ရပ်ဝန်းနှင့် လမ်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်အတွက် ကပ်ဘေးတစ်ခုလား

ရပ်ဝန်းနှင့် လမ်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်အတွက် ကပ်ဘေးတစ်ခုလား
မြန်မာ့ကမ်းခြေမှ တရုတ်ပြည်အနောက်ပိုင်းထိ ဆက်သွယ်ထားသည့် ၇၇၁ ကီလိုမီတာအရှည်ရှိသော တရုတ် - မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းတစ်နေရာ။ (ဓာတ်ပုံ - စာစောင်)
မြန်မာ့ကမ်းခြေမှ တရုတ်ပြည်အနောက်ပိုင်းထိ ဆက်သွယ်ထားသည့် ၇၇၁ ကီလိုမီတာအရှည်ရှိသော တရုတ် - မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းတစ်နေရာ။ (ဓာတ်ပုံ - စာစောင်)

တရုတ်သမ္မတရှီကျင့်ဖျင်သည် ရပ်ဝန်းနှင့်လမ်းစီမံကိန်းအား ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ခဲ့စဉ်က ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးရေးစီမံကိန်းများထဲမှ တစ်ခုအဖြစ် နိမိတ်ဖတ်ခဲ့သည်။ ထိုစီမံကိန်းကြီးတွင် စီးပွားရေးလုပ်ငန်းပေါင်း ၈၀ ကျော် ပါဝင်ပတ်သက်လျှက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈.၅ ထရီလီယံအထိ ရှိသည်။

သို့သော်လည်း ကမ္ဘာကြီးအားချိတ်ဆက်မည့် မဟာဗျူဟာသည် အခြားတစ်ဘက်တွင် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ ရှိနေပြီး ဇီဝမျိုးစိတ်များအား အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင် ရှိနေသည်။ ထိုအနေအထားသည် တရုတ်၏ အိမ်နီးချင်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအတွက်လည်း စိုးရိမ်မကင်းသည့် အခြေအနေဖြစ်သည်။

စီမံကိန်းနှင့် ဆက်စပ်နေသည့် ဒေသများသည် ကမ္ဘာ့ဇီဝမျိုးကွဲများအတွက် အရေးပါသည့်နေရာများဖြစ်သည်။ ကျားနှင့် အာရှဆင်များကဲ့သို့ ဒေသရင်းတိရစ္ဆာန်များ အပါအဝင် ကမ္ဘာပေါ်ရှိ အခြားနေရာများ၌ မတွေ့ရတော့သည့် မျိုးစိတ်များ ပေါက်ဖွားရာနေရာလည်း ဖြစ်သည်။

ရပ်ဝန်းနှင့်လမ်း စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုအများစုသည် မြေအောက်လောင်စာ သို့မဟုတ် သဘာဝသယံဇာတ ထုတ်ယူခြင်းများ ဖြစ်သည်။ ထိုလုပ်ငန်းနှစ်မျိုးလုံးသည် နေရာအဆောက်အအုံ ဆုံးရှုံးမှု၊ သက်ရှိဝန်းကျင်နှင့် သားရဲတိရစ္ဆာန်များအား ခြိမ်းခြောက်မှုနှင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သည့် လုပ်ငန်းများလည်း ဖြစ်နေပေသည်။

ဘေကျင်းအစိုးရက ရပ်ဝန်းနှင့်လမ်း စီမံကိန်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအား အလေးထားလုပ်ကိုင်မည်ဟု ပြောဆိုထားသော်လည်း ၎င်းဆောင်ရွက်နေသည့် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုနှင့် သဘောတူစာချုပ် အများစုမှာ မြေအောက်လောင်စာများကို ဦးတည်ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံလုံးတွင်လည်း ကျောက်မီးသွေးစီမံကိန်းများတွင် များပြားလှသော ရင်းနှီးမြှုပ်နှံမှုများ တွေ့မြင်ရပြီး ထိုအချက်ကြောင့်ပင် မြေအောက်လောင်စာအား မှီခိုအားထားနေရသည့်အနေအထား၌ နှစ်နိုင်ငံလုံး ဆယ်စုနှစ်များစွာ ပိတ်မိနေဦးမည်ဖြစ်သည်။ ထို့ပြင် မြန်မာနှင့် လာအိုတို့ရှိ ဧရာမ ရေအားလျှပ်စစ်စီမံကိန်းများသည်လည်း ဒေသတွင်း ဂေဟစနစ်ကို ခြိမ်းခြောက်လျက်ရှိသည်။ ထိုစီမံကိန်းများကြောင့် ဧရာဝတီနှင့် မဲခေါင်ကဲ့သို့ အရေးပါသောမြစ်များ၏ ရေလမ်းကြောင်း ပြောင်းလဲလာလျှင် အနီးအနားရှိ သက်ရှိဝန်းကျင်များအား အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သည်။



မကြာသေးမီကမှ ပြုလုပ်ထားသည့် လေ့လာချက်အများအပြားအရ ရပ်ဝန်းနှင့်လမ်း စီမံကိန်းသည် သဘာဝပတ်ဝန်းကျင်၊ အထူးသဖြင့် ဇီဝမျိုးစိတ်များအား အကျိုးသက်ရောက်မှု ရှိနေကြောင်း တွေ့ရှိထားသည်။

အဓိကအားဖြင့် ကားလမ်းမအသစ်များသည် ပတ်ဝန်းကျင်ဆုံးရှုံးမှုနှင့် နေရာအနှံ့အပြား ပြန့်ကြဲမှုတို့ ဖြစ်ပေါ်စေနိုင်သည့် အလားအလာရှိနေသည်။ ကျယ်ပြန့်လာသော ဟင်းလင်းပြင်မျက်နှာစာများနှင့်အတူ သစ်ခိုးခုတ်ခြင်း၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ဖမ်းဆီးခြင်း၊ ကားလမ်းမကြောင့် တိရစ္ဆာန်များယာဉ်တိုက်ခံရပြီး သေဆုံးခြင်းတို့ ပိုများလာနိုင်သည်။

ဖော်ပြပါ အကျိုးသက်ရောက်မှုများသည် အရှေ့တောင်အာရှ နိုင်ငံများ၌ ပိုများနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤဒေသ၌ ဇီဝမျိုးကွဲ များပြားစုံလင်စွာရှိသည့်အပြင် လူသူမရောက်သေးသည့် ဧရာမ တောရိုင်းဧရိယာ အများအပြားလည်း ဒေသအား ဝန်းရံလွှမ်းခြုံထားသောကြောင့် ဖြစ်သည်။ ဒေသတွင်း အားနည်းသော အုပ်ချုပ်မှုစနစ်များကြောင့် ဤဒေသသည် နဂိုတည်းက သားရိုင်းတိရစ္ဆာန်များအား တရားမဝင် ရောင်းဝယ်ဖောက်ကားရေးအတွက် ပင်မလမ်းကြောင်း ဖြစ်နေပြီးဖြစ်ရာ ရပ်ဝန်းနှင့်လမ်း စီမံကိန်းအတွက် ဖောက်လုပ်ထားသည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကြောင့် ဒေသတွင်းရှိ မျိုးစိတ်များအတွက် နောက်ဆက်တွဲအန္တရာယ်များ ရှိလာဦးမည်ဖြစ်သည်။

အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ဆက်စပ်နေသည့် ပြဿနာများတွင် ထပ်မံဖြည့်စွက် တွက်ချက်ရမည့်အချက်များ ရှိသည်။ ၎င်းတို့မှာ ကုန်ထုတ်လုပ်မှုများ မြင့်တက်လာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သည့် လေထုညစ်ညမ်းမှု၊ ဖန်လုံအိမ်ဓာတ်ငွေ့နှင့် စွန့်ပစ်ပစ္စည်းများအရေး ဖြစ်သည်။ ကာဗွန်ထုတ်လွှတ်မှု မြင့်တက်လျက်ရှိသည့် လက်ရှိ လုပ်ငန်းပုံစံများအား အပြောင်းအလဲ မလုပ်ပါက ပိုဆိုးလာဦးမည်ဖြစ်သည်။

ဆက်စပ်နေသော နောက်ထပ်စိတ်ပူစရာတစ်ခုမှာ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် တရုတ်ပြည်မှစက်ရုံလုပ်ငန်းများအား ပတ်ဝန်းကျင်ထိန်းသိမ်းနှင့် လုပ်ငန်းစံသတ်မှတ်ချက်များ အားနည်းသည့်နိုင်ငံများသို့ ရွှေ့ပြောင်းလာနိုင်သည့်အရေး ဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ထွက်ရှိခဲ့သည့် အဆင့်မြင့် မူဝါဒစာရွက်စာတမ်းများ အရဆိုလျှင် တရုတ်အစိုးရသည် ရေရှည်တည်တံ့မည့် ဆောင်ရွက်ချက်များ ရှိခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက်အပံ့ဖြစ်စေမည့် အဆိုပါ ဆောင်ရွက်ချက်များအား အရှေ့တောင်အာရှ နိုင်ငံများ၌ ကျင့်သုံး မသုံးဆိုသည်မှာ မရှင်းလင်းပေ။ အားနည်းသောလူ့အဖွဲ့အစည်းနှင့် ညံ့ဖျင်းသောအုပ်ချုပ်ရေးရှိပြီး သယံဇာတနည်းပါးသည့် ဆင်းရဲသောနိုင်ငံများအဖို့ ပို၍ အလေးထားရမည့်အရေး ဖြစ်သည်။

ဘေကျင်းကျောထောက်နောက်ခံ ပေးထားပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းကဲ့သို့ ကာကွယ်ရေးဆောင်ရွက်ချက်များ ထောက်ပံ့ပေးနေသည့် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asia Infrastructure Investment Bank) သည်လည်း ရပ်ဝန်းနှင့်လမ်း စီမံကိန်းအတွက် မဆိုစလောက်သော ရန်ပုံငွေပမာဏသာ ထောက်ပံ့ပေးထားသည်ကို တွေ့ရသည်။

တရုတ်ပြည်တွင်း၌မူ ပတ်ဝန်ကျင်းထိန်းသိမ်းရေး ဆောင်ရွက်ချက်များမှာ တိုးတက်လျက်ရှိသည်။ သို့အတွက် ထည့်တွက်စရာ ရှိလာသည်မှာ တရုတ်ပြည်ပြင်ပတွင် လုပ်ငန်းလည်ပတ်နေကြသည့် တရုတ်ကုမ္ပဏီများနှင့် တရုတ်က ငွေကြေးထောက်ပံ့ထားသည့် စီမံကိန်းများသည် ထိုစံချိန်စံညွှန်းများအတိုင်း လိုက်နာမည်လား ဟူသောမေးခွန်းဖြစ်သည်။ ဤအချက်သည် သဘာဝကျသော အကြောင်းတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ကုမ္ပဏီအချို့သည် အားနည်းသောလူ့အဖွဲ့အစည်းနှင့် ဆိုးဝါးသောအစိုးရများ တည်ရှိသည့်နိုင်ငံများ၌ စီမံကိန်းများ၏ ရေရှည်တည်တံ့မှုအား တမင်လွဲမှားစွာ တင်ပြနေကြသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တိုးတက်သော လက္ခဏာများ တွေမြင်ရခြင်းများလည်း ရှိသည်။ တရုတ်ကုမ္ပဏီများသည် တခြားနိုင်ငံများ၌ လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု ဆောင်ရွက်ချက်များ ပိုများလာနေပြီး သက်ဆိုင်သူများနှင့်လည်း ထိတွေ့ဆက်ဆံမှုများ ရှိလာနေသည်။

အင်ဒိုနီးရှားနှင့် မလေးရှားကဲ့သို့ နိုင်ငံများ၌ဆိုလျှင် ဒေသဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အားကောင်းပြီး ဒေသတွင်းအခြေအနေများအား ရှင်းလင်းတင်ပြနိုင်စွမ်း ရှိသည်။ သို့အတွက် ရပ်ဝန်းနှင့်လမ်းစီမံကိန်းအား လိုအပ်သောနေရာများ၌ ရင်းနှီးမြှုပ်နှံမှှုပြုအောင် လမ်းကြောင်းချပေးနိုင်သည်။

အရှေ့တောင်အာရှ၌ ဖွံ့ဖြိုးမှုနိမ့်ကျပြီး အားနည်းသောအုပ်ချုပ်မှုနှင့်အတူ လာဘ်ပေးလာဘ်ယူမှု ပေါများသည့်နိုင်ငံများ ရှိနေဆဲဖြစ်သည်။ ထိုနိုင်ငံများ အဓိက စိတ်ပူရမည့် အရေးမှာ ရပ်ဝန်းနှင့်လမ်းစီမံကိန်းသည် ဒေသတွင်း နယ်မြေများနှင့် လူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ကာ ကြိုးကိုင်ခြယ်လှယ်မှုများဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာနိုင်သလား ဟူသောအချက်ဖြစ်သည်။

မြန်မာနိုင်ငံ၌ဆိုလျှင် စီမံကိန်းများသည် တရုတ်ကုမ္ပဏီများ၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်စုနှင့် မြန်မာစစ်တပ်တို့က အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ဒေသခံ လူနည်းစုတိုင်းရင်းသားများနှင့် ခေါင်းဆောင်များ၏ ပူးပေါင်းပါဝင်မှုမှာ မရှိသလောက်ဖြစ်သည်။ ထိုအခြေအနေများက သယံဇာတများ ယူငင်ခြင်းသာမက ဒေသခံများအား ထိုက်သင့်သောလျော်ကြေးမပေးဘဲ အိမ်ရာရွှေ့ပြောင်းခိုင်းခြင်းများ ပိုများလာအောင် တွန်းအားပေးလျက်ရှိသည်။

မလေးရှားကဲ့သို့ ဖွံ့ဖြိုးမှုအားကောင်းသော နိုင်ငံ၌ပင်လျှင် နာဂျစ်ရာဇက်အစိုးရ လက်ထက်၌ စွမ်းအင်ကဏ္ဍအတွက် တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းကြီးများနှင့် သုံးကြိမ်တိုင်တိုင် ညှိနှိုင်းမှုများ ရှိခဲ့ဖူးသည်။ ထိုလုပ်ငန်းကြီးများသည် အကျင့်ပျက်ခြစားမှုရှိကြောင်း ထုတ်ပြန်ကြေညာခံခဲ့ရသည့် မလေးရှားဖွံ့ဖြိုးရေးကုမ္ပဏီ (1MDB) နှင့် ပတ်သက်ဆက်နွယ်နေသော လုပ်ငန်းများဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ရပ်ဝန်းနှင့်လမ်း စီမံကိန်းတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရရန် အင်တိုက်အားတိုက် စီစဉ်နေကြသော်လည်း အဆိုပါစီမံကိန်းမှာ ပီပီပြင်ပြင် ရုပ်လုံးပေါ်မလာသေးပေ။

ကောင်းမွန်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးဆောင်ရွက်ချက်များကိုလည်း လက်တွေ့ နမူနာပြသကာ အကောင်အထည်ဖော်ပြရဦးမည် ဖြစ်သည်။ ဤခြေလှမ်းသည် လက်တွေ့တွင် အကြွေးထောင်ချောက် ဖြစ်လာနိုင်သလား၊ ထူးခြားကောင်းမွန်သော အခွင့်အလမ်းများ ဆောင်ကြဉ်းလာမလား ဟူသော အချက်များကိုလည်း အငြင်းပွားနေကြဆဲ ဖြစ်သည်။

စီမံကိန်း၌ အီတလီ၊ ဗြိတိန်နှင့် နယူးဇီလန်ကဲ့သို့ အနောက်နိုင်ငံများလည်း ပါဝင်နေရာ ထိုနိုင်ငံများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးစံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် မည်သို့သော စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုင်တွယ် ထိန်းချုပ်မည်နည်း ဆိုသော မေးခွန်းများလည်း ရှိနေသည်။

အကောင်းဘက်က တွက်ချက်ရလျှင်မူ တရုတ်သည် နိုင်ငံတွင်း၌ ရေရှည်တည်တံ့ရေး နည်းပညာများအပေါ် အာရုံစိုက်ခြင်း၊ အကျင့်ပျက် ခြစားမှုအား လျှော့ချခြင်းများ ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၎င်း၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းတွင်လည်း ထိုနည်းလမ်းများအတိုင်း ကျင့်သုံးလာခြင်းမျိုးလည်း ဖြစ်လာနိုင်ပေသည်။

စောသန္တာအေး

(SCMP သတင်းဌာနတွင် ဖော်ပြထားသော ‘China’s belt and road: an environmental disaster for Southeast Asia?’ ဆောင်းပါးအား ဆီလျော်အောင် မြန်မာမှုပြုပါသည်။)

Most read this week

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...