တိုင်းရင်းသား သာတူညီမျှရေး ပြည်ထောင်စုအရေး

တိုင်းရင်းသား သာတူညီမျှရေး ပြည်ထောင်စုအရေး

ဖေဖော်ဝါရီသည် ဆောင်းရာသီ၏ ရသကို ပေး၏။ နေ့ပူ၊ ညချမ်းကာ မြူနှင်းတို့ ဝေလေ၏။ နိုင်ငံ့အရေးအရာများ မှာမူ ကြည်လင်သာယာသည့် ဆောင်းရာသီနှင့် ပြောင်းပြန်။ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး က အသံစုံနေသည်။ ကရင်ပြည်နယ်၊ ဖာပွန်တွင် တကျော့ပြန် တိုက်ပွဲများနှင့်အတူ ဒေသခံများလည်း စစ်ဘေး ရှောင်ရင်း ဒုက္ခပင်လယ်ဝေနေကြဆဲဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံက ကရင်ပြည်နယ်သို့ ခရီးထွက်ခဲ့ရာ ဒေသခံများနှင့် လူထုတွေ့ဆုံပွဲများကို ကြာအင်း ဆိပ်ကြီး၊ မြဝတီ၊ ကော့ကရိတ်နှင့် လှိုင်းဘွဲမြို့များသို့ ဖေဖော်ဝါရီလကုန်ပိုင်းက ပြုလုပ်သွားခဲ့သည်။ မြို့နယ် ၇ခု ရှိသည့်အနက် ၄မြို့နယ်သို့ လာရောက်ခြင်းသည် ဒေသခံလူထုများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခြင်းဟု ဆိုသော်လည်း “တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်” ဆိုသည့် ဝေဖန်မှုများစွာ ဖြစ်နေသည်။ ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် မြဝတီမြို့၊ မြစန္ဒီပန်းခြံ၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းအရ ပြည်နယ်များတွင် ပြည်ထောင်စုအရေးကို အဓိကထားပြောဆိုလိုသည်ဟု ဆိုခြင်းမှာ အတွေးပွားစရာများ ရှိသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံရှိပြီး ကိုယ့်ပြည်နယ်အရေး၊ ကိုယ့်လူမျိုးစုအရေးကို အလေးထားသည့် စိတ်သည် သဘာဝကျသည်။ မှန်သည်ဟု ဆိုသည်။ သို့သော် အားလုံးရဲ့အထက်တွင် ပြည်ထောင်စုအရေးရှိ သည်ကိုမူ မမေ့စေချင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ ပြည်ထောင်စုသည် စုပေါင်းအင်အားများဖြင့် ဖြစ်ပေါ်လာသလို ဘိုးဘွား၊ မိဘ၊ သားသမီးများဖြင့် စုပေါင်းထားသည့် မိသားစုဟုလည်း သူမက ဥပမာပြ ဆို သည်။

အမှန်စင်စစ် တိုင်းရင်းသားများသည် မိမိလူမျိုး၊ မိမိပြည်နယ်အတွက်သာ စဉ်းစားနေကြသူများ မဟုတ်ပေ။ ယင်းသို့ မိမိလူမျိုးအတွက်သာ စဉ်းစားခဲ့မည်ဆိုလျှင် ပြည်မနှင့် တောင်တန်းဒေသတို့ အတူတူ လွတ်လပ်ရေး ရယူခဲ့မည်မဟုတ်သလို သီးခြားလွတ်လပ်သည့် ကရင်နီပြည်နယ်လည်း ပြည်ထောင်စုထဲတွင် ပါဝင်လာမည့် သဘောမရှိ။ တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်စာချုပ်၊ ချုပ်ဆိုကာ ပြည်ထောင်စုစိတ်ဓါတ်ကို ပြသခဲ့ခြင်း သည် သမိုင်းသက်သေ ဖြစ်သည်။

တိုင်းရင်းသားများနှင့် သဘောတူခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မည်သူတို့က မျက် ကွယ်ပြုခဲ့သနည်း။ ပြည်ထောင်စုဟုဆိုသော မိသားစုကြီးထဲတွင် သာတူညီမျှမှု မည်မျှရှိခဲ့သနည်း။ လက်ရှိ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်”ဟု ခေါ်ဆိုသော်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့်မဏ္ဍိုင်များတွင် ပြည်ထောင်စုပုံစံဟု ဆိုနိုင်ပါ၏လော။ တစ်ဦးကိုတစ်ဦး အပြစ်ပြောဆိုလိုခြင်း မဟုတ်ဘဲ အတွေးပွားခြင်းသာ ဖြစ်သည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဦးစားပေးလုပ်ဆောင်မည်ဟု ဆိုသည့် လက်ရှိအစိုးရကို တိုင်းရင်းသားပြည် သူများက ယုံကြည်မှုထားကာ အားကိုးမျှော်လင့်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းတံတား၊ ဗိုလ်ချုပ်ရုပ်ထု ကိစ္စ၊ ကရင်အာဇာနည်နေ့ စသည့် တိုင်းရင်းသားများနှင့်ဆိုင်သောကိစ္စ ဒေသန္တရ ပဋိပက္ခများမှာမူ ရင်ကြားစေ့ ရေးနှင့် သွေဖည်နေသည်။ အေးချမ်းသာယာမှုကို တည်ဆောက်လိုသည်ဆိုလျှင် ပြည်ထောင်စုအတွင်းဖြစ်စေ၊ တိုင်းဒေသ၊ ပြည်နယ်ဒေသများ၌ဖြစ်စေ သာတူညီမျှစွာ တန်းတူရည်တူရှိမှုများ ပြည့်ဝပေါ်လွင်ရမည်ဖြစ်သည်။

တိုင်းရင်းသားများအား သမိုင်းကို ဖက်တွယ်မထားရန်၊ မိမိပြည်နယ်၊ မိမိလူမျိုးအတွက်သာ မစဉ်းစားဘဲ ပြည် ထောင်စုအရေး စဉ်းစားရန် ပြောဆိုခြင်းကို နားလည်လက်ခံနိုင်ပါသည်။ သို့သော် တိုင်းရင်းသားများကို စာနာ နားလည်မှုဖြင့် သာတူညီမျှရှိသည့် ပြည်ထောင်စုစိတ်ဓါတ်ကို သဘောထားကြီးစွာ ပြသလိုပါက တိုင်းရင်းသား ပြည်သူများ၏ ရင်ဖွင့်သံကို နားထောင်၊ ဆန်းစစ်၊ ဆောင်ရွက်သင့်ပါသည်။

ထို့ကြောင့် ပြည်ထောင်စုအရေးသည် ပြည်ထောင်စုကို စုပေါင်းတည်ထောင်ထားသည့် တိုင်းရင်းသားများအ ကြား ခေတ်ကာလနှင့်လျော်ညီသော သာတူညီမျှမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မှသာလျှင် တိုင်းရင်းသားပြည်သူလူထုတိုင်း အတူတကွ ခံစားခွင့်ရှိသော ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုဆီသို့ တက် လှမ်းနိုင်မည့်အပြင် ပြည်ထောင်စုအရေးကို အပြောသာ မဟုတ်ဘဲ လက်တွေ့ကျကျ ညှိနှိုင်းဖော်ဆောင်သွားရန် တိုက်တွန်းပြောဆိုလိုက်ပါသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...