မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့်တွေ့ဆုံမေးမြန်းခြင်း

မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့်တွေ့ဆုံမေးမြန်းခြင်း

“စနစ်ပြောင်းလဲတဲ့အခါ ဆရာတို့ အပေါ်ကပဲ ပြောင်းလဲလို့ မရဘူး။ ဆရာ၊ဆရာမတွေကော ဝန်ထမ်းတွေကော၊ ကျောင်းသားတွေ၊ကျောင်းသားမိဘတွေ၊ ဒေသခံပြည်သူတွေအားလုံး လိုက်လာမှ ပြောင်းလို့ရနိုင်မယ်”ဆိုတဲ့ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း

လက်ရှိအစိုးရလက်ထက် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းရေးဆွဲပြီး ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာပါတယ်။ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းပြုပြင်ရေးဆွဲမှုတွေ၊ သင်ကြားရေးစနစ် ပြောင်းလဲမှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ ထိုနည်းတူ အဆင့်မြင့်ပညာရေးပိုင်း မှာလည်း သက်ဆိုင်ရာ ကျောင်းအလိုက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ အုပ်ချုပ်ခွင့်တွေနဲ့ စနစ်တွေ ပြောင်းလဲကျင့်သုံးလာတာကို တွေ့ရပါတယ်။ ယခုအပတ်မှာတော့ လက်ရှိအစိုးရသက်တမ်းအတွင်း ကျောင်းတွင်း ပြုပြင်ပြောင်းလဲမှုတွေ၊ ဆက်လက်ပြောင်းလဲသွားမယ့် စနစ်တွေနဲ့ လိုအပ်ချက်တွေကို မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မင်္ဂလာပါ…ဆရာကြီး။ လက်ရှိအစိုးရလက်ထက်မှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ ဒီအဆင့်မြင့် ပညာရပ်ပိုင်းမှာ ဆရာတို့ကျောင်းအနေနဲ့ လက်ရှိတိုးတက်ပြောင်းလဲမှုတွေ ဘာတွေရှိလဲ ဆိုတာ ပြောပြပေးပါ။

ဆရာတို့မှာ ဒီ၂၀၁၆ ကနေ ၂၀၂၁အထိ ရေးဆွဲထားတဲ့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအတိုင်း ကျင့်သုံးနေတာ ဖြစ်တဲ့အတွက် တစ်ခါတလေကျရင် တိုးတက်တာတွေက သိပ်ပြီးတော့ မမြင်နိုင်ဘူး။ တိုးတက်မှုတွေ ရှိတယ်။ အဓိကကတော့ စိတ်ဓာတ်၊ ခံယူချက်ပိုင်းဆိုင်ရာ ပေါ့နော်။ ကျောင်းမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ပညာရေးက အရေးကြီးတယ်။ အဓိက အခြေခံကျတယ်။ ပညာရေးပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ mindset ကို အခြေခံအုတ်မြစ်အနေနဲ့ အရင်ဖြစ်သွားတာပေါ့။ ပြောင်းလဲတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်။ ခုနကပြောသလို အခြေခံအုတ်မြစ်အနေနဲ့ ဆရာတို့၊ ဆရာ၊ ဆရာမတွေ စိတ်ထဲမှာ ပြောင်းလဲမယ့် စိတ်အခံရှိတာကိုက အောင်မြင်အောင် လုပ်ယူဖို့၊ ဝိုင်းဝန်းဆောင်ရွက်ဖို့ပဲ လိုတော့တာပါ။ အုတ်မြစ်ချတဲ့အပိုင်း ဖြစ်သလို၊ ဒါကတော့ မမြင်နိုင်တဲ့ အပိုင်းတွေပေါ့။ ပညာရေးဘတ်ဂျက်ကလည်း အရင်ကထက် တိုးလာတာနဲ့အမျှ ကျောင်းတွင်း လိုအပ်ချက်တွေ နည်းနည်းပိုလုပ်လာနိုင်တယ်။ ကျောင်းအဆောက်အဦးတွေ ပြောင်းလဲလာတယ်။ အားကစားကွင်းတွေ အသစ်တည်ဆောက်လာတယ်။ ပညာရေးစနစ်မှာလည်း ပြောင်းလဲအောင် လုပ်ဆောင်နေဆဲဆိုတော့ အဆင့်မီတဲ့ ပညာရေးဖြစ်ဖို့ လမ်းစတော့ မြင်လာရပါတယ်။

ဒီမဟာဗျူဟာ စီမံကိန်းအရ ကျောင်းအတွင်းမှာ ဘယ်လိုတွေ လုပ်ဆောင်နေလဲ၊ စနစ်ပြောင်းလဲဖို့ စိန်ခေါ်မှုတွေ ဘာတွေ ရှိလဲဆိုတာ ပြောပြပေးပါ ဆရာ။

၂၀၁၆ကနေ ၂၀၂၁အတွင်း စီမံကိန်းက ချမှတ်ထားတဲ့ မဟာဗျူဟာ သုံးခုရှိတယ်။ အဲဒီထဲမှာ မဟာဗျူဟာသုံးအရ ဆင်းရဲချမ်းသာမရွေး၊ အလွှာမရွေး၊ အဆင့်မြင့်ပညာကို လေ့လာနိုင်ရမယ် ဆိုတဲ့အတိုင်း၊ အခုဆိုရင် ကျောင်းမှာ တကယ်လိုအပ်တဲ့ ကလေးတွေအတွက် ထောက်ပံ့ကြေးတွေ ပေးနေတယ်။ ဒီကျောင်းအတွက် လိုအပ်တဲ့ အဆောက်အဦတွေ ပြန်ပြင်တယ်၊ ဆောက်တယ်။ ဒါတော့ တကယ်လည်း လိုအပ်တော့ လုပ်နေရတာပဲ။ ဘောလုံးကွင်းတွေ အသစ်တည်ဆောက်တယ်။ စနစ်ပိုင်းဆိုရင်လည်း သင်ကြားသင်ယူမှုစနစ်တွေ တဖြည်းဖြည်း ပြောင်းနေတယ်။ အရင်ကဆို စာသင်ခန်းမှာ သင်တာလောက်ကိုပဲ မြင်နိုင်တယ်ပေါ့။ ဆရာ၊ဆရာမတွေက နည်းပေးလမ်းပြအဆင့်ပဲ ရှိသွားအောင် ကျောင်းသားတွေကို အဓိက လေ့လာခိုင်းတဲ့စနစ်ရောက်အောင် လုပ်နေတယ်။ အဲ့လိုမျိုး ကျောင်းသားဗဟိုပြုစနစ်ကိုဦးတည်ဖို့ ဆရာတို့က အွန်လိုင်းစနစ်ကို အားကောင်းအောင် လုပ်နေတယ်။ အွန်လိုင်းစနစ်တွေ အားကောင်းလာတော့ ကျောင်းသားတွေ အနေနဲ့ စာတွေ လေ့လာနိုင်တယ်။ ဆရာ့ဆီကနေ မေဂျာအလိုက် စာအုပ်စာတမ်းတွေ တင်ပေးနိုင်အောင် လုပ်နေတယ်။

နောက်လာမယ့် စာသင်နှစ်အတွင်းမှာ ကျောင်းအတွင်း ဘာတွေ ပြောင်းလဲသွားဖို့ရှိလဲ။

အခုက တစ်နိုင်ငံလုံးကြေညာထားတဲ့အတိုင်း အဝေးသင် ဘွဲ့နှင်းသဘင်ကို ကိုယ့်ကျောင်းမှာပဲ ပေးတော့မယ်။ မနှစ်က အောင်သွားတဲ့သူတွေကိုလည်း ဒီမှာပဲ ပေးဖို့စီစဉ်နေတယ်။ ဘွဲ့လျှောက်လွှာက ခေါ်နေပြီ။ နောက်ဆိုရင် One Campus Two System ပေါ့နော်။ နေ့သင်တန်းရောရှိမယ်။ အဝေးသင် သင်တန်းရော ရှိမယ်။ ပြီးရင် ဆရာတို့ ကျောင်းအနေနဲ့ အခုလာမယ့်နှစ်ကစလို့ နေ့သင်တန်း ကျောင်းသားတွေ ကျောင်းအပ်တဲ့အချိန် ကျောင်းစရိတ်ကို KBZ Pay ဆောင်နိုင်ဖို့ ဆောက်ရွက်နေတယ်။ အခုဆိုရင် ကျောင်းဝက်ဆိုက်လည်း လုပ်နေတယ်။ နောက်ကျရင် ကျောင်းအပ်နှံတဲ့အချိန် ဝက်ဆိုက်ကနေ တစ်ခါတည်း အပ်နှံနိုင်ဖို့အတွက်ပေါ့။ နယ်ဝေးကျောင်းသားတွေ ပိုအဆင်ပြေနိုင်ဖို့ ရည်ရွယ်ပြီး လုပ်နေပါတယ်။ အင်တာနက်တွေလည်း ပိုမိုအားကောင်းဖို့နဲ့ စာကြည့်တိုက်မှာ စာအုပ်ရှာတဲ့ စနစ်တွေကို ပြောင်းလဲဖို့ဆိုရင် အီလက်ထရောနစ် system နဲ့ ရှာနိုင်တဲ့ဟာတွေ အစားထိုးပေးဖို့ ရှိတယ်။ အဲ့ဒါကိုလည်း အခုလုပ်နေတယ်။ အခုလောလောဆယ်တော့ မပြည့်စုံသေးဘူးပေါ့။ E-Library တွေ ရှိလာမယ်။ အီလက်ထရောနစ် စနစ်နဲ့ ရှာလို့ရလာမယ်ဆိုလို့ ရှိရင် ကျောင်းသားတွေကလည်း စာကြည့်တိုက်ကို ပိုပြီး အားကိုးရကောင်းမှန်း သိလာပါလိမ့်မယ်။

တက္ကသိုလ် အုပ်ချုပ်စီမံမှုပိုင်းနဲ့ ပတ်သက်ပြီးတော့ အခုဆိုရင် အချို့တက္ကသိုလ်တွေမှာ သက်ဆိုင်ရာ ကျောင်းအလိုက် ကိုယ်ပိုင်အုပ်ချုပ်မှုတွေ ရှိနေပြီဆိုတော့ ဆရာတို့ ကျောင်းအနေနဲ့ ဘယ်လို အခြေအနေရှိလဲ။

မကြာခင် ကာလအတွင်းမှာဆိုရင် ပြောင်းလဲကြတော့မယ်။ အခုဆို ရန်ကုန်တက္ကသိုလ်တွေဆိုရင် စနစ်တွေ ပြောင်းနေပြီ။ ဆရာတို့ ပြည်နယ်တိုင်းတက္ကသိုလ်တွေလည်း ပြောင်းလဲလာမှာပဲ။ ရန်ကုန်၊ မန္တလေးမှာတော့ ဆောင်ရွက်နေကြပြီ။ အခု တဖြည်းဖြည်းတော့ လာတော့မယ်ထင်တယ်။ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတော့ ပညာရေးစနစ်မှာဆိုလို့ရှိရင် ပြင်ပမှာရှိတဲ့ စီးပွားရေးစနစ်နဲ့ ကိုက်ညီတဲ့ ပညာရေး စနစ်ကို ဆရာတို့က ပြောင်းပေးရမယ်။ ဒေသအလိုက် ဘာတွေလိုအပ်နေလဲ။ ဘယ်သင်ကြားရေးစနစ်က လိုအပ်နေလဲ၊ ဘာက ပိုအထောက်အကူပြုလဲဆိုတာကို ဆရာတို့က အဓိကထားပြီးတော့ သင်ကြားပေးရမယ်။ အဲ့လိုဆိုပြောင်းလို့ရမယ်။ အခုကတော့အဲ့လိုမဟုတ်ဘူး။ ဆရာကြီးတို့ဆီမှာ သင်ရိုးက စာအုပ်ထဲကအတိုင်းပဲ သင်နေရတယ်ပေါ့။သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိလာရင် ကျောင်းတွင်း ပညာရေးစနစ်တွေမှာ ဘယ်လိုအကျိုးတွေ ဖြစ်လာနိုင်လဲ။

ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိလာမယ်ဆိုရင် ဆရာကြီးတို့က ကိုယ့်ကျောင်းအလိုက် သင်ရိုးတွေ ထည့်သွင်းလာနိုင်မယ်။ ဆရာကြီးတို့ဆီမှာ ခုနကပြောတဲ့ဟာမျိုး ပြင်ပလုပ်ငန်းအတွက် လိုအပ်မယ့် ဟာတွေ၊ ပြင်ပစီးပွားရေးလုပ်ငန်းမှာ ကိုက်ညီမယ့်ဟာတွေကို ဆရာကြီးတို့က ကျောင်းသားတွေကို လေ့လာခိုင်းလို့ရှိရင် သူလည်း လုပ်ငန်းကို အလွယ်တကူဝင်ရောက်နိုင်မယ်။ အဲ့ဒါဆို ပိုပြီး ကောင်းသွားမှာပေါ့။ ဥပမာ ကျောက်မျက်ပညာကို သင်မယ်ဆိုရင် သင်လို့ရတယ်။ ဒို့ဒေသအတွက် လိုအပ်တဲ့ အရာတွေပေါ့။ နောက်ပြီး အခြားနိုင်ငံခြား တက္ကသိုလ်တွေနဲ့လည်း ပိုပြီး ချိတ်ဆက်သွားနိုင်မယ်။ ဘတ်ဂျက်ပိုင်းဆိုင်ရာမှာဆိုလည်း အခုဆိုရင် ဒီအလုပ်ခေါင်းစဉ်အတွက် ဒီဘတ်ဂျက်သုံးရမယ်ပေါ့။ အထက်ကနေ တစ်ခါတည်း ဆုံးဖြတ်ပေးတယ်။ သူပေးတဲ့ ခေါင်းစဉ်အောက်မှာ သုံးစွဲရတယ်ပေါ့။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရသွားမယ်ဆိုရင်တော့ ဒီတစ်နှစ်လုံး ကုန်ကျမယ့်ငွေအားလုံးကို အထက်ကနေ တစ်ခါတည်းပေးလိုက်မယ်ဆိုတော့ ဆရာကြီးတို့ဘက်ကနေ တက္ကသိုလ်ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ဘတ်ဂျက်တွေကို ပိုလိုအပ်တဲ့နေရာမှာ များများပြန်သုံးလို့ရသွားပြီ။

ကျောင်းအတွင်း အုပ်ချုပ်ရေးပိုင်းနဲ့ ကျောင်းသားရေးရာကိစ္စရပ်တွေမှာ လိုအပ်ချက်တွေ ဘာတွေရှိလဲ ပြောပြပေးပါအုံး ဆရာ။

ကျောင်းသားတွေနဲ့ ပတ်သက်ပြီး လိုအပ်တာတော့ ကျောင်းသူဆောင် လိုအပ်တယ်။ အခုဆိုရင် ကျောင်းတွင်း အမျိုးသမီးဆောင် နှစ်ဆောင်ပဲရှိတယ်။ ကျောင်းသူဦးရေကလည်း ကျောင်းသားအချိုးထက် ပိုများနေတယ်ဆိုတော့က မိန်းကလေးဆောင် လိုအပ်တာပေါ့။ နောက် ကျောင်းဝန်ထမ်းတွေအတွက် နေထိုင်ဖို့ ဝန်ထမ်းအိမ်ရာတွေ လိုအပ်နေသေးတယ်။ အခုဆို နယ်ကလာတဲ့သူတွေကို ဦးစားပေးနေတယ်။ ကျောင်းသားတွေ လုံခြုံစိတ်ချစွာ စာပေသင်ယူနိုင်မှုအပိုင်းမှာလည်း ပိုလေ့လာနိုင်ဖို့အတွက် လုံလောက်တဲ့ စာကြည့်တိုက်ကြီးတွေ လိုအပ်တယ်။

ဟုတ်ကဲ့ပါဆရာ…. နောက်ထပ်ဖြည့်စွက်ပြီး ပြောကြားပေးပါအုံး။

စနစ်ပြောင်းလဲတဲ့အခါ ဆရာတို့အပေါ်ကပဲ ပြောင်းလဲလို့မရဘူး။ ဆရာ၊ဆရာမတွေကော၊ ဝန်ထမ်းတွေကော၊ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊ ဒေသခံပြည်သူတွေ အားလုံးလိုက်လာမှ ပြောင်းလို့ရနိုင်မယ်။ ဒါမှလည်း ကျောင်းသားမိဘတွေ၊ ပြည်နယ်သူ၊ ပြည်နယ်သားတွေ အားကိုးရတဲ့ ကျောင်းကြီးဖြစ်လာမှာပါ။ အထက်ကပဲ တစ်ယောက်တည်းလုပ်လို့ မရပါဘူး။ အဲ့တော့ အကုန် ပါဝင်လာစေချင်ပါတယ်။

Ann မေးမြန်းသည်။

Most read this week

December 18, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း...
December 17, 2024
တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီမြို့မှာ ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိဘဲ ဈေးအဆမတန်...
December 13, 2024
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ တရုတ်ပြည်ခရီးစဉ်...