“အမေရိကန်လွှတ်တော်မှာ ကရင်လူထုအတွက် လိုအပ်ချက်တွေ တင်ပြ ပြောဆိုနိုင်ခဲ့တယ်”

“အမေရိကန်လွှတ်တော်မှာ ကရင်လူထုအတွက် လိုအပ်ချက်တွေ တင်ပြ ပြောဆိုနိုင်ခဲ့တယ်”

KOA တွဲဖက် အတွင်းရေးမှူး စောဂရယ်မူးနှင့် တွေ့ဆုံခြင်း

အမေရိကန် အခြေစိုက် AKO (Karen Organization of America) ၏ ဖွဲ့စည်းထားပုံနှင့် လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်တွင် ပြန်လည်ရောက်ရှိလာသည့် အဖွဲ့အထွေထွေ အတွင်းရေးမှူး စောဂရယ်မူးအား ကေအိုင်စီက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး- KOA ပြန်လည်ဖွဲ့စည်းတဲ့နောက် စုစည်းမှုအခြေအနေ စိန်ခေါ်မှု။ အောင်မြင်မှုတွေ ဘယ်လိုရှိလဲဆိုတာ ရှင်းပြပေးပါ။

KOA ဆိုတာက Karen Organization of American ပဲဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက Karen Organization of United State of American-KOUSA နဲ့ Karen American Organization-KAO နှစ်ဖွဲ့ကို ပေါင်းလိုက်တာလည်း ဖြစ်တယ်။ ဘာဖြစ်လဲဆိုတာ့ အမေရိကန်မှာ ကရင်ကို ကိုယ်စားပြုတဲ့အဖွဲ့အစည်း နှစ်ဖွဲ့ ရှိနေတာက မသင့်တော်တဲ့ အတွက်ကြောင့်ပါ။ ဖွဲ့စည်းပြီးတဲ့နောက်မှာတော့ ကျနော်တို့ လုပ်နိုင်တာတွေ ရှိသလို စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့ ခဲ့ရပါတယ်။ အကျိုးသက်ရောက်မှုအနေနဲ့ ကျနော်တို့ ထောက်ခံအားပေးမှု လုပ်ငန်းတွေကို လုပ်ဆောင် နိုင်ခဲ့တယ်။ အဓိကအားဖြင့် အမေရိကန် လွှတ်တော်မှာ ကရင်လူထုတွေအတွက် လိုအပ်မှုတွေကို တင်ပြ ပြောဆိုနိုင်ခဲ့တယ်။

နောက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ တခြားသော တိုင်းရင်းသားလူမျိုးတွေအပြင် ကရင်လူမှု အဖွဲ့အစည်း တွေနဲ့လည်း ဆက်သွယ်လုပ်ဆောင်မှု တွေရှိတယ်။ ကြည့်မယ်ဆိုရင် အမေရိကန်မှာရှိတဲ့ ကရင့် လူ့အဖွဲ့အစည်း ကလူငယ် တွေက ချိတ်ဆက် ပူူးပေါင်းလုပ်ဆောင်မှုက နည်းတယ်။ ဒါကြောင့် KOA ကိုဖွဲ့စည်းလိုက်တဲ့ ရည်ရွယ်ချက်က အဖွဲ့အစည်း နဲ့ ကရင်လူမှုအဝန်းအဝိုင်းအကြား လက်တွဲလုပ်ဆောင်နိုင်ဖို့ပဲဖြစ်တယ်။ အခုဆို အမေရိကန်နိုင်ငံအနှံ့အပြားက ကရင်လူမှုအဝန်းအဝိုင်းတွေနဲ့ တော်တော်များများကို လက်တွဲချိတ်ဆက် နိုင်ပြီးဖြစ်တယ်။ တချိန်ထဲမှာပဲ စိန်ခေါ်မှုတွေက လည်း အများကြီးရှိတယ်။ ဘာဖြစ်လဲဆိုတော့ ကရင်အဖွဲ့တွေများတော့ အမြင်မတူတာတွေကလည်း များစွာရှိတယ်။ အမြင်မတူပေမဲ့ အရေးကြီးတဲ့ ကရင်လူမှုအဝန်းအဝိုင်း အကျိုးအတွက် ကျနော်တို့ ပူးပေါင်းလုပ်ဆောင်နိုင်တာတွေ တော့ရှိတယ်။

မေး- လတ်တလော KOA ရဲ့ အဓိကလုပ်ဆောင်ချက်တွေကို ပြောပြပေးပါ။

KOAရဲ့ လုပ်ဆောင်မှုတွေက ချမှတ်ထားတဲ့ ရည်ရွယ်ချက် မျှော်မှန်းချက်အပေါ်မှာပဲ မူတည်တယ်။ အဓိက ရည်ရွယ်ချက် က Advocacy နဲ့ ပညာရေးဖြစ်တယ်။ ဆိုလိုတာက မြန်မာပြည်မှာရှိတဲ့ ကိုယ့်လူမျိုးတွေနဲ့ အမေရိကန်မှာရှိနေတဲ့ ကျနော် တို့ ကရင်လူမျိုးတွေချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ သူတို့ကိုယ်စား ပြောပေးနိုင်ဖို့အတွက်ဖြစ်တယ်။ Advocacy အနေနဲ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်ကိုယ်စားပြု ဌာနတွေအနေနဲ့ အမေရိကန် အစိုးရ ကိုယ်စား လှယ်ထံကို မြန်မာပြည်ရေးရာနဲ့ပတ်သက်ပြီးတော့ လည်းကောင်း၊ မြန်မာ ပြည်တွင်းထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကိုလည်းကောင်း တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံထဲက ကရင်လူမှုအဝန်းအဝိုင်းနဲ့ ပူးပေါင်းပြီး ပြည်တွင်းက ကရင် လူမျိုးတွေရဲ့ ပညာရေး အထောက်အပံ့တွေ အရေးပေါ် လူမှုရေးကိစ္စတွေကို ကူညီထောက်ပံ့ပေးတယ်။

တချိန်ထဲမှာပဲ လူငယ်ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး တစ်နှစ်တစ်ကြိမ် လူငယ်သင်တန်းတွေ နှီးနှောဖလှယ်မှုတွေ ပြုလုပ်တယ်။ လူငယ်တွေ အချင်းချင်း ဆုံတွေ့နိုင်ပြီး အနာဂတ်မှာ အတူလက်တွဲလုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်တယ်။ ပညာရေးနဲ့ ပတ်သက်ပြီးအခြားတဖက်မှာ ကျနော်တို့ လှုပ်ရှား ဆောင်ရွက်နေတာကတော့ Education Field trip စပြီးလုပ်တယ်။ ဒီနှစ်မှာ ပထမဦးဆုံးအကြိမ် ပြန်လာပြီး မူတြော်(ဖာပွန်)ဘက်ကို စတင်သွားရောက်ခဲ့တယ်။ အထက်တန်းကျောင်းတွေ၊ ကောလိပ်ကျောင်းနဲ့ အထက်တန်းလွန်ကျောင်းတွေကို သွားပြီး လေ့လာခဲ့ပြီးတော့ ဒါကလည်း အမေရိကန်ရောက်နေတဲ့ ကရင်လူငယ်တွေအတွက် ပိုမိုပြီး ကိုယ့်လူမျိုးတွေကို ကူညီလိုမှု စိတ်အားထက်သန်လာအောင် လေ့လာရေး ခရီးစဉ်ပဲ ဖြစ် တယ်။

မေး- အဲဒီခရီးစဉ်မှာ ဘာတွေလှုပ်ရှားမှုရှိလဲ၊ အတွေ့အကြုံလေးတွေကို ပြောပြပေးပါ။

အခု ပြောသလိုပဲ ဒါက ပညာရေးနဲ့ပတ်သက်ပြီး ပထမဦးဆုံးအကြိမ် Field Trip ဖြစ်တယ်။ ဒေသခေါင်း ဆောင်တွေ ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံပြီး လှုပ်ရှားမှုတွေ၊ သင်တန်လေးတွေကို ကျောင်းသူကျောင်းသား တွေနဲ့ လုပ်ဖြစ်တာပေါ့။ မူတြော်က သွားခဲ့တဲ့ နေရာက လူငယ်တွေ အခြေအနေကို သိခဲ့ရတယ်။ မူတြော် လူငယ်တွေက ကျနော်တို့ကို တော်တော်လေး စိတ်အားထက်သန်မှုတွေကို ပေးခဲ့တယ်။ ဘာဖြစ်လဲဆိုတော့ အတော်ငယ်ရွယ်တဲ့ လူငယ်တွေ အသက်အားဖြင့် ၂၀ ကျော်လေးတွေက ဦးဆောင်ဦးရွက်လုပ်နေတာကို တွေ့ခဲ့ရတယ်။

ပညာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် စစ်ရေးမှာပဲဖြစ်ဖြစ် လူငယ်တွေမှာ ကြီးမားတဲ့ အမျှော်အမြင်တွေ ရှိနေတာကိုတွေ့ခဲ့ရတယ်။ အဲ့မှာ ပညာရေးပိုင်းမှာ လိုအပ်ချက်တွေကိုလည်း တွေ့ခဲ့ရတယ်။ ခရိုင် အတွင်း ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေကို တွေ့ခဲ့ရတယ်။ ဘာဖြစ်လဲဆိုတော့ အထက်တန်းလွန်နဲ့ ဂျူနီယာကောလိပ်အဆင့်လောက်ပဲရှိနေသေးတာကို တွေ့ရ တယ်။

မေး- KOAအနေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေက ဘာတွေရှိလဲ။

ဒါက KOA က ချမှတ်ထားတဲ့ ရည်ရွယ်ချက်နဲ့ မျှော်မှန်းချက်အပေါ်မှာပဲမူတည်တယ်။ အနာဂတ်မှာ ကျနော်တို့ ချမှတ် ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေက အများကြီးရှိတယ်။ အရေးကြီးဆုံးက Advocacy လှုပ်ရှားမှုကို ဆက်လုပ် ဆောင်သွား မယ်။ အမေရိကန် ကွန်ဂရက်အနေနဲ့ မြန်မာပြည်အပေါ် ဖိအားပေးမှုတွေ လုပ်ဆောင်ပေးသွားဖို့ကို အရင်က ကျနော်တို့ စာတွေရေးသားတင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို သွားရောက်တွေ့ဆုံခဲ့တာမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေကို အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ကို လုပ်ဆောင်ခဲ့တယ်။

အဲ့နောက်ပိုင်း ပြောင်းလဲမှုတချို့မြင်တွေ့ခဲ့ရပြီး အခုဆိုရင် မင်းအောင်လှိုင်(ဗိုလ်ချုပ်မှူးကြီး)အပါအဝင် မြန်မာစစ်တပ်က ထိပ်ပိုင်း ခေါင်းဆောင် (၄)ဦးနဲ့ အမျိုးတွေကို ပြည်ဝင်ခွင့်ပိတ်ပင်တားမြစ်ထားတာမျိုး တွေ့ရတယ်။ ဒါပြည့်စုံတယ်လို့တော့ မယူဆဘူး။ ဒီထက်ပိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ လိုအပ်တယ်။ ကျနော်တို့ရဲ့ အဓိကပစ်မှတ်က မြန်မာပြည်မှာ စစ်တပ်နဲ့ ပေါင်းလုပ်နေတဲ့ ကုမ္ပဏီတွေကို ဖိအားပိုမိုပေးဖို့ စေ့ဆော်လှုပ်ရှားမှုကို ပိုလုပ်သွားဖို့ရှိတယ်။ တချိန်ထဲမှာ သိ ထားတာက အမေရိကန် အောက်လွှတ်တော် -Lower Houseက မြန်မာပြည်ကို အရေးယူပိတ်ဆို့မှုတစ်ခုခုလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီးပြီး ဒါပေမဲ့ အထက်လွှတ်တော်ကတော့ ဆုံးဖြတ်ချက် မရသေးဘူးလို့သိထားတယ်။ ဒါကြောင့် လာမယ့်နှစ် တွေမှာ အထက်လွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ ပိုမိုထိတွေ့ လုပ်ဆောင်သွားဖို့ ကျနော်တို့ ရည်ရွယ်ထားတယ်။ မြန်မာ တစ်နိုင်ငံလုံးကို မဟုတ်ဘဲ စစ်တပ်နဲ့ အကျိုးတူပူးပေါင်းနေတဲ့ ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့နိုင်ဖို့ ကို ကျနော်တို့ လို လားတယ်။

မေး- ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနဲ့က ဘယ်လိုပူးပေါင်းပါဝင်မှုတွေ၊ ချိတ်ဆက်မှုတွေ ရှိလဲ။

ပြီးခဲ့တဲ့ နှစ်မှာ KOAရဲ့ ပထမဆုံး အထွေထွေညီလာခံကို ပြုလုပ်ခဲ့ပြီး တခြားသော အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ် ဆောင် မှုဆိုင်ရာ မူဝါဒတွေကို ချမှတ်ခဲ့တယ်။ ကျနော်တို့ KOA ရဲ့မူဝါဒတွေကိုတော့ ချမှတ်ထားပြီးပြီ။ အဖွဲ့အစည်းတိုင်းနဲ့ အတူ တကွပူးပေါင်းလုပ်ဆောင်နိုင်တယ်။ မိခင်ကေအဲန်ယူအပြင် ကရင်အဖွဲ့အစည်းတိုင်းနဲ့ သော်လည်းကောင်း၊ တခြားသော တိုင်းရင်းသားလူမျိုးတွေနဲ့သော်လည်းကောင်း စိတ်ဝင်စားမှုအပေါ်မူတည်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်တာပေါ့။

ကျနော်တို့အနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှ ဆန့်ကျင်တဲ့ သဘောထားမရှိဘူး။ ကော်သူးလေ ဒေသထဲကဖြစ်စေ နယ်စပ်ဖြစ်စေ၊ ပြည်တွင်းဖြစ်စေ ပူးပေါင်းလုပ်ဆောင်သွားမယ်။ လုပ်ဆောင်သွားဖို့လည်း ရှိတယ်။ လောလော ဆယ်တော့ မိခင်ကေအဲန်ယူ အဖွဲ့အစည်းနဲ့ အနီးကပ်ဆုံး လက်တွဲလုပ်ဆောင်မှုတော့ ဘာမှမရှိသေးဘူး။ ကျ နော် တို့သိထားတာက မိခင်အဖွဲ့အစည်းရဲ့အလုပ်ဆိုတာ ကျနော်တို့ရဲ့ အလုပ်မှမဟုတ်တာ။ ဒါပေမဲ့ ကူညီနိုင်တဲ့အပိုင်းတော့ ကူညီပေးတာပေါ့။ ကျနော်တို့ အလုပ်က ဒေသတွင်း လွတ်လပ်တဲ့အဖွဲ့အစည်းတွေနဲ့ ပိုပြီး ဆက်စပ်မှုရှိတဲ့အတွက် ကေအဲန်ယူ အဆင့်ထိတော့ လက်တွဲလုပ်ဆောင်တာမျိုး မရှိသေးဘူး။

သူတို့အနေနဲ့ ကျနော်တို့ကို လွတ်လပ်တဲ့ အဖွဲ့အစည်းအပေါ်မှာလည်း နားလည်နိုင်သလို ကျနော်တို့ အနေနဲ့လည်း သူတို့အပေါ်မှာ နားလည်ထားပါတယ်။ ရှေ့ဆက်လည်း သေချာမပြောနိုင်သေးဘူး။ ဘယ်လို ဘယ်ပုံ လုပ်ဆောင် မလဲဆို တဲ့ အစီအစဉ် မရှိသေးဘူး။ KOA အနေနဲ့ကလည်း ပြည်တွင်းဒေသဘက်မှာ ပညာရေးနဲ့ ပတ်သက်ပြီး ပိုဦးစားပေး နေတဲ့အတွက်ဖြစ်တယ်။ ပြည်တွင်းထဲက ဒေသခံပညာရေး အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ လာမယ့်နှစ်တွေမှာပိုမို ထိ တွေ့လုပ်ဆောင်သွားဖို့ ရှိတယ်။ ဘာဖြစ်လဲဆိုတော့ ပညာရေးက အဓိကလို့ ကျနော်တို့ မြင်တယ်။ ကျနော်တို့ ပညာရေး အခြေခံမကောင်းဘူးဆိုရင် ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး အရ လှုပ်ရှားဆောင်ရွက်တာပဲဖြစ်ဖြစ် အောင်မြင်ဖို့ မလွယ်ကူဘူး။

မေး- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုသုံးသပ်မိတာရှိလဲ။

ကျနော်တို့ ကေအဲန်ယူနဲ့ အစိုးရတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်တာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်း လောက်ကစရင် အခုဆိုရင် ၈ နှစ် ၉နှစ်လောက်ရှိနေပြီး။ ကျနော်တို့ မြင်တွေ့ရသလိုပဲ လုပ်ငန်းစဉ်တိုင်းမှာ အကျိုးရှိတာနဲ့ အကျိုးမရှိတာက ဒွန်တွဲနေတာပဲလေ။ ဒီအပစ်ရပ်အပေါ်မှာ ကောင်းကျိုးရှိတာကိုလည်း မြင်တွေ့ရတာပဲ။ ဥပမာ လူထုတွေအတွက် လုံခြုံရေးက အနည်းငယ်လေးကောင်းမွန် လာတာပေါ့။ သွားလာရေးလည်း နည်းနည်းပေါ့။ တဆက်ထဲမှာပဲ အဓိကရည်မှန်းချက်နဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခုမှ မရရှိသေးတာကို မြင်တွေ့ရတယ်။

ဆိုလိုတာက အပစ်ရပ်စတဲ့အချိန်ကစပြီး ကျနော်တို့ ခရိုင်မြို့နယ်အသီးသီးကိုဆင်းတော့ ကြားသိရတာတွေ ရှိတာပေါ့။ စစ်တပ်ရဲ့ တပ်လှုပ်ရှားမှုတွေက အခုချိန်ထိ ရပ်တန့်သွားတာမျိုး မရှိသေးဘူး။ ငြိမ်းချမ်းရေး လုပ်တယ်ဆိုပေမဲ့လည်း ဟိုဘက်က မကောင်းကြံစည်တာမျိုးတွေလည်း အများကြီးရှိတာကို တွေ့ရတယ်။ ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဝင်လာတာမျိုး ရှိတာပေါ့။ ပစ်ခတ်တိုက်ခိုက်မှုကလည်း တစ်ဖက်မှာကြည့်ရင် တပ်မဟာခရိုင် တိုင်းလိုလိုမှာ အနည်းနဲ့အများ ရှိနေတာပဲ။ ဒီ ၈နှစ် ၉ နှစ်အတွင်းမှာပဲ ကောင်းကျိုးတွေ ဖြစ်လာသလို ပြန်ချိန်ညှိကြည့်မယ် ဆိုရင်လည်း ဆိုးကျိုးတွေက ပိုမို များတာကိုလည်း တွေ့ရ တာပေါ့။

ဘာဖြစ်လဲဆိုတော့ NCAမှာ နိုင်ငံရေး ဆွေးနွေးမှုတွေ ပါမယ်ပေါ့။ ဒါပေမဲ့ NCA အပစ်ရပ်တဲ့နောက်ပိုင်းအထိ လက်ရှိ အချိန်ထိက ဘာနိုင်ငံရေး ဆွေးနွေးမှုမှ မဖြစ်ထွန်းသေးတာကို တွေ့ရတာပေါ့။ NCA ရဲ့လမ်းနဲ့ သွေဖည်သွားနေတာကို တွေ့ရတာပေါ့။ တချို့သော ကျနော်တို့ ခေါင်းဆောင်တွေအကြားမှာလည်း မကျေနပ်မှုတွေ အခက်အခဲတွေ ဖြစ်ပေါ်တာကို တွေ့ရတယ်။ KOA အနေနဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်တာမျိုး မရှိတဲ့အခါကျတော့ ကျနော်တို့ မူဝါဒနဲ့ ကိုက်ညီတဲ့ အခြေအနေမျိုးဆိုလည်း ထောက်ခံသလို မကိုက်ညီဘူးဆိုလည်း ဒီအပေါ်မှာတော့ မထောက်ခံဘူးပေါ့။

မေး- နောက်ထပ် အကြံပြုတိုက်တွန်းပြောဆိုချင်တာများရှိရင်လည်း ပြောပေးပါ။

ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး အကြံပြုပေးချင်တာမျိုးမရှိဘူး။ သူတို့ နည်း သူတို့ဟန်နဲ့တော့ အ ကောင်းဆုံး ကြိုးစားနေကြတယ်လို့ သိရတာပဲလေ။ ဒါပေမဲ့ ပြောချင်တာတစ်ခုကတော့ လုပ်ဆောင်ချက်တွေ အပေါ် ပြန်လည်သုံးသပ်ဖို့လိုတာပေါ့။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကိုယ့်အတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြန်လည်သုံး သပ်ဝေဖန်ပြီး ရှေ့ဆက်သွားနိုင်ဖို့ ဗျူဟာ ပြန်ချမှတ်ဖို့ လိုတယ်။ အရေးကြီးဆုံးက စည်းလုံးညီညွတ်မှုပေါ့။

လုပ်ဆောင်မှုတွေက အဓိက အများစုရဲ့ သဘောထားကို လိုက်နာရမယ်။ အများစုရဲ့ သဘောထားနဲ့ တစ်ဦးချင်းရဲ့ အမြင်တွေ အကြံပြုချက်တွေကို ရယူရမှာပေါ့။ တစ်ယောက်ချင်း ကောင်းတယ်ထင်တဲ့အမြင်တွေသွားနေမယ်ဆိုရင် မသင့်တော်ဘူးပေါ့။ သူ့အမြင် ကိုယ့်အမြင် သဘောထားတွေကို ရယူပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင် သွားဖို့လိုပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...