ခေတ်အဆက်ဆက် တိုက်ပွဲပေါင်းများစွာကို ဖန်တီးသူတို့၏ လက်စွဲစကားမှာ “ပြည်သူများ၏ လုံခြုံရေးအတွက် အာမခံပေးလို၍” ဆိုသောစကားပင်ဖြစ်သည်။ တကယ့်လက်တွေ့ဘဝတွင်တော့ စစ်ပွဲဖြစ်ပွားလာခြင်းနှင့် ပြည်သူတို့ မလုံခြံုမှုမှာ တိုက်ရိုက်အချိုးကျသည်။ တိုက်ပွဲဖြစ်ပွားလာလျှင် ကိုယ်ထိလက်ရောက်ပါဝင်သူများမှာ တန်ဖိုးမြင့်မားလာကြသော်လည်း တကယ်တမ်း သူတို့ရည်မှန်းပြီးတိုက်နေသော သာမန်ပြည်သူများမှာ လုံခြံုအေးချမ်းမှု ဆိတ်သုန်းသွားရစမြဲပင်ဖြစ်သည်။ အရိပ်လိုချင်လျှင် နေပူကစောင့်ရသည်။ အနာခံမှ အသာစံရမည် စသော ဆောင်ပုဒ်များသည်လည်း ခေတ်အဆက်ဆက်တိုက်ပွဲဝင်သူများက ပြည်သူကိုချွေးသိပ်ခဲ့သော စကားများပင် ဖြစ်သည်။
သို့သော်လက်တွေ့တွင် တိုက်ပွဲရှည်ကြာလာလျှင် ပိုပြီးနစ်နာသူများမှာ ပြည်သူများသာဖြစ်သည်။ စစ်ပွဲကြောင့် အလုပ်အကိုင်ရှားပါးမှုများဖြစ်လာသည်။ စစ်ပွဲကြောင့် ခရီးသွားလာမှုလုပ်ငန်းများ ထိခိုက်လာသည်။ စစ်ပွဲကြောင့် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အကျပ်အတည်းရောက်လာသည်။ သို့သော် သက်ဆိုင်သူများက ပြည်သူတို့ခံစားရသော ယခုကဲ့သို့ အကျပ်အတည်းများကို ထည့်ဝင်စဉ်းစားမှုရှိကြသလားဆိုတော့ မိမိတို့၏ အာဏာဗဟိုချက်ထက် ပိုပြီးထည့်တွက်ကြသည်ကို မတွေ့ရပေ။
ကချင်အခြေစိုက်ဒုက္ခသည်စခန်း၊ ကရင်အခြေစိုက်ဒုက္ခသည်စခန်း၊ ယခုဆိုလျှင် ရခိုင်အခြေစိုက်ဒုက္ခသည်စခန်း တို့ကိုလေ့လာကြည့်လျှင် တူညီသောအချက်မှာ စားနပ်ရိက္ခာ လုံလောက်မှုမရှိခြင်းပြဿနာကို အရင်ဦးဆုံးကြားနာရမည်ဖြစ်သည်။ ဒုတိယအဆင့်မှာ စစ်ပွဲမှာတိုက်ရိုက်တာဝန်ရှိသော နှစ်ဖက်အဖွဲ့အစည်းမှာလည်း သူတို့လုပ်လို့ ဒီလိုမျိုးဖြစ်ရတာပါဆိုသော တာဝန်ခံမှုအစား တစ်ဖွဲ့ကိုတစ်ဖွဲ့အပြစ်ပုံချရင်း၊ မိမိတို့အဖွဲ့၏လူသားဆန်မှုဖော်ပြရင်း ဆိုးကျိုးများကို အလုအယက်ငြင်းကြမည်သာဖြစ်သည်။ သို့သော် တကယ်တမ်းဒုက္ခသည်ဘဝကို ရောက်နေကြရှာသော ပြည်သူများထံသို့ သူတို့၏တာဝန်ခံမှုက ရောက်လာမည်မဟုတ်ပေ။
သေနတ်ကိုင်ရခြင်း၊ အဖွဲ့အစည်းအင်အားရှိခြင်း တို့၏နောက်ကွယ်မှာ ဘာတွေပါလာတတ်သလဲဆိုလျှင် ပြည်သူကို မထီမဲ့မြင်ပြုတတ်ခြင်းဆိုသော အမူအကျင့်က ကပ်ပါလာတတ်သည်မှာလည်း လူသားတို့၏ သဘာဝပင်ဖြစ်သည်။ ဤနေရာတွင်လည်း မည်သည့်တပ်မဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဖြစ်လေ့ဖြစ်ထရှိသော သဘာဝပင်ဖြစ်သည်။ သို့ဆိုလျှင် သက်ဆိုင်ရာခေါင်းဆောင်များက ကျနော်တို့အဖွဲ့က ဒါမျိုးမလုပ်ပါဘူး ဆိုသောစကားဖြင့် မိမိတို့လက်အောက်ငယ်သားများ၏ လုပ်ရပ်ကို အဖွဲ့အစည်း၏ပုံရိပ်အတွက် ကာကွယ်သော်လည်း တစ်ဖက်တွင် မတရားမှုကို အဖွဲ့အစည်းအလိုက် အားပေးရာရောက်သည်ဆိုသည်ကို သတိပြုမိသင့်ကြပါသည်။ ရဲဘော်ရဲဘက်စိတ်ဟူသည်မှာ မကောင်းမှုကိုကာကွယ်ရန်ထက် ကောင်းမွန်သောလုပ်ဆောင်ချက်ကို ဖြစ်လာစေအောင် တည့်မတ်ပေးရန်သာဖြစ်သည်ဟု ယူဆပါသည်။
ပြည်သူအတွက်ရည်စူးသော အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်သူနစ်နာချက်များကိုပြုလုပ်သော မိမိတို့၏ လက်အောက်ငယ်သားများအပေါ်တွင် စနစ်တကျကွပ်မတ်ပေးခြင်းများကို ပြုလုပ်ခြင်းဖြင့် မိမိတို့ဦးထိပ်ပန်ဆင်သော ပြည်သူတို့၏လုံခြုံရေးကို စောင့်ရှောက်ကြရန် အရေးကြီးပါသည်။ ပြည်သူတို့၏လုံခြံုရေးဆိုသော စကားလုံး၏နောက်ကွယ်မှ မိမိတို့၏အဖွဲ့ဝင်တချို့က လက်လွတ်စပယ်လုပ်ကိုင်ခဲ့သော ဖြစ်ရပ်များကို အဖွဲ့အစည်း၏ပုံရိပ်အတွက် ဖုံးဖိထားခြင်းက မတရားမှုကို တရားဝင်အောင် တွန်းအားပေးသည်နှင့်တူပြီး သက်ဆိုင်ရာအဖွဲ့အစည်းပေါ်တွင်လည်း ပြည်သူလူထုက ယုံကြည်မှုကျဆင်းသွားမည်ဖြစ်သည်။ ယင်းကြောင့် တိုက်ပွဲများကြားထဲတွင် ပြည်သူတို့၏လုံခြံုရေးကို စွမ်းဆောင်ပေးကြဖို့၊ စေတနာထားကြဖို့ လိုအပ်ပါသည်။ တတ်နိုင်သူများကလည်း တည့်မတ်ပေးကြစေလိုပါသည်။
လက်နက်ကိုင်တပ်ဖွဲ့ဖြစ်စေ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများဖြစ်စေ လူပေါင်းစုံဖြင့်ပါဝင်ဖွဲ့စည်းထားကြရာ အတွေးအခေါ်များ၊ ယူဆချက်များ၊ အမူအကျင့်များမှာလည်း ပေါင်းစုံပါဝင်ကြမည်သာ။ တချို့က ပြဿနာကို ညှိနှိုင်းမှုဖြင့်အဖြေရှာဖို့ အားသန်ကြသလို တချို့လည်း အင်အားဖြင့်အဖြေရှာဖို့ စိတ်ဆန္ဒရှိကြသည်လည်း ရှိပါသည်။ သို့သော် ပြည်သူကြားထဲတွင် အင်အားဖြင့်ဖြေရှင်းနည်းကို မကြာမကြာသုံးမိလျှင် ပြည်သူ့နှလုံးသားကို ဆွဲကိုင်ဖို့မလွယ်ပေ။ နစ်နာသောပြည်သူများကို မငြိမ်းချမ်းစေအောင်ပြုလုပ်ပြီးခါမှ ငါတို့ကို ဘာလို့မထောက်ခံရတာလဲ ဆိုသောစကားဖြင့် ပြည်သူကိုအပြစ်မြင်သော အဖွဲ့အစည်းဟူသမျှမှာ မိမိတို့၏လက်အောက်ငယ်သားများ ပြုမှုဆောက်ရွက်မှုအမှားများကို စိစစ်ကြရန်သာလိုပါသည်။
သေနတ်ကိုင်ခြင်းအရသာကို သိသည့် မည်သူမဆို ပြည်သူများအပေါ်တွင် တဖြည်းဖြည်း အထင်သေးလာသည့်သဘောရှိပါသည်။ ယင်းသို့သော အဖြစ်အပျက်များကြောင့်လည်း လက်နက်ကိုင်အုပ်စုများ၏ ပြည်သူအပေါ် နိုင်ထက်ပြုမှုပုံများရှိခဲ့ခြင်းဖြစ်သည်။ အစပထမပိုင်းတွင် မိမိတို့၏ တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင်နေသောသူများဟု ဆိုသော်လည်း တချို့သောအဖွဲ့ဝင်များ၏ လက်နက်အားကိုးပြီး ပြည်သူအပေါ်တွင် နိုင်ထက်ကလူ လုပ်ဆောင်မှုများကို မြင်လာရသည့်အခါတွင် ပြည်သူတို့၏ချစ်ခင်စွာအားပေးမှုကို အလွယ်တကူ ရရှိနိုင်တော့မည်မဟုတ်ပေ။ ပြည်သူက အကြောက်တရားဖြင့်အားပေးမှုကို ရရှိလာပြီဆိုလျှင် ပြည်သူတို့၏နှလုံးအိမ်ထဲက အားပေးမှုမှာ ဆိတ်သုန်းလာတော့မည်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအနေဖြင့် ယင်းကဲ့သို့ ပြည်သူများအပေါ်တွင် နိုင်ထက်စီးနင်းဆက်ဆံသူများကို စိစစ်ပြီး အရေးယူကြရမည်ဖြစ်သည်။ မိမိတို့ဘက်သည်အမှန်၊ ကျန်သောဘက်သည်အမှား ဟု ယူဆကာ အမှားဟူသမျှမိမိတို့မလုပ် ဟု အောက်ခြေကလူများမှားသမျှကို ဘူးခံကာ ကာကွယ်ပေးသူများ ရှိနေသမျှလည်း ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများမှာ လုံခြုံမှုရရှိနိုင်မည်မဟုတ်ပေ။ ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာလုံခြံုရေးနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြံုရေး မရှိသမျှလည်း တိုင်းပြည်၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလှမ်းဝေးနေမည်သာ ဖြစ်သည်။
တိုင်းပြည်နိုင်ငံကို ပြည်သူများဖြင့်တည်ဆောက်ပြီး ပြည်သူတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများအား အလေးမထားသောအခါ ဆုတ်ယုတ်မှုကိုသာ ဖြစ်စေပါသည်။ အမေရိကန်ပြည်တွင်းစစ်ဖြစ်တုန်းက လူပေါင်းတစ်သန်း ၇ သောင်းသေဆုံးခဲ့ပြီး လူသောင်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသည်။ စစ်ပွဲအပြီးတွင် အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်း တောင့်တခဲ့သော ကျွန်စနစ်ကိုတော့ ပယ်ဖျက်နိုင်ခဲ့သည်။ သို့သော် လူသားတို့၏ အသိဉာဏ်မြင့်မားလာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းလုံးက လက်မခံသော စနစ်တစ်ခုသည် သေဆုံးသူမြောက်မြားစွာ မလိုအပ်ပဲလည်း ပြောင်းလဲသွားဖွယ်တော့ရှိသည်။ သို့သော် ပြဿနာမှာ ထင်သလောက်မလွယ်ကူပေ။ ကျွန်စနစ်ဖြင့် အမြတ်အစွန်းမြောက်မြားစွာရရှိနေသော အာဏာပိုင်များ၊ ဝိသမလောဘသားကောင်များကြောင့် ပြေလည်မလိုဖြစ်သွားမည့် ကိစ္စများသည် တိုက်ပွဲများဖြင့် ဖြေရှင်းကြရသည်။ တိုက်ပွဲတို့၏အခြေခံမှာ ရသင့်ရထိုက်သောအခွင့်အလမ်းကို တောင်းဆိုသူများနှင့် မပေးလိုသူတို့ကြားမှ ထိပ်တိုက်တွေ့ရသော နောက်ဆုံးဖြေရှင်းနည်းပင်ဖြစ်သည်။ သို့သော် တကယ်တမ်း တိုက်ပွဲများကြာလာသည်နှင့်အမျှ တိုက်ပွဲဖော်ဆောင်သူများသာ အာဏာရှိသွားတတ်ပြီး သူတို့မှန်းဆချက်ထားခဲ့ကြသော ပြည်သူတို့၏ အခန်းကဏ္ဍကို မေ့လျော့သွားသည်များလည်း ရှိကြသည်။ ကဒါဖီလည်း တချိန်က ပြည်သူကြိုက်သော ခေါင်းဆောင်သာဖြစ်ခဲ့သည်။ သို့သော် ပြည်သူကို အကြောက်တရားဖြင့်အုပ်စိုးသော မည်သည့်ခေါင်းဆောင်မဆို တချိန်ချိန်တွင် ပြည်သူတို့၏ စုပေါင်းအမုန်းတရားကို ခံကြရမည်သာဖြစ်သည်။
ချုပ်လိုက်လျှင် ပြည်သူ့အတွက်ပါ ဟုမျှော်မှန်းပြီး တိုက်နေကြသော ခေါင်းဆောင်များအနေဖြင့်လည်း ပြည်သူ့လုံခြုံရေးကို အချိန်မနှောင်းခင် ထည့်တွက်စဉ်းစားကြစေဖို့ ရည်ရွယ်ပါသည်။
ခိုင်ကျော်ဆန်း ရေးသားသည်။