“ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှု ၇၈ ရာခိုင်နှုန်း ပြီးစီး၊ မေလနဲ့ ဇွန်လကြားမှာ စမ်းသပ်ပြေးဆွဲမယ်”

“ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှု ၇၈ ရာခိုင်နှုန်း ပြီးစီး၊ မေလနဲ့ ဇွန်လကြားမှာ စမ်းသပ်ပြေးဆွဲမယ်”

ချင်းပြည်နယ်ရဲ့  ပထမဆုံးလေဆိပ်ဖြစ်လာမယ့် ဖလမ်းမြို့ ဆူရ်ဘုန်လေဆိပ်ကို လာမယ့် ဇွန်လအတွင်းမှာ ဖွင့်လှစ်နိုင်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ထားပါတယ်။

ဖလမ်းမြို့ကနေ ၈ မိုင်အကွာမှာ တည်ရှိတဲ့ ဆူရ်ဘုန်လေဆိပ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ မှာတည်ရှိတာ ဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်း အလျား ပေ ၆၀၀၀ ၊ အကျယ် ပေ ၁၀၀ ရှိပြီး Flexible Pavement ပြေးလမ်း အမျိုးအစားဖြင့် တည်ဆောက်နေတာဖြစ်ပါတယ်။ ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ၂၀၀ ပေ၊ အကျယ် ၁၀၀ ပေ နဲ့ လေယာဉ်ရပ်နားရာ နေရာ အလျား ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေရှိပြီး ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀၀၀၀ ရှိကာ ATR 72 (MTOW- 49604) လေယာဉ်အမျိုးအစား ဆင်းသက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာကျပ်ငွေ ၃၄.၁၉ ဘီလျံ အကုန်အကျခံပြီး တည်ဆောက်နေတဲ့ ဆူရ်ဘုန်လေဆိပ်နဲ့ပတ်သက်ပြီး လေဆိပ်တည်ဆောက်မှုတာဝန်ခံ အင်ဂျင်နီယာမှူး ဦးထွန်းဇော်ကို ခိုနူမ်းသုန်မီဒီယာအဖွဲ့က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ဖလမ်းမြို့ ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှုက ဘယ်အဆင့်ထိပြီးနေပြီလဲ။

ဖြေ။       ။ ပြီးစီးမှုက အားလုံးက ၇၈/၈၀ ပေါ့။ အတိအကျဆိုရင်တော့ ၇၈ ရာခိုင်နှုန်း ပြီးပါပြီ။

မေး။    ။ ဘယ်အပိုင်းတွေ ပြီးစီးသွားပြီးတော့ ဘယ်အပိုင်းတွေ လုပ်ဖို့ ကျန်နေသေးတာလဲ။

ဖြေ။       ။ ပြေးလမ်းပိုင်းကဆိုရင်တော့ ပြေးလမ်းကတ္တရာ ခင်းတာတော့ ၉၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ နိုင်လွန်ကတ္တရာခင်းဖို့ ကျန်သေးတယ်။ ပြေးလမ်းမှာ နိုင်လွန်ကတ္တရာက မခင်းထားသေးဘူး။ ဒီလရှေ့ပတ်ကနေ ခင်းမယ်။ နိုင်လွန်ကတ္တရာ ကျန်သေးတယ်။ နောက်ပြီးတော့ ပြေးလမ်းမှာ လေဆိပ်မှာကျတော့ အကုန်လုံးက Landscape တွေ ပြီးပြီ။ CCTV တို့ တပ်ဆင်နေတယ်။ ၉၈ ရာခိုင်နှုန်းလောက် ပြီးပြီ။ Terminal Building (လေကြောင်းအဆောက်အဦး) ကလည်း ပြီးပြီ။ အဲဒီမှာက CCTV တပ်နေတယ်။ ခရီးသည်တွေ စစ်ဆေးဖို့ X-ray စက်တွေ တပ်နေတယ်။ နောက် လျှပ်စစ်ပိုင်းကတော့ မီးသီးတွေ တပ်ဖို့ ကျန်တယ်။ ကျန်တဲ့ကြိုးတွေကတော့ ပြီးသွားပြီ။ နောက်ပြီးတော့ လေကြောင်းတွေ ဆက်သွယ်ဖို့ လိုင်းစက်တွေ တပ်ဆင်ဖို့ ကျန်သေးတယ်။ နောက်ပြီးတော့ တောင်ဖြိုတဲ့အပိုင်းက ၂၀ ရာခိုင်နှုန်းလောက် ကျန်သေးတယ်။

မေး။    ။ လေယာဉ်ကွင်းတည်ဆောက်မှုဟာ လာမယ့် ဇွန်လအတွင်းမှာ အပြီးသတ်မယ်လို့လည်း မီဒီယာတချို့မှာ တွေ့ရတယ်၊ အမှန်တကယ် အပြီးသတ်နိုင်မယ့် အချိန်ကို ပြောပြလို့ ရမလား။

ဖြေ။       ။ မေလမှာ လုပ်ငန်းပြီးအောင်တော့ လုပ်မယ်။ ဒီမေလမှာ လေဆိပ်ဆိုင်ရာ လုပ်ငန်းကြီးတွေအားလုံး ပြီးအောင်လုပ်မယ်။ Operation (သုံးနိုင်၊ လည်ပတ်နိုင်) လုပ်နိုင်အောင် လုပ်မယ်။ လုပ်လိုက်ကြပြီးမှ စက်တင်ဘာကျမှ ဆက်စပ်လုပ်ငန်းအသေးလေးတွေ၊ ခြံစည်းရိုးကာတာတို့၊ လုံခြုံရေးအဆောက်အဦးတို့၊ ဂိတ်တို့၊  အဲဒါကတော့ စက်တင်ဘာမှာ ပြီးအောင် လုပ်မယ်။ ကြားထဲမှာ ဇွန်လထဲမှာ ခရီးသည်တွေကို လေယာဉ်ဆင်းလာမယ့် အချိန်ကို ဖွင့်ပွဲ လုပ်သွားမယ်။ အဲ ဇွန်လထဲမှာပဲ မေနဲ့ ဇွန်ကြားထဲမှာ Test Run (အစမ်းပြေး) ကျနော်တို့ဌာနက လေယာဉ်နဲ့ ဆင်းသက်မှု လုပ်မယ်။

မေး။    ။ ဆိုတော့ လေယာဉ် စတင်ပြေးဆွဲမှုက ဘယ်တော့လောက် ဖြစ်နိုင်မလဲ။

ဖြေ။       ။ ဖွင့်ပွဲပြီးသွားရင် ကျနော်တို့ လုပ်မယ်။ ဖွင့်ပွဲပြီးတာနဲ့ ကျနော်တို့ ဌာနအနေနဲ့ကတော့ ဟိုဘက်က လေကြောင်းလိုင်းတွေရဲ့ ညှိုနှိုင်းမှုပေါ်မှာ မူတည်မယ်။ ကျနော်တို့ဌာနကတော့ ကျနော်ကတော့ ဆောက်လုပ်ရေးပိုင်း ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ Operate (အလုပ်လုပ်သည်၊ လည်ပတ်သည်) လုပ်နိုင်တဲ့ထိ လုပ်သွားမှာဆိုတော့ အပြီး လုပ်သွားမှာ။

ဖွင့်ပွဲ လုပ်ပြီးတော့ စမ်းသပ် ဆင်းသွားမယ်။ အဲဒီနောက်ပိုင်းမှာ ဖွင့်ပွဲပြီးလို့ ဇွန်၊ ဇူလိုင်ဆိုလို့ရှိရင် နောက်ပိုင်း ရာသီဥတုကို ကြည့်လိုက်ဦးမယ်ဗျာ။ ရာသီဥတုအခက်အခဲဖြစ်တယ်ဆိုရင်တော့ ပွင့်လင်းရာသီမှာ ပြန်ဆက်ဆင်းမှာပေါ့။ မေနဲ့ ဇွန်ကြားထဲမှာ အစမ်း ပြေးကြည့်ဦးမယ်။ လေယာဉ်ကွင်းစက်ပစ္စည်းတွေ စမ်းသပ်ပြီးလို့ မိုးတွင်းမှာ ရာသီဥတုကောင်းတယ်ဆိုလို့ရှိရင် ဆက်တိုက် ဆွဲသွားမှာပဲ။ ရာသီဥတုအနေအထားအရ လေကြောင်းလိုင်းပေါ်မှာလည်း မူတည်တယ်။ ကျနော်တို့က ဘယ်လောက်ပဲ ဟိုဟာဖြစ်ဖြစ် ခရီးသည်နဲ့ မဆွဲနိုင်ဘူးဆိုလည်း သူတို့ သဘောလေ။ လောလောဆယ်တော့ အဲဒါတွေကတော့ ရုံးချုပ်မှာ ဒါလေကြောင်းလိုင်းတွေနဲ့ ပြေးဆွဲပျံသန်းမှုတွေ စီစဉ်ဆောင်ရွက်နေတယ်။ ပြောလို့ရတယ်။ ဖွင့်ပွဲပြီးတဲ့နောက်ပိုင်းမှာ အဲဒီစမ်းသပ်နိုင်ရေးအတွက်ကို လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာကို ကျနော်ပြောချင်တယ်။

မေး။    ။ ဒီလိုတည်ဆောက်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ကြုံတွေ့ရလဲ။ ဥပမာအားဖြင့် ငွေကြေး/သဘာဝဘေးအန္တရာယ်တွေပေါ့။

ဖြေ။       ။ ကျနော်တို့ ငွေရေးကြေးရေးကတော့ အစိုးရရန်ပုံငွေဖြစ်တဲ့အတွက်ကြောင့် အချိန်အခါတော့ ကျနော်တို့ အချိန်မီတော့ ဝင်ပါတယ်။ ကျနော်တို့ တည်ဆောက်ရေးသွားတာတို့ တင်ဒါခေါ်တာတို့ အခက်အခဲမရှိဘူး။ သဘာဝဘေးအန္တရာယ်ကတော့ ဒီလောက်တော့ မရှိဘူး။ ဒီဒေသက ရာသီဥတုက မိုးများတာရယ်၊ ကျနော်တို့အလုပ်လုပ်နေရင်းနဲ့ ခဏ ရပ်ထားရတယ်။ အရမ်း အေးတယ်။ လေတိုက်တယ်။ အဲဒီချိန်မှာ လုပ်ရကိုင်ရတာ အခက်အခဲလေး နည်းနည်း ပင်ပန်းတယ်ပေါ့။ ဒါလေးပါပဲ။ နောက်ပြီးတော့ ရေပေါ့။ ရေရရှိမှုကလည်း နည်းနည်းခက်တယ်။ ကျနော်တို့ ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ ရေရအောင်လည်း လုပ်ရတယ်။ အခုတော့ လိုင်ဗားကနေ ရေရဖို့ ကျနော်တို့ လုပ်နေတယ်။ အလုပ်သမားကတော့ အထူးသဖြင့် ရန်ကုန်က ခေါ်တယ်။ နောက် ကတ္တရာကျိုတာတို့ ဘာတို့ကျတော့ ဒီ ပုဂံ-ညောင်ဦး၊ မကွေး၊ ပခုက္ကူ အဲဘက်ကလူတွေ ခေါ်တယ်။ ဒီမှာ ကျောက်လုပ်ကျောက်ထုကတော့ ဒေသခံတိုင်းရင်းသားတွေ ခေါ်တယ်။ သူတို့အတွက်တော့ နေဖို့ထိုင်ဖို့ကတော့ နည်းနည်းလေး အကျင့်သားရအောင် ပြီးခဲ့တဲ့နှစ်ကလည်း လုပ်ဖူးတယ်ဆိုတော့ နည်းနည်း အဆင်ပြေသွားတယ်။ ပထမတစ်နှစ်ကလည်း ရာသီဥတုဒဏ်ကိုမခံနိုင်လို့ အယောက် ၁၀၀ ခေါ်ရင် ၅၀ ပဲကျန်တယ်။ ကျန်တဲ့သူတွေ ထွက်သွားတယ်။ အခုကျတော့ နည်းနည်းလေး အသားကျလာတယ်။ ပြီးလည်း ပြီးတော့မယ်ဆိုပြီး သူတို့ကို အားမွေးရင်း လုပ်ခိုင်းရတာ။ အဲလိုတော့ ရှိတယ်။ ဒေသခံအလုပ်သမားတွေကျတော့ ကျောက်ထုတာ၊ ကျောက်ပို့တာ ဒီလောက်တော့လုပ်တယ်။ ကျန်တဲ့လူတွေကတော့ Terminal Building (လေကြောင်းအဆောက်အဦး) ဆောက်တာတို့ ပြေးလမ်း AC တင်တာတို့ ကျနော်တို့  ပြည်မကြီးကပဲ ခေါ်လိုက်တယ်။

မေး။    ။ တခြား ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။

ဖြေ။       ။ လေယာဉ်ကွင်းစီမံကိန်းဆိုလို့ရှိရင် အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ပြီး လုပ်ရတယ်။ ဥပမာဆိုရင် ဒီမှာဆိုရင် မြေထိန်းနံရံတွေပါ တည်ဆောက်ရတယ်။ သာမာန်လေယာဉ်ကွင်းတွေနဲ့ မတူဘူး။ ဒီမှာဆိုရင် မြေထိန်းနံရံတွေ သုံးခု ထည့်သွင်း တည်ဆောက်ရတယ်။ နောက်ပြီးလို့ရှိရင် ၂၀၂၀ – ၂၀၂၁ ခုနှစ်မှာ ကျနော်တို့ အချိန်မီ ဝင်အောင်လုပ်မလို့ ဆိုပြီးတော့ အချိန်ဇယား လျာထားပေမဲ့ ကျနော်တို့ စောနိုင်စွာ ဖွင့်နိုင်ရေးအတွက်ကို  ကြိုးစားပြီး ဆောင်ရွက်နေတယ်၊ ကျနော်တို့ အချိန်ဇယားအရ ၂၀၂၀ -၂၀၂၁ နှစ် ဘတ်ဂျက်နှစ်မှာ ပြီးအောင်လုပ်မယ်ဆိုပေမဲ့ ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်အရ ကျနော်တို့ ဒီတစ်နှစ် စောလျင်စွာဖွင့်နိုင်ရေးအတွက် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။

လားနွန် မေးမြန်းတင်ဆက်သည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...
September 19, 2024
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို...