အင်တာနက်ဖြတ်တောက်မှုသည် လူအခွင့်အရေးချိုးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့ သဘောလား?

အင်တာနက်ဖြတ်တောက်မှုသည် လူအခွင့်အရေးချိုးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့ သဘောလား?

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်မြို့နယ်တစ်ချို့မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၃) ရက်နေ့ကစပြီး အစိုးရက ပိတ်ပင်လိုက်တာဟာ ခုဆိုရင် တစ်လကျော်ရှိပါပြီ။ ဒီလို အင်တာနက်လိုင်းတွေ ပိတ်ပင်လိုက်တာကြောင့် အဲဒီဒေသမှာ ရှိကြတဲ့ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ ဘယ်လောက် ထိခိုက်နစ်နာမှုတွေ ရှိစေသလဲ။ အစိုးရအနေနဲ့  ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ခုလို အင်တာနက်လိုင်းတွေ ပိတ်ရတာပါလဲ။ ဒီလို လုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ချိုးဖောက်ရာ ရောက်ပါသလား။ စစ်မက်ဖြစ်ပွားရာဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့ သဘောပါလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေရဲ့ အမြင်သဘောထားတွေကို ခိုနူမ်းသုန်သတင်းဌာနက စုစည်း တင်ပြပေးလိုက်ပါတယ်။

...

Cherry Zahau (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)

ရည်ရွယ်ချက်ရှိရှိနဲ့ မလုပ်သင့်တဲ့အရာကို လုပ်တယ်လို့ မြင်ပါတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပျက်နေတဲ့အရာတွေကို လူတွေမသိအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်။ လူတွေ ဒုက္ခရောက်အောင် ရည်ရွယ်ချက်ချက်ရှိရှိနဲ့ လုပ်တယ်။ အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာက မသိအောင်၊ မြန်မာနိုင်ငံ ကလူတွေမ သိအောင် အမှောင်ချလိုက်တဲ့ သဘောဖြစ်တယ်။ ဒါကမလုပ်သင့်ဘူး။ ရိုးသားမှုမဟုတ်ဘူး။ ပြည်သူလူထုတွေရဲ့ ကောင်းကျိုးမပြုဘူး။ ဘယ်အစိုးရကမှ မလုပ်သင့်ဘူး။

...

Salai Za Uk Ling

(Deputy Executive Director – Chin Human Rights Organization)

အင်တာနက်လိုင်းက မပိတ်သင့်တဲ့ အရာပေါ့နော်။ ဘာလို့လဲဆိုတော့ ဆက်သွယ်ရေး အင်တာနက်လိုင်းက အစကတည်းက အဲလောက် ကောင်းခဲ့တာ မဟုတ်ဘူး။ စစ်ပွဲတွေ ဖြစ်တဲ့အချိန်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အခက်အခဲ ပိုဖြစ်စေတာပေါ့နော်။ အာဏာပိုင်တွေကတော့ AA နဲ့ တိုက်ပွဲ ဖြစ်တဲ့အချိန်မှာ သတင်းမထွက်အောင်၊ ဒါမှမဟုတ် AA တွေက ဒါမျိုးတွေ မသုံးနိုင်အောင် ဖြတ်တောက်ထားတာလို့ ဆိုပေမယ့် အဓိကတော့ ပြည်သူတွေဆီမှာပဲ အကျိုးသက်ရောက်မှုက သွားဖြစ်စေတော့ မလုပ်သင့်တဲ့ အရာလို့ မြင်တယ်၊ ဒီလိုမျိုး ဆက်သွယ်ရေးအင်တာနက် ဖြတ်တောက်တာမျိုးက တခြားနိုင်ငံမှာလည်း မတွေ့ရဘူး။ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူလူထုတွေ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် သတင်းအချက်တွေ သိရှိနိုင်ဖို့က အရေးကြီးတယ်။ ဒီမိုကရေစီအစိုးရရဲ့ လုပ်သင့်တဲ့ အရာ မဟုတ်ဘူး။ ဒီလို ဆက်သွယ်ရေးလိုင်းတွေ ပိတ်လိုက်တာဟာ Rights to Information (သတင်းအချက်အလက်သိရှိပိုင်ခွင့်) တစ်ခုတည်းမဟုတ်ဘဲနဲ့ Rights to Life ပါ ထိခိုက်သွားတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်ပိုင်ခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးထဲမှာ အရေးပါဆုံးအရာ တစ်ခုဖြစ်တယ်၊ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် Rights to Life ကို ထိပါးစေတယ်၊ ဒီမိုကရေစီအစိုးရတစ်ရပ်အနေနဲ့ မလုပ်သင့်တဲ့ အရာဖြစ်သလို ဆက်သွယ်ရေးအင်တာနက် ဖြန့်ဖြူးတဲ့ Operatorတွေကလည်း မလိုက်လျောသင့်ဘူး။

...

Salai Ceu Bik Thawng (ချင်းလူငယ်နိုင်ငံရေးသမားတစ်ဦး)

AA နဲ့ တပ်မတော်တို့ရဲ့ စစ်ပွဲဆိုင်ရာကိစ္စရပ်တွေကို တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရပါတယ်၊ ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ သတင်းအချက်အလက်တွေကအစ ဟိုလူ့ကို သတင်းအချက်အလက်တွေဖြတ်ချင်လို့ ဆိုပြီးတော့ သိန်းနဲ့ သိန်းနဲ့ရှိတဲ့ ဒေသခံပြည်သူလူထုတွေကို သတင်းအချက်အလက် ပိတ်ပင်တာမျိုးကျတော့ မဖြစ်သင့်ဘူး၊ တပ်မတော်ကနေ ဒီမြို့နယ် ဒီမြို့နယ်တွေ အင်တာနက်လိုင်း ပိတ်ပေးဖို့ တင်ပြလာတဲ့အပေါ်မှာ ကြည့်ပြီးတော့ အစိုးရက ပိတ်ထားတယ်ပေါ့လေ။ ကျနော်တို့က အဲဒါကို မေးခွန်းထုတ်ချင်တာက အစိုးရကနေပြီးတော့ တပ်မတော်ပြောတိုင်းကိုပဲ လုပ်နေမှာလား၊ ဆင်ခြင်တုံတရားနဲ့ လူ့အခွင့်အရေးဆိုတာကိုလည်းပဲ အစိုးရက သိရမယ်။ ဒါက စစ်ရေးနဲ့မ ဆိုင်ဘူးလေ။ ပြည်သူနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပိတ်ပင်လို့မရဘူး။ ဒါကပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ အခွင့်အရေးကို ချိုးဖောက်နေတာပဲလေ။

...

မင်းဘာချေ ( ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက် ဦးဆောင်သူ)

ချင်းပြည်နယ်မှာ ရှိတဲ့လူတွေရော၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့လူတွေရော သူတို့ရဲ့ တစ်နေ့တာ စားသောက်ဖို့ တစ်နေ့တာ ဝင်ငွေတွေ၊ အွန်လိုင်းအသုံးပြုပြီး စီးပွားရေးလုပ်တဲ့ အပိုင်းတွေ အကုန် ထိခိုက်လာတယ်၊  နိုင်ငံခြားမှာ ရောက်ရှိနေကြတဲ့ သူတို့မိသားစုတွေနဲ့ ဆက်သွယ်တဲ့စနစ်တွေကအစ မရှိတော့ဘူး၊ နောက်တစ်ခုက ကျောင်းသူကျောင်းသားတွေ အွန်လိုင်းကို အသုံးပြုပြီးတော့ ပညာရေးကို လေ့လာနေကြတဲ့သူတွေ အများကြီး ရှိကြတယ်။ သူတို့အတွက်လည်း အခွင့်အရေးက မရှိတော့ဘူး။ နောက်တစ်ခုကတော့ ကျန်းမာရေးပိုင်းပေါ့။ စစ်ဘေးရှောင်ပြည်သူတွေ သူတို့နေထိုင်တဲ့ စခန်းတွေရဲ့ မြေပြင်ပကတိအနေအထားတွေ မသိနိုင်တော့ဘူး။ သူတို့ရဲ့ကျန်းမာရေးအခြေအနေ၊ အစားအသောက်ဖူလုံမှုက ဘယ်လိုရှိလဲ၊ စစ်ဘေးရှောင်စခန်းရဲ့ လုံခြုံရေးက ဘယ်လောက်ရှိလဲစတဲ့ အကြောင်းအရာတွေကို သက်ဆိုင်တဲ့ အစိုးရအဖွဲ့ ရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အဖွဲ့အစည်းတွေအတွက် သေချာခိုင်မာတဲ့ သတင်းစီးဆင်းမှုက မရှိတော့ဘူး၊ အင်တာနက် ဖြတ်တောက်လိုက်ပြီဆိုတာနဲ့ မြေပြင်ရဲ့ ပကတိအနေအထားအခြေအနေကို အများပြည်သူတွေ သိအောင်၊ နိုင်ငံတကာ သိအောင် မချပြနိုင်တော့တဲ့အခါမှာ စစ်တပ်အနေနဲ့ သူတို့လုပ်ချင်သလို လုပ်လို့ ရသွားတယ်။

အင်တာနက်လိုင်း ဖြတ်လိုက်ပြီဆိုတာနဲ့ ဒါက လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို အစိုးရကလည်း ကောင်းကောင်း သိတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ဖြတ်လဲပေါ့။ နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြပြီး စစ်တပ်က ဒီစကားကို ပြောပြီးတော့ အင်တာနက်ဖြတ်တဲ့ အပိုင်းကို သူတို့က လုပ်တယ်။ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ အရာသည် ဘာကို ဆိုလိုသလဲ၊ စစ်တပ်ရဲ့လုံခြုံရေးကို ဆိုလိုသလား၊ ဒါမှမဟုတ် ပြည်သူတွေရဲ့ လုံခြုံရေးကို ဆိုလိုသလားဆိုတဲ့ မေးခွန်းရှိပါတယ်၊ ဒါပေမဲ့ အခု ကျနော်တို့ မြင်တာက စစ်တပ်ရဲ့ လုံခြုံရေးကိုပဲ  အဓိက ဦးတည်ပြီး လုပ်တဲ့ လုပ်ရပ် ဖြစ်နေပါတယ်။ စစ်တပ်ရဲ့လုံခြုံရေးကို အစိုးရက Cover ပေးတဲ့ သဘောလို့ပဲ မြင်ပါတယ်။

...

Peter Luailu (အယ်ဒီတာချုပ် - ခူမီးမီဒီယာ)

ဒီဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အခါမှာ သတင်းတွေ တခြားနေရာမှာ ပြန့်မသွားအောင် အင်တာနက်လိုင်းတွေ ပိတ်တာလို့ ယူဆရပါတယ်၊ ဒါပေမဲ့ ဒီဟာက လုပ်ထုံးလုပ်နည်း မမှန်ဘူး၊ တခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်ပါတယ်၊ သူတို့ လုပ်ချင်တဲ့အရာကိုပဲ မစဉ်းစားဘဲနဲ့ ဒေသခံတွေရဲ့ နစ်နာထိခိုက်မှုကို ခံစားပေးစေချင်တယ်၊ ခုဆိုရင် ပလက်ဝမြို့ဒေသက လူတွေကတော့ သတင်းအမှောင်ချထားခံရသလို ဖြစ်နေတာပေါ့နော်၊ ပလက်ဝမှာက တခြားမြို့နယ်တွေလို ပုဂ္ဂလိကဘဏ်တွေလည်း မရှိတော့ Wave Money နဲ့ ငွေလွှဲစနစ်ကို အဓိက အသုံးပြုရတယ်။ အင်တာနက်လိုင်းဖြတ်လိုက်တဲ့ နောက်ပိုင်းမှာ Wave Money လည်း သုံးလို့မရတော့ဘူး၊ ပလက်ဝမြို့နယ်က ဆယ်တန်းအောင်ချက် နည်းတဲ့အတွက်ကြောင့် တခြားမြို့နယ်တွေမှာ ၁၀ တန်း တက်နေတဲ့ သားသမီးတွေကို ငွေပို့လို့ မရတော့ဘူး။ အကျိုးဆက်ကတော့ အများကြီးပါပဲ။ ခုဆိုရင် ရေလမ်း၊ ကုန်းလမ်းတွေ အကုန်လုံး ပိတ်သွားတဲ့အတွက်ကြောင့်မို့လို့ ဒုက္ခတွေက ပိုပြီးတော့ များလာပေါ့နော်။ ဒေသခံတွေက ဘယ်သူ့ကို အားကိုးရမလဲဆိုတာ မသိတော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပလက်ဝမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးနဲ့ ဝန်ကြီးတစ်ဦး ရှိတာပေါ့နော်။ ကျနော်တို့ ဒီအစိုးရကို မဲပေးလို့ အစိုးရ ဖြစ်လာကြတာပေါ့ဗျာ။ မဲပေးတဲ့ ပြည်သူတွေကလည်း အစိုးရကို အားကိုးတာပေါ့ဗျာ။ ဘာလုပ်ပေးလာမလဲဆိုတာ။ ဒါပေမဲ့ အစိုးရကလည်း တစ်လလောက်နီးပါးအထိ ဘာမှ မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်။ သူတို့အပေါ်မှာ အားမရမိတာတော့ အမှန်ပဲ၊ ဒေသခံတွေ အနေနဲ့။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...
September 19, 2024
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို...