေ စစ်ဆေးတယ်။ အထပ်မြင့် ဟိုတယ်တွေ၊ ဈေးတွေ စစ်ဆေးတယ်။

ပြီးတော့ မီးငြှိမ်းသတ်ရေးအပိုင်းမှာဆိုရင် တို့တွေ ဘာလုပ် ထားလဲဆိုတော့ မြန်သုံးမြန်ပေါ့၊ အဲဒါက မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန် ငြှိမ်းသတ်တာပေါ့။ မြန်မြန်သိအောင် ဘာလုပ်လဲဆိုတော့ ဆက်သွယ်ရေးကောင်းအောင် လက်ဦးမှုရရှိအောင် အမာခံတပ်ဖွဲ့ရှိတယ်။ အရန်မီးသတ်တပ်ဖွဲ့တွေ ရှိတယ်။ ပြီးတော့ ကြက်ခြေနီအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ INGO အများကြီး ရှိတယ်။ သူတို့တွေကနေတစ်ဆင့် သတင်းပေးပို့နိုင်ဖို့ တို့က မိတ်ဖွဲ့ထားတာပေါ့နော်။ အဲဒါကဆက်သွယ်ရေးနဲ့  မြန်မြန် သိအောင် လုပ်ထားတာပါ။

ပညာပေးတဲ့နေရာမှာ ဖုန်းနံပါတ်တွေ ကြေညာထားတယ်။ ၁၉၁ အတိုကောက် hotline တွေ ထည့်ထားတာပေါ့ ။ ဆက်လိုက်တာနဲ့ အနီးစပ်ဆုံး စခန်းက ဝင်သွားတယ်။ ဆက်သွယ်ရေးအပိုင်းကို အဲလို လုပ်ထားပေးတယ်။ မီးသတ်စခန်းဖုန်းနံပါတ်တွေ ပေးထားတယ်။ ဖုန်းတွေကို ၂၄နာရီ ဖွင့်ထားတယ်။ ဒါပေမဲ့ တစ်ချို့က ပြောတယ်။ မီးသတ်ကို ဖုန်းဆက်လည်း ဖုန်းမကိုင်ဘူး၊ ပြောကြတယ်။ ဒါပေမဲ့ တစ်ချို့လူတွေက ညသန်းခေါင် မီးသတ်ကို နောက်ပြီး ဖုန်းဆက်တယ်။ ဖုန်းဝင်ရင် ကိုင်တယ်။ မီးသတ်ကလား မေးတယ်။ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တာနဲ့ တစ်ဖက်က ဖုန်းချလိုက်တယ်။ ခဏခဏ စနောက်တော့ မီးသတ်ဝန်ထမ်းတွေကလည်း မခံနိုင်ဘူး။ ဝန်ထမ်းတွေက ဖုန်းမကိုင်ဘဲ နေလိုက်တာတွေ တခါတလေ ရှိတယ်။ မကိုင်တော့ မီးသတ် ဖုန်းမကိုင်ဘူး ပြောပြန်တယ်။ အဲလိုတွေလည်း ကြုံတွေ့ရပါတယ်။

ပြီးတော့ မြန်မြန်သွားတာက မြန်အောင်သွားနိုင်ဖို့ဆိုရင် ကျနော်တို့က သင့် ၄ သင့် လုပ်ထားရတာပေါ့။ လူ အသင့် ထားပေးရတယ်။ ပြီးတော့ စက်အသင့်၊ စက်က အဆင်သင့်ဖြစ်အောင် မပျက်အောင် အမြဲ စစ်တယ်။ မကြာခဏ နှိုးပေးရတယ်။ ရေအသင့်က ၂၄ နာရီ ကားပေါ်မှာ ရေကအပြည့် ထည့်ထားရတယ်။ အဲဒီအပြင်ကို ဘယ်ရပ်ကွက်မှာ မီးလောင်ရင် ဘယ်နေရာမှာ ရေရနိုင်မလဲဆိုရင် ချိတ်ဆက် ရှာဖွေထားရတယ်။ နောက်ဆုံးက ဆီအသင့်ပေါ့၊ ဆီက စက်သုံးဆီပေါ့၊ ကားဆီအပြင် မီးသတ်တဲ့အချိန်မှ ရေစုပ်ရတဲ့အတွက် ရေပန့်အတွက်လည်း ဆီ လုပ်ထားရတယ်။ ကားတစ်စီးမှာဆိုရင် အနည်းဆုံး ဆီ ၁၀ ဂါလံ ရှိရမယ်။ ကျနော်တို့ ပြည်နယ်မှာ ဆိုရင် ၁၅ ဂါလံ မလျော့အောင် မီးသတ်ကားတိုင်းမှာ ထားပေးထားတယ်။ အဲဒီ သင့် ၄ သင့် ရှိမှ ကျနော်တို့က သွားလို့ ရပါတယ်။

မေး။ ။ ကရင်ပြည်နယ်မှာ မီးသတ်စခန်းတွေကို ဘယ်လို စီမံခန့်ခွဲထားတာ ရှိပါသလဲ။

ဖြေ။ ။ တို့မှာ နိုင်ငံတော်က ခွင့်ပြုတဲ့စခန်းတွေက ခရိုင်မီးသတ်စခန်း၊ မြို့နယ်မီးသတ်စခန်း၊ နယ်မြေစခန်း ဆိုပြီး အဲဒီလိုဖွင့်ထားတာ ရှိတယ်။ ကရင်ပြည်နယ်မှာက ခရိုင်မီးသတ်စခန်း ၄ ခု၊ မြို့နယ် ၇ မြို့နယ်မှာ မြို့နယ် စခန်း ၇ ခု၊ နယ်မြေစခန်း ဆိုရင်တော့ ၃၄ စခန်း ရှိတယ်။

ဖွဲ့စည်းပုံမှာက နယ်မြေစခန်း ၄၄ ခု ရှိရမယ်။ အခု  ၃၄ စခန်း ရှိပြီဆိုတော့ တစ်ဝက်ကျော်လောက်တော့ ရှိသွားပြီ။ ကျန်တဲ့ စခန်းတွေက ဘာလို့ မဖွင့်လှစ်နိုင်လဲ ဆိုရင်တော့ ဖွင့်လှစ်နိုင်ဖို့ မြေနေရာ အခက်အခဲရှိတယ်။ ဘတ်ဂျက် လိုတယ်။ ပြီးတော့ ပစ္စည်းတွေ၊ ကားတွေ ခန့်ထားတဲ့ လူတွေလိုတာပေါ့။

မေး။ ။ ကရင်ပြည်နယ်မှာ မီးသတ်ဝန်ထမ်း ဘယ်လောက် ရှိလာနေပြီလဲ။ လုံလောက်မှု ရှိပြီလား။

ဖြေ။ ။ ကရင်ပြည်နယ်မှာ မီးသတ်ဝန်ထမ်းအရေအတွက်ကတော့ အရန်မီးသတ်သမားတွေကော၊ ၂၄ နာရီ တာဝန်ထမ်းဆောင်တဲ့ မီးသတ်တွေကော ပေါင်းလိုက်ရင် ခန့်မှန်းခြေ ၄၀၀ နဲ့ ၆၀၀ ကြားလောက် ရှိမယ်။ ဖွဲ့စည်းပုံအင်အားနဲ့ကြည့်မယ်ဆိုရင် ဝန်ထမ်းက အပြည့်အဝ မရသေးဘူး။ မရတာကလည်း ဘတ်ဂျက်တွေမှာ လူကို တစ်ပြုံတည်း၊ တစ်ပြိုင်တည်း ခန့်လို့ မရဘူး။ ဖွဲ့စည်းပုံရဲ့ သုံးပုံနှစ်ကို ကျနော်တို့က အရင်ဆုံး ခန့်ရတာပေါ့။ ဒါက ရဲဘော် အဆင့်ပေါ့။ ရဲဘော်အဆင့် ခန့်ထားပေမယ့် ကျနော်တို့ မီးသတ်က အပြင်ကနေပြီး တပ်ကြပ်ကြီး လာပါလို့ လုပ်လို့ မရဘူး။ အင်ဂျင်နီယာတို့၊ ဆရာဝန်တို့ကို ၃ ပွင့်နဲ့ လာပါလို့ ခေါ်လို့ မရဘူး။ ကျနော်တို့ဆိုရင် တစ်ပွင့်သင်တန်း တက်ပြီး လာခဲ့ရတယ်။ မီးပေါင်းစုံ ငြှိမ်းသတ်ရတာ အသက်မပါသွားဘဲ ခန္ဓာကိုယ် မချို့ယွင်းဘဲ ကံကောင်းလို့ ကျန်တာပါ။

မေး ။ ။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုတွေက ဘာလုပ်ထားသင့်သလဲ။

ဖြေ ။ ။ အိမ်တစ်အိမ်မှာ မီးဘေးအန္တရာယ် ကာကွယ်ဖို့အတွက် ရှောင်ရန်၊ ဆောင်ရန်တွေ သိထား သင့်တယ်။ မီးဖိုချောင် မီးကြွင်းမီးကျန် စစ်ဆေးတာတွေ၊ လျှပ်စစ်မီးဆိုရင် ခလုတ်တွေ ပိတ်ထားရတာတို့၊ အပြင်သွားရင် မိန်းချရတာတို့၊ ပတ်ဝန်းကျင် အမှိုက်သရိုက်တွေကိုလည်း ရှင်းလင်းထားရမယ်။ မည်သူမဆို ကိုယ့်ပတ်ဝန်းကျင်မှာ မီးစ နည်းနည်း မြင်ရင်လည်း ငြှိမ်းသတ်ရမှာဖြစ်တယ်။ တစ်ခြားနိုင်ငံတွေမှာ မီးလောင်မှု အကြိမ်အရေအတွက်က တို့နိုင်ငံထက် များပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အရမ်းမဆိုးတာလဲ၊ ဆုံးရှုံးမှု၊ ပျက်စီးမှုတန်ဖိုးတွေက ဘာဖြစ်လို့ မများတာလဲဆိုရင် သူတို့မှာ မီးနည်းနည်းလောင်တာ တွေ့ရင် ငြှိမ်းသတ်တယ်။

ဖုန်းဆက် တိုင်ကြားတယ်။ အိမ်တိုင်းမှာ မီးသတ်ဘူး ဆောင်ထားတယ်။ လေ့ကျင့်ထားတော့ အရမ်း မဆိုးသွားဘူး။ ကားတွေမှာလည်း သူတို့တွေက မီးသတ်ဗူး ဆောင်ထားတယ်။ တစ်အိမ်ကို ၃ လုံးလောက် မီးသတ်ဗူး ဆောင်ထားကြတယ်။ တစ်ချို့နိုင်ငံတွေက မီးဘေး ကြိုတင်ကာကွယ်ရေးကို ဖိ လုပ်ထားတယ်။ လိုက်နာကြတယ်။ ကျနော်တို့ကျတော့ ခလုတ်ထိမှ အမိတ၊ လောင်မှ လောင်သလို လုပ်ကြတာပေါ့။ မီးသတ်ဆေးဗူးလည်း မဝယ်ဘူး။ ကားထဲမှာဆိုလည်း တို့ကားက ဘယ်တော့မှ မီးမလောင်ဘူး ယုံကြည်မှု လွန်ကဲပြီး မဝယ်ဘူး။

အဲဒီလိုတွေ ရှိတဲ့အခါကျတော့ မီးလောင်မှု များတယ်။ များတော့ ဆုံးရှုံးမှုတန်ဖိုး မြင့်တက်လာတယ်။

ရပ်ရွာတွေမှာတော့ အိမ်ရှေ့မှာ ကြိုတင်ကာကွယ်တဲ့ မီးချိတ်တို့၊ သဲအိတ်တို့ ထားတာရှိတယ်။ မီးချိတ်ဆိုတာက လောင်စာတွေကို ဖြတ်တောက်ရှင်းလင်းတာ၊ မီးကပ်ကတော့ ရိုက်ပြီး ငြှိမ်းသတ်တာ၊ သဲကတော့ မီးတောက်ထဲကို ငြှိမ်းသတ်တာ။ ဒါပေမယ့် ဓာတ်ဆီ မီးလောင်ရင် သဲနဲ့ ပစ်လို့ မရဘူး။ သဲနဲ့ ပစ်ရင် သဲက အရည်အောက်မှာ ကျသွားမယ်။ သူ့ထက် ပေါ့တဲ့ဟာပဲ ငြှိမ်းလို့ ရတယ်။

မေး ။ ။ မီးလောင်မှု လျော့ကျအောင် ပြည်သူလူထုတွေကို ဘာများ အမှာစကား ပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့ မီးသတ်တပ်ဖွဲ့ရဲ့ စစ်ဆေးတဲ့အကြံပြုချက်တွေကို အလေးပေးထားပြီး လိုက်နာသွားမယ်ဆိုရင် မီးလောင်မှုတွေ မုချ ကျဆင်းမယ်ဆိုတာကို ပြောချင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေက အတွေ့အကြုံရယ်၊ မီးသတ်ပညာရပ်တွေအပေါ် မူတည်ပြီးတော့မှ ထုတ်ဖော်ပြီးတော့ အကြံပြုတာ ဖြစ်ပါတယ်။

မြင်တဲ့အတိုင်းပဲ၊ မီးလောင်မှုတွေက တစ်နှစ်ထက်တစ်နှစ် အချက်အလက်တွေ စုဆောင်းထားတယ်။ ဘယ်နေရာ၊ ဘယ်ရပ်ကွက်တွေမှာ မီးလောင်မှု အဖြစ်အများဆုံးလဲ၊ ဘယ်ရပ်ကွက်ကတော့ စက်သုံးဆီအန္တရာယ် မီးလောင်မှု များလဲ၊ စသည်အားဖြင့် ကျနော်တို့က သိတဲ့အခါကျတော့  ပိုပြီး လုပ်ရတာ ရှိတယ်။

တစ်ချို့ မီးဘေးအန္တရာယ်များတဲ့ လုပ်ငန်းစဉ်တွေကလည်း အများပြည်သူအကျိုးအတွက် အာဏာပိုင်အဖွဲ့ အစည်းကနေပြီး တရားစွဲရတာတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်းတော့ ရပ်ရွာတွေမှာ မြက်ခြောက်မီး များလာတယ်။ နည်းနည်းကနေ များများလောင်တော့ ငြှိမ်းမနိုင်ဖြစ်သွားတယ်။ နောက်ပိုင်း ရော်ဘာခြံတွေပါ မီးလောင်တယ်။ ငြှိမ်းတဲ့လူကလည်း ထွက်ပြေးသွားတယ်။ ပြောချင်တာက မြက်ခြောက် မီးရှို့ရင် တနိုင်တစ်ပိုင်လောက်ပဲ ရှို့၊ ဘေးနားမှာ ရေပုံး၊ ရေစည် သေချာထားပြီးတော့ ရှို့ ၊ ပြီးတော့ ကိုယ် မနိုင်လို့ရှိရင် မီးသတ် ဖုန်းနံပါတ်လေးကို ကိုယ့်လက်ထဲမှာ ကိုင်ပြီးတော့ ချက်ချင်း ဖုန်းဆက်ခေါ်လို့ ရတယ်လို့ အကြံပြုချင်ပါတယ်။

Most read this week

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...