သံတောင်ကြီး အမျိုးသမီးအဖွဲ့ ဒါရိုက်တာ နော်မာမာချိုနှင့် တွေ့ဆုံမေးမြန်းခြင်း

သံတောင်ကြီး အမျိုးသမီးအဖွဲ့ ဒါရိုက်တာ နော်မာမာချိုနှင့် တွေ့ဆုံမေးမြန်းခြင်း

“မူအရ ပါဝင်ခွင့် ရှိပေမယ့်လည်း တချို့နေရာတွေမှာ တချို့အမျိုးသားတွေက ခါးခါးသီးသီး ငြင်းပယ်နေသေးတယ်”

ဆယ်စုနှစ် တစ်ခုနီးပါး ပြည့်တော့မယ့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးထဲမှာ အမျိုးသမီးတွေရဲ့အသံ ဘယ်လောက် ပါဝင်ခဲ့သလဲ ၊ စစ်ရဲ့ဒဏ်ကို အမျိုးသမီးတွေလည်း အမျိုးသားများနည်းတူ ခံစားတွေ့ကြုံခဲ့ရတာမို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ သူတို့ ပါဝင်ခွင့်ကလည်း အရေးပါလှပါတယ်။

ဒီအကြောင်းတွေကို ကရင်ပြည်နယ်တောင်ပိုင်းအခြေစိုက် သံတောင်ကြီး အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ နော်မာမာချိုကို ကေအိုင်စီက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခြေအနေလေး ရှင်းပြပေးပါ။

ဖြေ။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တတိယ(ပင်လုံ)အစည်းအဝေးအထိ အမျိုးသမီး တွေရဲ့ပါဝင်မှုကတော့ နည်းနည်းတော့ များလာတာပေါ့။ ဒါပေမယ့် တတိယအစည်းအဝေးမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ကဏ္ဍအသီးသီးမှာ အမျိုးသမီး တွေပါဝင်ဖို့ တောင်းဆိုခဲ့တယ်။ အစုအဖွဲ့အသီးသီးက ပါဝင်ခွင့်အတွက် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့လည်း အဓိပ္ပာယ် ပြည့်ဝတဲ့ ပါဝင်မှု ဆုံးဖြတ်ခွင့်ရတဲ့ ပုံစံတော့ ပါဝင်ခွင့်မရသေးဘူး။ နောက်ဆုံး တတိယအစည်းအဝေး မှာ ၂၂ ရာခိုင်နှုန်းအထိတော့ ပါဝင်ခွင့်ရခဲ့တယ်။

မေး။ ။ အမျိုးသမီးတွေ ၂၂ရာနှုန်းပဲ ပါဝင်ရတဲ့အချိန်မှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲတွေကကော ဘာတွေ ဖြစ်မလဲ။

ဖြေ။ ။ အထူးသဖြင့် ငြိမ်းချမ်းဖြစ်စဉ်မှာတော့ များသောအားဖြင့် အစုအဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေက အမျိုးသား တွေနဲ့ပဲ သက်ဆိုင်တယ်ဆိုတဲ့ အတွေးအခေါ် အယူအဆ လည်း ရှိသေးတယ်။ ဥပမာ အစုအဖွဲ့ငါးခုစလုံးနဲ့ပြော ရမှာပေါ့၊ ပါဝင်မှုမှာလည်း အသီးသီးနည်းနေတာကို တွေ့ရတယ်။ စိန်ခေါ်မှုအနေနဲ့က အထူးသဖြင့်တော့ ပါဝင်လို့တော့ ရတယ်။ တကယ်တမ်း ဆုံးဖြတ်ချက် ချတဲ့နေရာ တကယ်တမ်း ပြောရေး ဆိုရေး ရှိတဲ့ နေရာမှာကြတော့ အမျိုးသမီးတွေမှာပါဝင်မှု နည်းနေတာကို တွေ့ရတယ်။ တကယ်ပဲ ထ ည့် ထားတယ် ပါဝင်တယ် ဆိုတာလောက်ပဲ ထည့်ထားတာဖြစ်တယ်။

မေး။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ဘာကြောင့် ပါဝင်သင့်တာလဲ။

ဖြေ။ ။ များသောအားဖြင့် အမျိုးသမီးတွေက စေ့စပ်ညှိနှိုင်းတဲ့နေရာမှာ အားသာတယ်။ စေ့စပ်ညှိနှိုင်းနိုင်တဲ့ စွမ်းရည် လည်းရှိတယ်။ များသောအားဖြင့် အမျိုးသမီးတွေက ဖြတ်ထိုးဉာဏ်ရှိတယ်၊ သီးခံနိုင်စွမ်းရှိတယ်။ ဒီအရာတွေ အမျိုးသမီးတွေ ပါဝင်စေဖို့အတွက် အားပေးတဲ့ အရာတစ်ခုဖြစ်တယ်။ နောက်တစ်ခုကတော့ ဒီလိုမျိုးမှာ ပါဝင်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ မတူညီတဲ့ အမြင်တွေကိုလည်း ထည့်သွင်းလို့ရတယ်။ ဒါကြောင့် အမျိုး သမီးတွေ ပါဝင်ခွင့်ရှိတယ်။ တချို့အမျိုးသမီးကဏ္ဍတွေ ဆွေးနွေးတော့မယ်ဆိုလိုရှိရင်လည်း အမျိုးသား အမြင်ရှုထောင့်တစ်ခုကနေ စဉ်းစားထားတာမဟုတ်ပဲနဲ့ အမျိုးသမီးတွေပါဝင်ခြင်း အားဖြင့် အမျိုးသမီးတွေက ကိုယ့်ရဲ့အခွင့်အရေးကို အဲ့မှာထည့်သွင်းပြီးတော့ ပြောဆိုဆွေးနွေးနိုင်တယ်။

မေး။ ။ လက်တွေ့မှာ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ အမျိုးသမီးတွေရဲ့ စိတ်ပါဝင်စားမှု ဘယ်လောက်ရှိလဲ။

ဖြေ။ ။ များသောအားဖြင့် ကျေးလက်နေ အမျိုးသမီးတွေကတော့ ဘာမှမသိဘူး။ ပြီးတော့ ပြည်တွင်းစစ်မခံစားရတဲ့ အမျိုးသမီးတွေကတော့ ဘာမှ ခံစားမှုမရှိဘူး။ များသောအားဖြင့် ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ အမျိုးသမီး တော်တော်များများက စိတ်ဝင်စားမှုရှိတယ်။ ဘယ်လိုပါဝင်ရမလဲဆိုတဲ့ အခြေအနေတော့ မသိကြဘူး။ ဘယ်နေရာကနေ ပါဝင်လို့ရမလဲ ဆိုတာကိုလည်း သိရှိမနေဘူး။ များသောအားဖြင့် သွားရောက်ပြီးတော့ မေးမြန်းလိုက်တဲ့ အခါမှာ တချို့နေရာတွေဆို စိတ်ဝင်စားမှုမရှိဘူး။ တချို့နေရာတွေမှာ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး တော့တောင် ထင်ကြတယ်။

ဒါပေမဲ့ တကယ်ပြည်တွင်းစစ်ကို ခံစားခဲ့ရတဲ့ အမျိုးသမီးတွေက ပါဝင်ချင်တယ် ပါဝင်ခွင့် မရကြဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေပဲ ဒီငြိမ်းချမ်းရေး ညီလာခံမှာ တက်ရောက် လို့ရတယ်၊ ဆွေးနွေးလို့ရတယ်ဆိုတဲ့ အမျိုးသားတွေရဲ့ တွေးခေါ်ယူဆမှုက ရှိနေတာပေါ့။ နင်တို့ အမျိုးသမီး တွေ သွားတက်ရောက်ရအောင် နင်တို့ဘာတွေ ဆွေးနွေး တတ်မှာမို့လို့လဲ ဆိုတဲ့ အရာတွေကလည်း ရှိနေတယ်ဆိုတဲ့အခါကျတော့ အမျိုးသမီးတွေပါဝင်ခွင့်မရဘူး။ နောက်တစ်ချက်ကလည်း အမျိုးသမီးတွေကိုယ်၌ကလည်း ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို တချို့အမျိုးသမီးတွေကပါဝင်ချင်ပေမယ့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တကယ်ပဲ ဆွေးနွေးရမယ့် အကြောင်းအရာတွေ ဗဟုသုတတွေ အားနည်းနေတာလည်း ရှိနေသေး တာပေါ့။

မေး ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သူတို့ ဘယ်လောက်အထိ ထည့်သွင်းပြောဆိုတာတွေ ရှိလဲ။

ဖြေ။ ။ များသောအားဖြင့်တော့ မပြောဆိုကြပါဘူး။ စီးပွားရေး ကဏ္ဍဆိုရင် အမျိုးသမီးတွေ ပါဝင်ခွင့်လည်းနည်းသလို စီးပွားရေး ကဏ္ဍမှာ အမျိုးသမီးတွေရဲ့ အရေးဆိုတာကလည်း သိပ်မတွေ့ရဘူး။ တချို့ လုံခြုံရေး ကဏ္ဍတွေ မှာဆိုလို့ရှိရင် အမျိုးသမီးအတွက်ဆိုပြီး သီးခြား ဆွေးနွေးတာမျိုး မတွေ့ရဘူး။ ဒီလူမှုရေး ကဏ္ဍမှာဆိုလို့ရှိရင် အဲ့လို နေရာမှာတော့ ထည့်ထားတာတွေ့ရတယ်။ တကယ်တမ်း အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ထည့်သွင်း ထားတာတွေ တော့အားနည်းနေသေးတယ်။

မေး။ ။ ၉ နှစ်ကျော်ကြာ ဖော်ဆောင်လာခဲ့တဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက်မှာ အမျိုး သမီးတွေရဲ့ ပါဝင်လာရမှုက ဘယ်လောက်အခြေအနေထိ ရှိခဲ့လဲ။

ဖြေ။။ ငြိမ်းချမ်းရေးညီလာခံမှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်ရမှုက တဖြည်းဖြည်းနဲ့တော့ နည်းနည်းများလာတာပေါ့။ ပထမတုန်းက ၆ ရာခိုင်နှုန်း၊ ဒုတိယတုန်းက ၁၃ ရာခိုင်နှုန်း တတိယအစည်းအဝေးမှာတော့ ၂၂ရာခိုင်နှုန်းပေါ့။ ဒါပေမယ့် ကဏ္ဍအသီးသီးတွေမှာ အစုအဖွဲ့အသီးသီးတွေရဲ့ ပေါ်လစီတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်ရမယ်ဆိုတာကို တကယ့် ပေါ်လစီထဲမှာ ထည့်သွင်းထားဖို့ လိုအပ်တယ်။ ပေါ်လစီမှာ ရှိပြီးဆိုလို့ရှိရင် အမျိုးသမီးတွေ ပါဝင်ခွင့်ပေးရမယ်၊ ပါဝင်ခွင့်ပေးပြီး သကာလ အမျိုးသမီးတွေ တကယ်ပဲ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ဝင်ဆွေးနွေးတဲ့ နေရာတွေမှာ ဆိုလို့ရှိရင် ထည့်သွင်းပေးဖို့လည်းလိုအပ်တယ်။ ခြုံငုံပြီး ကြည့်မယ်ဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုက နည်းနေသေးတာပေါ့။

မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်လာတဲ့အပေါ်မှာကော အမျိုးသားတွေရဲ့ လက်ခံနိုင်မှုက ဘယ်လောက်ရှိလဲ။

ဖြေ။ ။ လက်ခံတယ်လို့ ပြောမယ်ဆိုရင် တချို့ကတော့မူအရ ပါဝင်ခွင့်တော့ ရှိပေမယ့်လည်း တချို့နေရာတွေ မှာတော့ တချို့အမျိုးသားတွေက ခါးခါးသီးသီး ငြင်းပယ်နေသေးတယ်။ ဥပမာ စားပွဲဝိုင်းမှာ ဆွေးနွေးရတော့မယ်ဆိုရင် အမျိုးသားတွေက သူတို့ပဲ ပြောဆိုမယ်၊ သူတို့ပဲ ဆွေးနွေးမယ်ဆိုတာလည်း အများကြီး ရှိတာပေါ့။ အမျိုးသမီးတွေ ကိုယ်တိုင် အချင်းချင်းတောင်မှ ကိုယ့်ကိုကို nominate (အဆိုပြု)လုပ်နေရတယ်။ ဒီလိုဆွေးနွေး တော့မယ်ဆိုလိုရှိရင် အမျိုးသမီးတွေ အချင်းချင်းက nominate လုပ်နေရတယ်။ အမျိုးသား တွေက အမျိုးသမီးတွေ nominate လုပ်ပြီး ပြောပါဆိုတဲ့အရာကတော့ နည်းတယ်။

မေး။ ။ အမျိုးသားတွေကလည်း အမျိုးသမီးတွေမှာ ပါဝင်နိုင်စွမ်းရှိရင် ပါဝင်လို့ရတယ်ဆိုပြီး ပြောတာမျိုးလည်းရှိ တဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။ ။ အရည်အချင်းလို့ ပြောမယ်ဆိုရင် ဘာနဲ့ တိုင်းတာကြမှာလဲဆိုတဲ့ မေးခွန်းမေးစရာ ရှိလာတယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ အဲဒီလို ရှိနေပေမယ့် လည်း နေရာပေးမှု အခြေအနေကြောင့်လို့ပဲ ကျမမြင်တယ်။ အမျိုးသမီးတွေ ကိုယ်တိုင်က တချို့ဆိုရင် ပြောနိုင် ဆိုနိုင် ဆွေးနွေးနိုင်တဲ့ သူတွေ ရှိပါတယ်။ တကယ်တမ်း ငြိမ်းချမ်းဖြစ်စဉ် အပေါ် ထဲထဲဝင်ဝင် နားလည်တတ်ကျွမ်းတဲ့ အမျိုးသမီးတွေ ပြောဆိုဆွေးနွေးနိုင်တဲ့ အမျိုးသမီးတွေရှိနေပေမယ့်လည်း ပါဝင်ခွင့်မရတာလို့ပဲ ပြောချင်တယ်။ ဒါကြောင့် အရည် အချင်းရှိရင် ပါဝင်ပါဆိုတဲ့နေရာမှာ အရည်အချင်းရှိပြီး မပါဝင်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။

မေး။ ။ အမျိုးသမီးတွေရဲ့ ပါဝင်ခွင့်နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်သေးသလဲ။

ဖြေ။ ။ မြန်မာပြည်မှာလူဦးရေးရဲ့ တစ်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းမှာ အမျိုး သမီးတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို ဖြည့်စွက်ပြော ချင်တယ်။ ပြည်တွင်းစစ်ကို ခံစားခဲ့ရတုန်းကလည်း အမျိုးသမီးတွေ ကလေးတွေ အများကြီးခံစားခဲ့ရပါတယ်။ ဒါပေမယ့် တကယ့် စားပွဲဝိုင်းမှာ ဆွေးနွေးရတော့မယ့်အချိန်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အားနည်းတာပေါ့။ ဒါကြောင့် အမျိုးသမီးတွေပါဝင်ခြင်း အားဖြင့်လည်း တကယ်ပဲ ငြိမ်းချမ်းရေးမှာသော်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးမှာ သော်လည်းကောင်း အမျိုးသမီး ပါဝင်မှုကြောင့်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်တယ်။ ဒါကြောင့် အမျိုးသမီး ဒီထက်များများပါဝင်ဖို့ လိုအပ်တယ်။ ဒီထက် ပါဝင်ခွင့်ရဖို့လည်း တောင်းဆိုချင်တယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...