ကရင့်နိုင်ငံရေးခရီးနှင့် ဥက္ကဋ္ဌကြီး မန်းဘဇန်

ကရင့်နိုင်ငံရေးခရီးနှင့် ဥက္ကဋ္ဌကြီး မန်းဘဇန်
by -
မန်းထိန်ဝင်းစိန်

ဥက္ကဋ္ဌကြီးမန်းဘဇန်သည် ယုဒသန်ကောလိပ်ကျောင်းသားဘဝကပင် နိုင်ငံရေးကိုစိတ်ပါဝင်စားပြီး ရန်ကုန်တက္က သိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ရုံမက ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက် ဗိုလ်အောင်ကျော်ကျဆုံးခဲ့သည့် ကျောင်း သားသပိတ်တွင်လည်း ပါဝင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၁ ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့ အမေရိကန်သမ္မတ ဖရန်ကလင်ဒီရုစဗဲ့နှင့် ဗြိ တိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီတို့ ချုပ်ဆိုခဲ့သော အတ္တလန်တိတ်စာချုပ် (Atlantic Charter) အရ စစ်ကြီးပြီးလျှင် ကိုလို နီနိုင်ငံများ လွတ်လပ်စေရမည်။ လွတ်လပ်သည့် နိုင်ငံတိုင်း လူမျိုးပေါင်းစုံနေထိုင်ပါက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိစေရမည် ဟူသောသဘောထားကြောင့် ကိုလိုနီနိုင်ငံများနှင့် လူမျိုးစုံနေထိုင်သော နိုင်ငံများမှ တိုင်းရင်းသားများ နိုင်ငံရေးနိုးကြား လာခဲ့ကြသည်။

မြန်မာပြည်လွတ်လပ်ရေး ပြင်ဆင်ချိန်နှင့်အတူ ကရင်အမျိုးသားများတို့လည်း နိုင်ငံရေးနိုးကြားလာကြသည်။ ရန်ကုန်ရှိ ကရင်အမျိုးသားအဖွဲ့ချုပ် (Karen Central Organization-KCO) ဖိတ်ကြားချက်အရ မအူပင်မြို့ကရင်အမျိုး သားကျောင်းတွင် ကျောင်းအုပ်လုပ်နေသူ မန်းဘဇန်လည်း မအူပင်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခဲ့သည်။

၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့ ရန်ကုန်မြို့အလုံရပ်ကွက်ရှိ ဗင်တန်ခန်းမတွင် ပြောင်းလဲလာသော က မ္ဘာနိုင်ငံရေး မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ကရင်အမျိုးသားများ မိမိတို့၏အမျိုးသားရေးလုပ်ငန်းဆောင်ရွက်ရာတွင် အင် အားစုစည်းမှုအဖြစ် ၁၈၈၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအသင်း(KNA)၊ ၁၉၄၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဗုဒ္ဓဘာသာ ကရင်အမျိုးသားအသင်း(BKNA)၊ ၁၉၄၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကရင်ဗဟိုအဖွဲ့၊ ၁၉၄၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ သည့် ကရင်လူငယ်အဖွဲ့(KYO) လေးဖွဲ့ကိုပေါင်း၍ ကရင်အမျိုးသားအစည်းအရုံး(KNU)ကို ဖွဲ့စည်းခဲ့သည်။ ထိုနှစ် ဖွဲ့စည်း ခဲ့သည့်(KNU)တွင် မန်းဘဇန်သည် ဗဟိုအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် အတည်ပြုခဲ့သည့် အခြေခံဥပဒေသည်လည်း လွတ်လပ်ရေးအ ကြိုရည်မှန်းခဲ့သည့် ပြည်ထောင်စုစနစ်မှ သွေဖည်ကာတစ်ပြည်ထောင်စနစ်ဖြစ်ခဲ့ပြီး ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင် နုအက်တလီစာချုပ်ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် (KNU)မှ ဖဆပလအစိုးရထံ ကရင်ပြည်နယ်အရေးကို တင်ပြခဲ့ရာ ဖဆပလအစိုးရမှ ကရင်ပြည်နယ်လိုချင်သူများသည် လူနည်းစုနှင့် နယ်ချဲ့လက်ကိုင်တုတ်ဟု ရှုတ်ချပြောဆိုခဲ့သည်။ (KNU)၏ တောင်းဆိုမှု ပိုမိုလေးနက်စေရန် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် တစ်ပြည်လုံး ကရင်လူထုအင်အား (၄၅၄,၁၀၀) ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။



ကရင်လူထုဆန္ဒဖော်ထုတ်ပွဲပြီးနောက် ၁၉၄၈ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့တွင် ဖဆပလအစိုးရမှ (KNU)အား ခေါ် ယူတွေ့ဆုံရာတွင် ဦးနုမှ ကရင်ပြည်နယ်အရေးကို အခြေခံဥပဒေအရ တောင်းဆိုရန်(သို့မဟုတ်)တိုက်ယူရန် နည်းလမ်း (၂)သွယ်သာရှိကြောင်း ပြောဆိုခဲ့သည်။¬

ဖဆပလအစိုးရသည် ကရင်ကိုဆက်လက်တိုက်ရန် ဗကပနှင့်စေ့စပ်ရာမအောင်မြင်သဖြင့် ဦးနုမှ စောဘဦးကြီး ထံ ငြိမ်းချမ်းရေးစကားကမ်းလှမ်းခဲ့ရာ စောဘဦးကြီး၊ မန်းဂျိမ်းထွန်းအောင်၊ စောဘဲလေနှင့် ဘိရှော့ဝခ်တို့ ၁၉၄၉ခုနှစ်၊ ဧပြီလ(၆) ရက်နေ့တွင် ရန်ကုန်သို့ သွားရောက်ခဲ့သည်။ တွေ့ဆုံဆွေးနွေးရာတွင် (KNDO) တပ်ရှိ လက်နက်များကို ၁၉၄၉ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့ သမိုင်းရပ်ကွက်ရှိ ဦးသော်(ပန်းကန်စက်)တွင် အပ်နှံရန်၊ စောဘဦးကြီးအားပြည်နယ်စုံစမ်းရေးကော် မရှင်တွင် ကရင်ပြည်အရေးကို ဆက်လက်ဆောင်ရွက်ရန်ဟူသော လက်နက်ချရေးအစီအစဉ် ရောက်သွားသည်။ ၁၉၄၉ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် (KNDO)ဥက္ကဋ္ဌမန်းဘဇန်မှ ရန်ကုန်ကိုသွားပြီး ဆာဘဦး၊ ဖဆပလနိုင်ငံခြားရေးဝန်ကြီး ဦးအေးမောင်တို့နှင့် တွေ့ဆုံပြီး ကရင်အမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကရင်ပြည်နယ်အရေးကိုတင်ပြထားပြီး ၎င်းကိစ္စ လက်ခံရင် ပြဿနာပြေလည်မည်ဖြစ်ကြောင်းပြောခဲ့သည်။ ဆာဘဦးမှ အန်ကယ်ဘာမှမပြောလို အန်ကယ်ပြောရင် အန်ကယ်လည်ပင်းပြတ်သွားမယ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးအေးမောင်နှင့်တွေ့ဆုံရာတွင် စောဘဦးကြီးလက်ခံတာကို ခင်ဗျားတို့လက်မခံရင် ကျွန်တော်တို့က တိုက်ရမှာပဲဟု ခြိမ်းခြောက်စကားပြောခဲ့ကြသည်။ မန်းဘဇန်မှ ကျွန်တော်တို့ ခေါင်းဆောင်တွေလာရောက်ဆွေးနွေးတာ လက်နက်ချဖို့မဟုတ်ဘူး။ ကျွန်တော်တို့တင်ပြထားတဲ့ ကရင်ပြည်နယ်ကိစ္စ ပြေလည်ရင်ပြဿနာကပြီးတာပဲ ပြန်လည်ဆွေးနွေးပြီးအကြောင်းပြန်ကြားမယ်ပြောပြီး အင်းစိန်ကို ပြန်လာခဲ့သည်။

အင်းစိန်ရှိ ကရင်ခေါင်းဆောင်များဖြစ်သော စောဟံတာသာမွှေး၊ မန်းဘဇန်၊ ဗိုလ်ချုပ်စိုင်းကေ၊ ဗိုလ်မှူးအောင်စိန် တို့မှ စစ်ဆိုသည်မှာ နိုင်ငံရေးမပြေလည်မှုကြောင့် ဖြစ်ပွားလာရခြင်းဖြစ်၍ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲထားပြီး ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ကရင်ပြည်နယ်အရေးလက်ခံခြင်းဖြင့်သာ ပြဿနာပြေလည်နိုင်မည်ဖြစ်ကြောင်း လက်မှတ်ရေး ထိုးပြန်ကြားလိုက်ရာ (KNU)နှင့် ဖဆပလတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။



ဖဆပလတပ်မှ အင်းစိန်ကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ၁၉၄၉ ခုနှစ်၊ ဧပြီလ(၂၉ )ရက်နေ့မှစ၍ တပ်မတော် လေတပ်နှင့် လှိုင်မြစ်ရိုးတစ်လျှောက် မေယုစစ်သင်္ဘောဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ (KNU)နှင့် (KNDO)ခေါင်း ဆောင်များလည်း ခံစစ်သေသည် မိမိသေတွင်းဖြစ်သည်ဟူသော စစ်သဘောတရားအရ ၁၉၄၉ ခုနှစ်၊ မေလ(၂၁)ရက်နေ့ ညတွင် အင်းစိန်မှ ဆုတ်ခွာပြီး လှိုင်မြစ်တစ်ဖက်ကမ်းသို့ကူခဲ့ရာ အင်းစိန်တိုက်ပွဲသည်လည်း ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ(၃၁) ရက်မှ မေလ(၂၁)ရက်နေအထိ ရက်ပေါင်း(၁၁၁)ရက်ကြာခဲ့သည်။

အင်းစိန်မှ ဆုတ်ခွာခဲ့ပြီး ထန်းတစ်ပင်မြို့နယ်ကြာအင်းဇောင်းရွာတွင် အစည်းအဝေးပြုလုပ်ကာ အရှေ့တိုင်းသို့ စေဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် စကောမောလေး(ခ)စောမောင်မောင်သန်းတို့ဦးဆောင်ရန်နှင့် မြစ်ဝကျွန်းပေါ်တိုင်းတွင် စောဟံတာသာမွှေး၊ မန်းဘဇန်တို့ဦးဆောင်ရန် တာဝန်ခွဲခဲ့သည်။

၁၉၅၀ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့ ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်းတွင် မန်းဘဇန် ဥက္ကဋ္ဌ၊ မန်းညွန့်ဆိုင် အတွင်ရေးမှူးတို့ဦးဆောင်ပြီး ဧရာဝတီတိုင်း(KNU)ကို ဖွဲ့စည်းခဲ့သည်။ လက်နက်ကိုင်တပ်မတော်တွင် စစ်ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်စိန်မှုံ၊ တပ်မ(၇)ခုဖြင့် တပ်မမှူး ဗိုလ်ချုပ်ကျော်မြသန်းနှင့် ဗိုလ်ပုတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ဥက္ကဋ္ဌကြီးမန်းဘဇန်သည် တော်လှန်ရေးတစ်ရပ်တွင် ဦးဆောင်ပါတီ-တပ်မတော်-တပ်ပေါင်းစုရှိမှသာ အောင်မြင် နိုင်မည်ဖြစ်၍ ဘုံရန်သူကို တိုက်ခိုက်နိုင်ရန် ၁၉၅၂ ခုနှစ်၊ မေလတွင် မြစ်ဝကျွန်းပေါ်တိုင်း သာပေါင်းမြို့နယ်၊ အနန်းကုန်း ရွာတွင် ဗကပနှင့် မဟာမိတ်အဖြစ် သခင်ဇင်-မန်းဘဇန်(ဇင်-ဇန်) စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၅၃ ခုနှစ်၊ ဇွန်လ(၉ )ရက်နေ့ တွင် စောဟံတာသာမွှေးနှင့် မန်းဘဇန်တို့ဦးဆောင်ပြီး မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပါးရိုက်တောင်တန်း(ပရိုက်ဟု အသံထွက်သည်)ရွာတွင် မြစ်ဝကျွန်းပေါ်တိုင်း (KNU)ညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ကရင့်တော်လှန်ရေး သည် သီးခြားဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဗမာပြည်လူ့အဖွဲ့အစည်း၊ နိုင်ငံတကာအခြေအနေနှင့် ဆက်စပ်ဖြစ်ပေါ်လာခြင်း သုံးသပ်ချက်အရ ကရင်ပြည်နယ်ကို ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ခွင့်၊ တရားစီရင်ပိုင်ခွင့်ရှိပြီး ဗမာပြည်မမှ ခွဲမထွက်သည့် ပူပေါင်းနေထိုင်ခြင်းလမ်းစဉ်ကို ချမှတ်ခဲ့သည်။ ၎င်းလမ်းစဉ်ကို (KNU)၏ ဒုတိယလမ်းစဉ်ဟုခေါ်ဆိုပြီး ကွန်ဖရင့်ကိုလည်း ဝိန့်ထောင်ကွန်ဖရင့်(ရွှေမြို့တော်ကွန်ဖရင့်)ဟု အမည်ပေးခဲ့သည်။

၁၉၅၄ ခုနှစ်၊ ပန်းတနော်မြို့နယ်၊ ဂရက်ကျော်ကျေးရွာတွင် (KNU)ပါတီ ဦးစီးပဲ့ကိုင်ကော်မတီကို မန်းဘဇန်ဥက္ကဋ္ဌ အဖြစ် ဖွဲ့စည်းခဲ့ပြီး ကရင့်လက်နက်ကိုင်တပ်မတော်အား- (၁) ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (Karen People Liberation Army-KPLA) (၂) ကရင်ပြည်သူ့လွတ်မြောက်ရေးပြောက်ကျားတပ် ( Karen People Guerrilla Force-KPGF) (၃) ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (Karen National Defense Organization-KNDO) ဟူ၍ တပ်မတော်(၃)ရပ်ဖြင့်ဖွဲ့စည်းခဲ့သည်။

၁၉၅၆ ခုနှစ်၊ ဧပြီလ(၁၉ )ရက်နေ့ ပဲခူးရိုးမတိုင်း(KNU)ပါတီကို ဥက္ကဋ္ဌစောမျိုးသွေး၊ အတွင်းရေးမှူး ဗိုလ်အေးဟန် တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ဒုတိယလမ်းစဉ်ကို ချမှတ်ခဲ့သည်။ ၁၉၅၆ ခုနှစ်၊ မေလ(၂၆)ရက်နေ့တွင် အရှေ့တိုင်းမောကို ကရင်အမျိုး သားကွန်ဂရက်တွင် စောဟံတာသာမွှေး ဥက္ကဋ္ဌ၊ မန်းဘဇန် ဒုဥက္ကဋ္ဌ(၁) (နိုင်ငံရေးတာဝန်)၊ ဗိုလ်ချုပ်မင်းမောင် ဒုဥက္ကဋ္ဌ (၂) (ကာကွယ်ရေးတာဝန်)၊ စကောလယ်တော အတွင်းရေးမှူး(အုပ်ချုပ်ရေးတာဝန်)တို့ဦးဆောင်မှုဖြင့် (Karen Revolutionary Council- KRC)ကို ဖွဲ့စည်းခဲ့ပြီး ဒုတိယလမ်းစဉ်ကိုလည်း ချမှတ်ခဲ့သည်။

(KNUP) ဘက်မှ လက်ဝဲဆန်သောအယူအဆနှင့် KRC အတွင်းမှ လကျ်ာဆန်သောအယူအဆနှစ်ခုတို့သည် အ ချိန်ကာလတစ်ခုအထိ ကရင်အမျိုးသားတိုးတက်ရေး ပါတီအလံအောက်တွင် စုစည်းနိုင်ခဲ့သော်လည်း ၁၉၆၃ ခုနှစ်၊ ဧပြီ လ(၂၀)ရက်နေ့ ကဆောဝါးညီလာခံတွင် စောဟံတာသာမွှေးမှ မိမိကိုယ်တိုင် ပါဝင်ချမှတ်ခဲ့သည့် ဒုတိယလမ်းစဉ်ကို ဆန့် ကျင်ပြီး အယူဆအသစ်တစ်ခု တင်ပြလာခဲ့သည်။ အစည်းအဝေးတွင် အများကလက်မခံနိုင်သည့်အခါ စောဟံတာသာ မွှေးမှ ဦးဆောင်ပြီး အဖွဲ့ဝင်(၁၀)ဦးဖြင့် ခွဲထွက်သွားခဲ့သည်။ ကရင့်နိုင်ငံရေးသမိုင်းတွင်လည်း ဒုတိယအကြိမ် ထပ်မံသ ဘောထားကွဲခြင်းဖြစ်ပေါ်ခဲ့ပြန်သည်။

၁၉၆၃ ခုနှစ်၊ ဇွန်လိုင်လ(၅)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းအစိုးရမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ယူခဲ့သည်။ စစ်မြေပြင် နိုင်ငံရေးဖြစ်စေ စားပွဲဝိုင်းနိုင်ငံရေးဖြစ်စေ သင်းကွဲတိုက်ခိုက်ခြင်းထက် စည်းပေါင်းတိုက်ခိုက်ခြင်းသည်သာ အောင်ပွဲခံ နိုင်သည်ဖြစ်သဖြင့် (KNUP)မှ (KRC)နှင့်အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ကမ်းလှမ်းခဲ့သော်လည်း (KRC) မှ လက်မခံဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ သီးခြားသွားရောက်ခဲ့သည်။ (KNUP)မှ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ် ပေါင်းစု (မဒညတ)အဖွဲ့အနေဖြင့် မန်းဘဇန်နှင့် ဗကပသခင်တင်ထွန်းတို့ ဦးဆောင် တော်လှန်ရေးကောင်စီနှင့်သွားရောက် ဆွေးနွေးခဲ့သည်။ တော်လှန်ရေးကောင်စီမှ ဆွေးနွေးဖက်များအား သတ်မှတ်နေရာတွင်သာနေရန်၊ သွားလိုသည့်နေရာ ခွင့်ပြုချက်ယူရန်၊ အင်အားစာရင်းပေးရန်၊ စည်းရုံးရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေး စသည့်လုပ်ငန်းများကို ကန့် သတ်လာသဖြင့် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့တွင် (မဒညတ)နှင့် တော်လှန်ရေးကောင်စီအစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားခဲ့သည်။ သို့သော် (KRC)သည် တော်လှန်ရေးကောင်စီအစိုးရထံ အညံ့ခံပူးပေါင်းခဲ့သည်။

(KNUP)တွင်လည်း တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကိုလက်ခံသည့် အုပ်စုနှင့် ကရင်အမျိုးသားတိုး တက်ရေးပါတီအဖြစ် ဒုတိယလမ်းစဉ်ကိုသာလက်ခံသည့် အုပ်စုဟူ၍ အတွေးအခေါ် နှစ်ခု အက်ကြောင်းပေါ်လာရာမှ ၁၉၆၈ ခုနှစ်၊ ဇွန်လိုင်လတွင် ဗိုလ်ချုပ်ကော်ထူးနှင့်ဗိုလ်ကျင်ဖေတို့ ဦးဆောင်ပြီး (၆)ကြိမ်မြောက် (KNUP)ဗဟိုကော်မတီအစည်း အဝေးကို ပဲခူးရိုးမသို့ ပြောင်းရွှေ့ခေါ်ယူခဲ့ရာ ဥက္ကဋ္ဌကြီးမန်းဘဇန်မှ တက်ရောက်ခြင်းမရှိတော့ဘဲ (KNUP)နှင့် ကင်းကွာ ခဲ့သည်။

ထိုသို့ (KNU)ပါတီအတွင်းအယူအဆ ကွဲနေချိန် ဗိုလ်ချုပ်မြမှ အရှေ့တိုင်းတွင် ကရင်အမျိုးသားလွတ်မြောက် ရေးကောင်စီ (Karen National Liberation Council-KNLC)ကို ဖွဲ့စည်းခဲ့သည်။ (KNLC)မှ (KNUP)၏ ဒုတိယလမ်းစဉ် ထဲမှ နယ်ချဲ့ပဒေသရာဇ်နှင့် မဟာလူမျိုးကြီးဝါဒဆန့်ကျင်ရေးကို လက်ခံသဖြင့် ၁၉၆၉ ခုနှစ်တွင်(Karen National United Front-KNUF) ကေအဲန်ယူတပ်ဦးကို ဥက္ကဋ္ဌမန်းဘဇန်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မြတို့ ဦးဆောင်ဖွဲ့စည်းလိုက်သည်။ ၁၉၇၀ ခုနှစ်တွင် (KNUF) ညီလာခံတွင် (KNUF)ကို ဖျက်သိမ်းပြီး (KNU)အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။

၁၉၇၅ ခုနှစ်၊ မေလ(၁၅)ရက်နေ့ ပဲခူးရိုးမတွင် (ဗကပ)ခေါင်းဆောင်သခင်ဇင်နှင့် သခင်ချစ်တို့ကျဆုံးပြီးနောက် ရန် သူသည် (KNUP)ကို ဆက်လက်ချေမှုန်းရန် စီစဉ်လာခဲ့သည်။ နိုင်ငံရေး၊ စစ်ရေး အဖက်ဖက်မှ ကြပ်တည်းလာမှုအပေါ် ကရင်ပြည်သူတို့၏တောင်းဆိုမှုများနှင့် ကရင့်နိုင်ငံရေးလိုအပ်မှုကို (KNUP)သည်လည်းကောင်း၊ အရှေ့တိုင်းရှိ(KNU)သည် လည်းကောင်း၊ နားလည်သဘောပေါက်လာကြပြီး ၁၉၇၅ ခုနှစ်၊ ဧပြီလတွင် (KNUP)မှ ဗိုလ်ချုပ်မြမောင် ဦးဆောင်ဗဟို ကော်မတီဝင်များ၊ တပ်မှူးတပ်သားများ၊ ရဲမေနန့်ကျင်ရွှေ(ပဒိုမန်းရှာဇနီး)ဦးဆောင်ရဲမေများ စုစုပေါင်းအင်အား (၁၀၀)ကျော် တို့ ရန်သူနှင့်တိုက်ပွဲကြားမှ အရှေ့တိုင်းသို့ ညီညွတ်ရေးအတွက် ပဲခူးရိုးမမှစတင်ထွက်ခွာခဲ့သည်။ စစ်တောင်းမြစ်အတွင်း ကူးခဲ့ရာတွင် ကျားမအပါအဝင်ရဲဘော် ရဲမေ(၉)ဦး ရေနစ်ကျဆုံးပြီး သေနတ်(၂၄)လက်ဆုံးရှုံးခဲ့သည်။



မေလအတွင်း(KNU)ဗဟို ဋ္ဌာနချုပ် မာနယ်ပလောသို့ရောက်ရှိခဲ့ပြီး မြောက်ပိုင်းချီတက်ရေး(တရုတ်ပြည်)မှ ပြန်ဆင်းလာသည့် (KNUP)နှင့် ၁၉၇၅ ခုနှစ်၊ ဇွန်လတွင် ပေါင်းစည်းမိကြသည်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် (KNUP)နှင့် (KNU)နှစ်ဦးနှစ်ဖက် ဗဟိုညီညွတ်ရေးကော်မတီတို့ ညှိနိုင်းသဘောတူညီမှုအရ ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် (KNU)အဖြစ် ပြန်လည်ပေါင်းစည်းကြရာ ၁၉၆၈ ခုနှစ်မှ စတင်ခဲ့သည့် အကွဲအပြဲ ဆိုးကျိုးများလည်းပြီးဆုံးသွားခဲ့သည်။

ပြန်လည်ပေါင်းစည်းလိုက်သည့် (KNU)တွင် မြစ်ဝကျွန်းပေါ်နှင့် ပဲခူးတိုင်းတို့မှ ခေါင်းဆောင်များသည် တချိန်က လက်ဝဲဘက်အယူအဆသန်သူများနှင့် အရှေ့တိုင်းမှ ခေါင်းဆောင်များသည် လကျ်ာအယူအဆသန်သူများ ဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ လက်ရှိ(KNU)အခြေခံဒေသသည်လည်း ပထဝီနိုင်ငံရေးအရ ထိုင်းနိုင်ငံနှင့်ဆက်စပ်နေခြင်း စသည့်အ ကြောင်းများကြောင့် ၁၉၇၆ ခုနှစ်၊ ဇွန်လ ထိုးဝါးလိုဒေသ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးတွင် ဥက္ကဋ္ဌကြီး မန်းဘ ဇန်အစား ဗိုလ်ချုပ်မြကိုလည်းကောင်း ဒုဥက္ကဋ္ဌအဖြစ် ပဒိုသာပြည့်၊ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ် မောင်မောင်အား ပြောင်း လဲတာ ဝန်ပေးရွေးချယ်ပြီး မန်းဘဇန်အား နာယကနေရာတွင် တာဝန်ပေးခဲ့သည်။ မန်းဘဇန်မှလည်း မိမိအသက်ရှင်နေသမျှ နောက် တစ်ကြိမ် (KNU)မကွဲစေရဟူသောစိတ်ဖြင့် နာယကနေရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်နေထိုင်ခဲ့သည်။

နိုင်ငံရေး ရေစီးကြောင်းအကွေ့အလှည့်အနိမ့်အမြင့်ကြား ဖြတ်သန်းခဲ့ရသည့် ဥက္ကဋ္ဌကြီးမန်းဘဇန်သည် အသက် အရွယ်ကြီးရင့်လာပြီး အိုမင်းမစွမ်း မျက်စေ့နှစ်ကွင်းမမြင်ရသည်အထိ သောင်ရင်းမြစ်ကမ်းဘေး အင်ဖက်မိုး ဝါးထရံကာပျဉ် ခင်းအိမ်ကလေးတွင် နေ့အခါပက်လက်ကုလားထိုင်ပေါ်တွင်လည်းကောင်း၊ ညအချိန်တွင် အိပ်ယာထက်တွင်လည်းကောင်း၊ ရေဒီယိုတစ်လုံးဖြင့် သတင်းများကိုနားထောင်ရင်း အချိန်ကုန်ခဲ့သော်လည်း ကရင့်တော်လှန်ရေးအပေါ် မည်သည့်အခါမျှ အ ညံ့ခံသည့်စိတ်ဓါတ်မရှိခဲ့ချေ။ ထိုအချိန်တွင် အိမ်ခန်းအပြင် သားသမီးသမက်ချွေးမများ ငိုသံကြားသဖြင့် သတိမေ့မျော နေသည့် ဇနီးဒေါ်ကြည်ကြည်ထံသို့ ဥက္ကဋ္ဌကြီးမန်းဘဇန် စမ်းတဝါးဝါးဖြင့် အိမ်ရှေ့ခန်းသို့ထွက်လာရာ ချစ်ဇနီးဒေါ်ကြည် ကြည်အနားတွင်ထိုင်၍ နောက်ဆုံးအနမ်းဖြင့် – (ကြည်ရေ သခင်ခရစ်တော်ဆီ မင်းအရင်သွားနှင့် ငါနောက်က လိုက်လာ မယ်။ တော်လှန်ရေးခရီးတစ်လျှောက် ရန်သူဖမ်းဆီးမှု၊ ဆင်းရဲကြပ်တည်းမှုတွေကို ကျော်လွှားပြီး ငါ့ကိုပါရမီဖြည့်ခဲ့သလို တော်လှန်ရေးအပေါ်လည်း မင်းသစ္စာရှိခဲ့တယ်။) တစ်ဆက်တည်း သားသမီးများဘက်သို့လှည့်၍ မင်းတို့ကိုဘာမှ အမွေပေးနိုင်တာမရှိဘူး။ တော်လှန်ရေးအမွေပဲ ပေးနိုင်တယ်ဆိုပြီး ဥက္ကဋ္ဌကြီးမန်းဘဇန် အသံတိမ်ဝင်သွားခဲ့သည်။

ချစ်ဇနီးဒေါ်ကြည်ကြည်ကွယ်လွန်သွားပြီးနောက်ပိုင်း ၁၉၈၂ ခုနှစ်၊ မေလ(၃၁)ရက်နေ့တွင် ဥက္ကဋ္ဌကြီးမန်း ဘဇန်လည်း ကရင်တစ်မျိုးသားလုံးကိုလည်းကောင်း၊ သားသမီးများကိုလည်းကောင်း၊ ထာဝရခွဲခွာသွားခဲ့သည်။ မာနယ်ပလောအာဇာနည်ကုန်းတွင် ဥက္ကဋ္ဌကြီးမန်းဘဇန်နှင့် ဇနီးဒေါ်ကြည်ကြည်တို့ ထာဝရလဲှလျောင်းနေသော်လည်း ကရင်မျိုးဆက်သစ်တို့အား ဒီမိုကရေစီရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များကို ပခုံးပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...