ပင်လုံကျောက်တိုင်တွင် တောင်တန်း ပြည်မ ပြင်ဆင်တဲ့အပေါ် သျှမ်းလူမှုအသိုင်းအဝန်း ဘာတွေပြောကြလဲ

ပင်လုံကျောက်တိုင်တွင် တောင်တန်း ပြည်မ ပြင်ဆင်တဲ့အပေါ် သျှမ်းလူမှုအသိုင်းအဝန်း ဘာတွေပြောကြလဲ

ပင်လုံကျောက်တိုင်လို့ အများ သိရတဲ့ လွတ်လပ်ရေး၊ ပြည်ထောင်စု အထိမ်းအမှတ် ကျောက်တိုင်ဟာ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တည်ရှိပါတယ်။

သျှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ နဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ပူးပေါင်းပြီး လက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ်အဖြစ် ပင်လုံကျောက်တိုင်ကို ၁၉၄၈ ခုနှစ်က သပြေသားနဲ့စိုက်ထူ ခဲ့ပါတယ်။

၁၉၇၂ ခုနစ် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း တက်လာပြီး ၁၀ နှစ် အကြာမှာ ပြည်ထောင်စု အထိမ်းအမှတ် ကျောက်တိုင် ကို “ တောင်တန်း ပြည်မ” မှ “ ပြည်မ တောင်တန်း” ပူးပေါင်းရေး စာချုပ်ကျောက်တိုင် အဖြစ် ပြန်လည်ပြင်ဆင်ရေးသားခဲ့ပါတယ်။

ပြည်ထောင်စု အထိမ်းအမှတ် ပင်လုံကျောက်တိုင်ကို သမိုင်းမှန် ပပျောက်မသွားစေရန် နဲ့ နောင်လာနောက်သား တွေ သမိုင်းမှန်သိရှိစေရန် အတွက် မိုင်းရှူးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းလင်းမြတ် နဲ့ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမြထွေး တို့ ကြိုးပမ်းကာ လွှတ်တော်တွင် တင်ပြ ခဲ့ကြပါတယ်။

ထိုကြိုးပမ်းမှုကြောင့် ၂၀၂၀ ဇန်နဝါရီ ၂ ရက်နေ့က လွိုင်လင်မြို့နယ် အုပ်ချုပ်ရေး၊ စည်ပင် နဲ့ ဌာနဆိုင်ရာ တို့ တွေ့ဆုံဆွေးနွေးကာ “ ပြည်မ တောင်တန်း” စာလုံးပေါင်း အား“ တောင်တန်း ပြည်မ” ဟု ပြည်ထောင်စု နေ့ မတိုင်မီ ပြင်ဆင်ရေးထိုးကြဖို့ သဘောတူခဲ့ကြပါတယ်။

ဒါကြောင့် ဇန်နဝါရီ ၁၀ရက် က စပြီး သမိုင်းမှန် ဖြစ်တဲ့ “ တောင်တန်း ပြည်မ” စကားလုံးကို စတင်ပြင်ဆင်ရေးထိုးခဲ့တဲ့ အပေါ် သျှမ်းလူမှု အသိုင်းအဝန်း အတွင်း ပါဝင်လှုပ်ရှားသူ သျှမ်း လူငယ် တချို့ သဘောထားအမြင် ကို စုစည်းတင်ဆက်လိုက်ပါတယ်။

... ... ...

"နာမည်ပဲ ပြင်တာ …. တကယ် ရသင့်တာ မရသေးဘူး"

 

သမိုင်းမှန်က တောင်တန်းပြည်မ ။ စစ်အုပ်ချုပ်ရေးလက်ထက်မှ ပြည်မတောင်တန်းလို့ ပြင်ရေးထားတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်လက်ထက်ရောက်တော့ တောင်တန်းပြည်မ ဖြစ်အောင် ပြန်ပြင်ပေးတယ်။ ဒါဟာ စည်းရုံးရေးတခုပဲလို့မြင်တယ်။ ဒါပေမယ့် သူဘယ်လိုပဲ ပြင်ပြင် နာမည်ပဲ ပြင်တယ်။ ကျမတို့လိုချင်တဲ့ စစ်မှန်သောဖက်ဒရယ် မဟုတ်ဘူး။ ကျမတို့ကို တကယ့်ရပိုင်ခွင့်မပေးဘူး။ တိုင်းရင်းသားတွေကို ၊ သျှမ်းတွေ ကို ချော့မော့ဖြေသိမ့်ပေးတာလောက်ပဲ။ ကျမတို့ တကယ် ရသင့်တာ မရသေးဘူး။



နန်းဝါနု (ကျွန်းတထောင်မြေဖောင်ဒေးရှင်းတည်ထောင်သူ)  Photo Credit to Nang Nang Tai

... ... ...

"သမိုင်းမှားနေတာ တွေ့ရင် ရဲရဲရင့်ရင့်နဲ့ အမှန်ပြင်ဖို့ တိုက်တွန်း"

မူလကတည်းက“ တောင်တန်း ပြည်မ” လို့ရေးထားတယ်။ သမိုင်းအရကလည်း ပြည်မ ကနေ တောင်တန်းကိုလာပေါင်းတာ။ အဲဒါကို ပြည်မတောင်တန်း လို့ လာပြင်ရေးထားတော့ ပြည်မကို တောင်တန်းကနေ သွားပေါင်းတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ ဒါကြောင့် ကျမ တို့ သမိုင်းကိုပြန်လေ့လာကြည့်တော့ တောင်တန်းကို ပြည်မ ကလာပေါင်းတယ်လို့ဖြစ်နေတယ်။

နောက်နောင်မှာ ဒီလိုထပ်မဖြစ်အောင် မျိုးဆက်သစ်လူငယ်လေးတွေ စာများများဖတ်ဖို့လိုတယ်။ ပေါ့ဆမနေသင့်ပါဘူး။ ပျောက်နေတဲ့သမိုင်းတွေ မှားနေတဲ့သမိုင်းတွေ သမိုင်းမှန်ပြန်ဖြစ်အောင်ကြိုးစားစေချင်တယ်။

ဒီကိစ္စ အထမြောက်အောင်မြင်အောင်လို့ အစိုးရဆီမှာ ခွင့်ပြုချက် ၂ ခု ရထားတယ်။ အခုပြင်ဆင်ရေးထိုးနေတဲ့ တောင်တန်းပြည်မ စာလုံးနဲ့ နောက်တခုက ရေးထိုးထားတဲ့ ဗမာစာမှာ မှားနေတာပေါ့ ။ ပြင်စရာဆိုရင်တော့အများကြီးရှိတယ်။ စာရင်းအရဆိုရင် ၂၇ နေရာတောင်ရှိတယ်။

ရက်စွဲလည်းမှားတယ်။ လက်မှတ်ရေးထိုးတဲ့ပုဂ္ဂိုလ်တွေသမိုင်းမှာရော ပြင်စရာတွေရှိနေသေးတယ်။ ဒါကြောင့် ဘယ်နေရာမှာမဆို သမိုင်းမှားတာကိုတွေ့ရင် ရဲရင့်စွာနဲ့ အမှန်ပြင်နိုင်အောင် လူငယ်တွေများများလေ့လာပြီးရဲရဲရင့်ရင့် ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။



ဒေါ်နန်းမြထွေး (လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)  Photo Credit to Nang Mya Htwe

... ... ...

"သမိုင်းအမှန်ဟာ သမိုင်းအမှန်ပဲ  ဖြစ်စေရပါမယ်"

သမိုင်းအမှန်က ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံကိုလာပြီး ပင်လုံစာချုပ်လက်မှတ်လာထိုးတုန်းက စိုက်ထူတာက တောင်တန်းပြည်မ။ နောက် ဦးနု လက်ထက်မှာက ဒီဟာကို ပြည်မတောင်တန်းလို့ပြင်လိုက်တယ်။တောင်တန်းကိုအနောက်ပို့လိုက်တယ်။ ခုချိန်အထိပဲ။ ဒါကြောင့် ကျနော်တို့ သျှမ်းပြည်နယ်လွှတ်တော်မှာ မေးလိုက်တယ်။ ဒါကိုသမိုင်းမှန်ဖြစ်အောင်ပြင်ပေးမလား။ သျှမ်းပြည်နယ်အစိုးရကလည်း လုပ်ပေးဖို့သဘောတူတယ်။ ဒါကြောင့်ကျနော်တို့ ပြင်လိုက်တယ်။ သမိုင်းအမှန်ဟာ သမိုင်းအမှန်ဘဲ ဖြစ်စေရပါမယ်။



စိုင်းလင်းမြတ် (မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)  Photo :  SHAN

... ... ...

"စာလုံး အနည်းအကျဉ်း ပြောင်းလိုက်တာနဲ့ အနာဂတ် မျိုးဆက်သစ်တွေကို သမိုင်းမှားကို လေ့လာစေတယ်"

ကျနော့် အမြင်သဘောထားကတော့ ဒါသမိုင်းအမှန်အတိုင်း ပြန်ပြင်မှာပဲ။ ကျောက်တိုင်မှာပဲ မဟုတ်ပါဘူး။  ဦးစဝ်အောင်မြတ် ဝန်ကြီးချုပ်ဖြစ်တုန်းက ပင်လုံကျောက်တိုင်မှာ စာချုပ်လက်မှတ်ရေးထိုးတဲ့စော်ဘွားတွေ ရုပ်ထုတွေ ဓါတ်ပုံတွေလာချထားတယ်။ အဲဒီမှာလည်းအမှားအယွင်းတွေလည်းအများကြီးရှိတယ်။ အဲဒီမှာလည်းပြင်ရမှာ။ အင်္ဂလိပ်လိုရေးထားတဲ့သမိုင်းကိုသူတို့သွားကြည့်ပြီး ဗမာလိုတိုက်ရိုက်ဘာသာပြန်ထားတာ။ အဲ့ဒီသမိုင်းတွေမှားခဲ့တယ်လေ။ အဲတာတွေကိုလည်းပြင်နိုင်အောင်ကြိုးစားသွားမယ်။

ပြည်ထောင်စု ဖြစ်ပေါ်လာအောင် ကျနော်တို့ သျှမ်းစော်ဘွားတွေ ကချင်၊ ချင်း ခေါင်းဆောင်တွေ ဦးဆောင်ပြီးလုပ်ဆောင်လာခဲ့တယ်ဆိုတာ သမိုင်းသက်သေအထောက်အထားအပြည့်ရှိပါတယ်။ ဒီသမိုင်းတွေကို ဗိုလ်ချုပ်နေဝင်းလက်ထက်က စာလုံးအနည်းအကျဉ်း ပြောင်းလိုက်တာနဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ဇဝေ ဇဝါဖြစ်စေတယ်။ သမိုင်းမှားကိုလေ့လာစေတယ်။ ဒါကြောင့် မူလသမိုင်းအမှန်ပြန်ဖြစ်အောင်ကျနော်တို့ တဆင့်ပြီးတဆင့် ကြိုးစားသွားကြရမယ်။



စိုင်းဝမ်းလျန်းခမ်း (လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)  Photo Credit to SaiOne Leng Kham 



... ... ...

"ပြည်ထောင်စုကို သျှမ်းစော်ဘွားနဲ့ တောင်တန်းခေါင်းဆောင်တွေက ဦးဆောင်ပြီး ရယူခဲ့တာ"

သမိုင်းမှာလေ့လာခဲ့တာကတော့ ပြည်ထောင်စုကို သျှမ်းစော်ဘွားနဲ့ တောင်တန်းခေါင်းဆောင်တွေက ဦးဆောင်ပြီး ရယူခဲ့တာကြောင့် တောင်တန်းပြည်မ – ဖြစ်ခဲ့တာ။ အခုလို ပြည်မတောင်တန်းကို သူတို့ ပြန်ပြင်ခွင့်ပေးလိုက်တယ်ဆိုတော့ ပြည်ထောင်စုကို သူတို့ကဦးဆောင်တည်ထောင် ခဲ့တာမဟုတ်ဘူး ဆိုတာသူတို့သိရှိလက်ခံနားလည်တယ်ဆိုတဲ့သဘောပါပဲ။

 

စဝ်ခူး ဆိုင်ဝမ်း သုနန္ဒ (ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာကျူးလားတက္ကသိုလ်)  Photo Sao Zai Leng

 ... ... ...

"ကျနော်တို့အားလုံး လိုချင်တဲ့ ဖက်ဒရယ်အစစ်အမှန်အတွက် လုပ်မယ်ဆိုရင်တော့ ဒီသမိုင်းအစစ်အမှန်တွေကို ပြန်လည်ဖော်ထုတ်ရမယ်"

ဝမ်းသာတာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ပင်လုံစာချုပ်ဖြစ်တည်ရာ တကယ့်သမိုင်းအစစ်အမှန်။ စော်ဘွားတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူခဲ့ကြတဲ့အချက်အလက်အစစ်အမှန်တွေကို အကုန်ပြန်ထည့်သွင်းဖော်ပြပေးရင်တော့ တိုင်းရင်းသားအားလုံးအတွက်လည်းကောင်းတယ်။ အခုကျနော်တို့အားလုံး လိုချင်တဲ့ ဖက်ဒရယ်အစစ်အမှန်အတွက် လုပ်မယ်ဆိုရင်တော့ ဒီသမိုင်းအစစ်အမှန်တွေကို ပြန်လည်ဖော်ထုတ်ရမယ်။ အဲလိုမဟုတ်ဘဲ ရှိနေတဲ့သ မိုင်းအထောက်အထားတွေကို ဖျက်ဆီးမယ်ဆိုရင်တော့ နိုင်ငံအရေးက ပိုပြီး ရှုပ်ထွေးလာဖို့ပဲ ရှိတယ်။ အရင်တုန်းက ကျနော်တို့တိုင်းရင်းသားတွေ နစ်နာတာပဲရှိတယ်။ တကယ့်လွတ်လပ်ရေးကို မခံစားရဘူး။ တကယ်ဆိုရင် ကျနော်တို့ပြည်ထောင်စုကြီးဟာ စစ်မှန်တဲ့ဖက်ဒရယ် ဖြစ်သင့်တာပေါ့။ ကျနော်တို့လည်း စစ်မှန်တဲ့ တန်းတူညီမျှမှု ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်စေချင်ပါတယ်။



စိုင်းလျန်းဟိန်း (လဲချား ဒေသခံ ) Photo Sai Lang Herng Laikha

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...