ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာခါးလီနှင့် တွေ့ဆုံမေးမြန်းခြင်း

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာခါးလီနှင့် တွေ့ဆုံမေးမြန်းခြင်း

စစ်ဘေးရှောင်များကို ပထမအကြိမ် နေရပ်ပြန်ပို့မည့် အစီအစဉ်တွင် သတ်မှတ်ထားသည့် အိမ်ထောင်စုအရေအတွက်ထက် ပိုများနေ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဦးဆောင်ပြီး ကချင် စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကို ကချင်ပြည်နယ် ကျေးရွာ ၁၀ ခုတွင် နေရပ် ပြန်ပို့နိုင်ရန် စီစဉ်နေပြီ ဖြစ်သည်။

ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်း ကူညီမှုဖြင့် လုပ်ငန်းဖော်ဆောင်မည်ဖြစ်သော နေရပ်ပြန်ရေး လက်ရှိအခြေအနေနှင့်ပတ်သက်၍ KBC ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာ ခါးလီကို ကချင်သတင်းဌာန (KNG) က တွေ့ဆုံမေးမြန်းထားသည်။

မေး။    ။ စစ်ပြေးဒုက္ခသည်တွေကို နွေရာသီကျရင် နေရပ် ပြန်ပို့မယ်ဆိုပြီး သတင်းစာ ရှင်းလင်းထားတာ အခု နောက်ဆုံးအခြေအနေ ဘယ်လိုရှိပြီလဲ သိချင်ပါတယ်။

ဖြေ။    ။ အခု မတ်လမှ စမှာပါ။ ရွှေညောင်ပင်၊ တာလောကြီး၊ ကျောက်စခန်း၊ ဒေါ့ဖုန်းယန် စတဲ့ ကျေးရွာတွေက ပြန်မယ့်သူတွေ စာရင်းကို စိစစ်နေတယ်။ တကယ် အရင်က အချက်အလက်နဲ့ အခု လက်ရှိအခြေအနေတွေကို စစ်ဆေးနေတဲ့ အခြေအနေ ရောက်နေပြီ။

မေး။    ။ ဒီအစီအစဉ်က ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က ဦးဆောင်လုပ်နေတာလား။

ဖြေ။    ။ KHCC ဆိုတာထက် ဒါကတော့ သီးခြားအဖွဲ့ဖြစ်တဲ့ စစ်ရှောင်တွေရဲ့ ရေရှည်တည်တံ့ရေး အဖြေရအောင် လုပ်နေတာ။

မေး။    ။ ဒါဆိုရင် KHCC မဟုတ်ဘဲ KBC က သီးခြားလုပ်နေတာပေါ့။

ဖြေ။    ။ ဟုတ်တယ်။ ဒါက KBC ရဲ့ လုပ်ဆောင်မှုသာ ဖြစ်တယ်။ KHCC ရဲ့ မူတော့ မဟုတ်ဘူး။

မေး။    ။ မတ်လကနေ စမယ့် ဒီ နေရပ်ပြန်ရေး အစီအစဉ်မှာ KBC အဖွဲ့ဝင်တွေပဲလား၊ ဒါမှမဟုတ် တခြားအဖွဲ့တွေကော ပါမှာလား။

ဖြေ။   ။ ပြန်မယ့် စာရင်းထဲမှာတော့ အစုံ ပါတယ်။ ပြန်ချင်တယ်ဆိုပြီး စာရင်းထည့်ရင် ရပါတယ်။ KBC အဖွဲ့ဝင်တွေကိုပဲ လက်ခံတာ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ ကျေးရွာတွေမှာ ပြန်ချင်တယ်ဆိုရင် ရတယ်။ ဘာသာရေး ခွဲခြားတာ မရှိပါ။ တခြား AG ၊ COC ၊ ကတ်သလစ် ဘာသာတို့လည်း ပါဝင်တယ်။

မေး။    ။ အရင်က ကြားဖူးတာက အခု ပထမတစ်ခေါက် နေရပ်ပြန်မယ့်စာရင်းမှာ ကျေးရွာ ၁၀ ခု ပါတယ်လို့ သိရတယ်။ အခု နောက်ဆုံးအဆင့်မှာကော ကျေးရွာ ဘယ်လောက် သတ်မှတ်ထားပြီလဲ။

ဖြေ။    ။ အခုလောလောဆယ်က တာလောကြီး၊ ရွှေညောင်ပင်၊ ဒေါ့ဖုန်းယန်၊ ကျောက်စခန်း၊ မိုင်းခေါင်၊ မုန်းဒိန်ပါ၊ နားလုံ၊ အကျဲ စတဲ့ ကျေးရွာတွေ ပါမယ်။

မေး။    ။ ဒီကျေးရွာတွေကို ဘယ်လို စံချိန်စံညွှန်းပေါ်မှာ ရွေးချယ်ခဲ့တာပါလဲ။

ဖြေ။    ။ KBC ဘက်ကကြည့်ရင်တော့ ဒီကျေးရွာတွေက အခုထိ ရှိနေတယ်။ တိုက်ပွဲနဲ့ ဝေးနေတယ်။ အုပ်ချုပ်ရေးဌာန ၂ ခု မရောနှောတဲ့ နေရာ၊ ဘဥပမာ အခုက တပ်မတော်နေရာယူ၊ နောက်တော့ KIA က နေရာပြန်ယူ၊ အဲလို နေရာတွေ မဟုတ်ဘဲ တစ်ဖက်ပဲ အုပ်ချုပ်နေတဲ့ နေရာတွေ ဖြစ်ရမယ်။ ပြီးတော့ တကယ်လည်း နေရပ်ပြန်တဲ့သူ တချို့ရှိနေပြီ။ အစအဆုံး ပြန် တည်ဆောက်ယူရမယ့် နေရာတွေ မဟုတ်ဘူး။ တာလောကြီးဆို အရင်ကတည်းကလည်း နေကြတယ်။ ၆၀ ရာခိုင်နှုန်းလောက် လူတွေ ရှိနေကြတယ်။ ရွှေညောင်ပင်ဆိုလည်း အဲလိုပဲ။ ဒေါ့ဖုန်းယန်လည်း အားလုံး ပျက်စီးသွားတာ မဟုတ်ဘူး။ ဒါပေမယ့်လည်း ပြန်ချင်တဲ့သူ ရှိမှပါ။ ကျနော်တို့ဘက် စံချိန်စံညွှန်းဆိုတာထက် ပြန်မယ့်သူတွေရဲ့ သဘောပေါက်မှုအပေါ်ပဲ မူတည်မယ်။

မေး။    ။ နားလုံ လိုကျေးရွာတွေက KIO ဘက်မှာ ခိုလှုံနေတဲ့သူတွေ ဖြစ်တယ်။ ဒီတစ်ခေါက် ပြန်မယ့်ထဲမှာ အစိုးရနယ်မြေထဲကလား၊ KIO ဘက်ကကော ပါမှာလား။

ဖြေ။    ။ ဒါကတော့ သူတို့ဘက်က နားလည်သဘောပေါက်မှုပေါ်မှာ မူတည်တယ်။ သူတို့ဘက်က ပြန်ချင်ရင်တော့ ဟိုဘက်က သက်ဆိုင်ရာ စခန်းတာဝန်ခံတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ဆောင်ရမယ့် အခြေအနေတော့ ရှိတယ်။ ကျနော်တို့ဘက်တော့ ကူညီလို့ ရတယ်ဆိုတော့ သဘောပါ။ မပြန်မနေရဆိုတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ သူတို့ဘက်က ပြန်ချင်တယ်ဆိုမှ သူများတွေလို ပြန်ပြီး ပြန်လည် ထူထောင်ချင်တယ် ဆိုမှပါ။

မေး။    ။ အခု မေလမှ စ ပြန်မယ်ဆိုတော့ လူကြီး လူငယ် ကလေး အရွယ်စုံ ပါမယ်၊ ဆိုတော့ အခု ဇွန်လမှာ ကလေးတွေ ကျောင်းဖွင့်ချိန် မီပါ့မလား။

ဖြေ။    ။ တချို့တလေက မမီလောက်တော့ဘူး။ ဘာလို့ဆိုတော့ အခုမှ စမှာ ဆိုတော့ ဆောက်လုပ်ရေးအချိန်လည်း ယူရဦးမယ်။ အကုန်လုံးတော့ မပြီးလောက်ဘူး။ ပညာရေးနဲ့ပတ်သက်ပြီးမှလည်း အစိုးရနဲ့ အရမ်း ညှိနှိုင်းရဦးမယ့် သဘောပါ။ ဒါတွေကိုတော့ ကျနော်တို့ အပိုင်းခွဲပြီး စဉ်းစားပေမယ့် အဲဒီပိုင်းကတော့ အဓိကထား မလုပ်နိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ပညာရေး၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးကိုတော့ အစိုးရ တာဝန်ရှိတယ်လို့ ပြောထားတယ်။ ကျနော်တို့ဘက်ကတော့ သူတို့အတွက် နေဖို့၊ စားဖို့ကို လ အနည်းငယ်လောက်ပဲ ထောက်ပံ့ဦးမှာပါ၊ ဆိုတော့ အစိုးရပိုင်းလည်း ရှိပါတယ်။

မေး။    ။ အခု KBC က ဦးဆောင်ပြီး နေရပ်ပြန်ဖို့ စီစဉ်တဲ့ အခြေအနေမှာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပါဝင်မှု ရာခိုင်နှုန်းဆိုရင် ဘယ်လောက်ရှိမလဲ။

ဖြေ။    ။ ရာခိုင်နှုန်းလို ပြောမယ်ဆိုရင်တော့ ခက်တယ်။ အစိုးရကိုတော့ ကျနော်တို့အအစီစဉ် သူတို့ကို အသိပေးရုံလောက်ပါပဲ။ ပါဝင်ဖို့ပါက သူတို့အပိုင်း ဖြစ်တယ်။ ကျနော်တို့ နားလည်တာက နေရပ်ပြန်ရေးမှာ ဘယ်သူဖြစ်ဖြစ် အစိုးရဘက် ဌာနတစ်ခုခုတော့ သိရမယ်။ သူတို့ ပါဝင်နိုင်တဲ့ အပိုင်းကနေ ပါဝင်ပါလိမ့်မယ်။

မေး။    ။ ဒါဆို မိုင်းရှင်းလင်းရေးကို ဘယ်လို လုပ်ကြမလဲ။

ဖြေ။    ။ ကျောက်စခန်းလို နေရာမှာက မသွားရကန့်သတ်နေရာတွေ ရှိသေးတယ်။ နေရပ်ပြန်တဲ့သူတွေလည်း ရှိနေပြီ။ ဒီလိုအခြေအနေမှာ အစိုးရကို အကြောင်းကြားလိုက်ရင် သူတို့နဲ့ အပိုင်းတစ်ခုအနေနဲ့ ပြန်ပြီး ဆွေးနွေးမယ့် အခြေအနေ ဖြစ်တယ်။

မေး။    ။ အခု နောက်ဆုံးမှာ နေရပ်ပြန်ဖို့ စာရင်းပေးထားတာ ဘယ်လောက် ရှိပြီလဲ။

ဖြေ။    ။ ပထမအကြိမ် စမ်းသပ်အနေဖြင့် အိမ်ထောင်စု ၅၀၀ လို့ ပြောထားပေမယ့် တကယ့်လက်တွေ့မှာတော့ အိမ်ထောင်စု ၁၀၀၀ လောက်က အခု အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် ကျနော်တို့က ရထားတဲ့ ထောက်ပံ့ငွေပေါ်မှာပဲ လုပ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ၂၀၂၀ မှာတော့ အိမ်ထောင်စု ၅၀၀ လောက်ကိုပဲ ပြန်ခိုင်းမယ်။ ဒါကလည်း သူတို့သဘောပါ။ ကျနော်တို့ဘက် တတ်နိုင်တဲ့ အတိုင်းအတာကိုပဲ ပြောတာပါ။

မေး။    ။ ဒါကတော့ KBC က ဦးဆောင်တဲ့အပိုင်းပေါ့လေ။  KHCC အနေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဆွေးနွေးနေတာ ဘယ်အခြေအနေ ရှိပြီလဲ သိချင်ပါတယ်။

ဖြေ။    ။ KHCC နဲ့ အစိုးရ ဆွေးနွေးနေတာက မူဝါဒ တစ်ခု ဖြစ်လာရေး ဖြစ်တယ်။ ကျနော်တို့ JST, KHCC တို့ ပူးပေါင်း ရေးဆွဲထားတဲ့ ကချင်ပြည်နယ်၊ ရှမ်းမြောက်မှာ အသုံးဝင်မယ့် မူဝါဒကို KIO ဆီ တင်တဲ့အခါ KIO ဘက်လည်း အတည်ပြုပေးလိုက်တယ်။ ဒါကို အစိုးရဘက် ပြန်ပေးပို့ဖို့ KHCC ကို တာဝန်ပေးထားပေမယ့် အခုထိ မပို့နိုင်သေးဘူး။ မပို့နိုင်တဲ့အတွင်းမှာ အစိုးရဘက်ကလည်း စခန်းပိတ်သိမ်းရေး မဟာဗျူဟာကို အကောင်အထည်ဖော်လာတာ တွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကလည်း မူဝါဒကို မပို့နိုင်သေးတော့ ဘယ်အချက်အပေါ် ဆွေးနွေးမလဲဆိုတာ ပြောဆိုခက်တယ်။ ကျနော်တို့လည်း ဒီလို အခြေအနေတွေကြားမှာ နေရတာ ဖြစ်တဲ့အတွက် KHCC အနေနဲ့ အစိုးရနဲ့ အရမ်း ဆွေးနွေးအောင်မြင်တာ မရှိသေးဘူး။ ဒါပေမယ့် စစ်ရှောင်တွေကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြန်နေတာရှိတဲ့အတွက် သူတို့ကို စည်းရုံးဖို့နဲ့ နောက်ကနေ ကူညီပေးဖို့ကတော့ ကိုယ့် သက်ဆိုင်ရာအဖွဲ့တွေကနေပဲ လိုက်လုပ်ပေးနေတယ်။ ဒါကြောင့် စစ်ရှောင် နေရပ်ပြန်ဖို့ KHCC အနေနဲ့ အစိုးရနဲ့ ဆွေးနွေးနေတာရှိသလို တစ်ဖက်မှာလည်း ကိုယ့် သီးသန့်အဖွဲ့ကနေ သီးခြား ကူညီနေတာ ရှိတယ်။

မေး။    ။ နေရပ်ပြန်မယ့်သူတွေအတွက်ကော၊ စခန်းမှာ ဆက်လက်ခိုလှုံနေဦးမယ့် သူတွေအတွက်ကော ၂၀၂၀ ရှေ့ဆက် သူတို့ ကူညီထောက်ပံ့မှု အခြေအနေတွေက ဘယ်လို ရှိလာမလဲ။

ဖြေ။    ။ ကူညီထောက်ပံ့မှုတွေက ကန့်သတ်ချက် အရမ်းများလာပြီ။ အရင်လို ရဖို့တော့ ခက်လာတယ်။ ဘယ်နေရာမဆိုပေါ့။ နယ်စပ်ဒေသဖြစ်ဖြစ်၊ အစိုးရ ထိန်းချုပ်နယ်မြေဖြစ်ဖြစ် ထောက်ပံ့မှုတွေက တစ်ရက်ထက် တစ်ရက် နည်းလာတယ်။ ကူညီတဲ့ အဖွဲ့တွေကလည်း သူတို့ကို ပိုက်ဆံပေးတဲ့ အဖွဲ့တွေ ဖြတ်လိုက်လို့ ဒီဘက်ကို မကူညီနိုင်တော့ဘူးလို့ ပြောလာတာလည်း ရှိတယ်။

KNG ။    ။ ကျေးဇူးတင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...