မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမနှင့် တွေ့ဆုံမေးမြန်းခြင်း

မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
မင်းပိုင်
MUP တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမ(MNA)
MUP တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမ(MNA)

မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကော်မတီအစည်းအဝေးကို ပြီးခဲ့သည့်အောက်တိုဘာ ၄-၅ ရက်နေ့များတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့်အတွက် လက်ရှိပါတီ၏မူဝါဒသဘောထားများကို သိရှိနိုင်ရန် MUP တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမအား မွန်သတင်းအေဂျင်စီ အယ်ဒီတာမင်းပိုင် မွန်ဘာသာဖြင့်တွေ့ဆုံမေးမြန်းချက်ကို ဗညားအောင် မြန်မာဘာသာသို့ပြန်ဆိုသည်။

မေး-မကြာမီကကျင်းပပြီးစီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီအစည်းအဝေးကနေ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တာရှိပါတယ်၊ ပြီးတော့ NLD ပါတီ ၃၁ နှစ်ပြည့်အခမ်းအနားမှာလည်း ဖက်ဒရယ်နဲ့ပတ်သက်ပြီး NLD သဘောထားကို ရှင်းလင်းပြောကြားခဲ့ပါတယ်၊  အဲဒီအပေါ်မှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဘယ်လိုများသုံးသပ်ဆွေးနွေးထားပါသလဲ?

ဖြေ- NLD ဆုံးဖြတ်ချက်တွေကို ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေနဲ့ အဓိကသက်ဆိုင်နေတဲ့ အချက် ၂ ချက်ပါဝင်တယ်၊ NLD တိုင်းရင်းသားရေးရာဌာနကို ဖွဲ့စည်းလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲဗျူဟာရေးဆွဲပြီးတော့ လုပ်ငန်းအကောင်အထည်ဖော်သွားဖို့၊ နောက်တစ်ချက်က နိုင်ငံရေးအပိုင်းမှာဆိုရင် ဒီမိုကရေစီကိုအရင်ရောက်အောင်သွားမယ် ပြီးတော့မှတိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ကို ပုံဖော်သွားမယ်လို့ ဆိုတယ်။

ဒီနေရာမှာပြောချင်တာက NLD ဟာ သူတို့ပါတီရဲ့ တိုင်းရင်းသားမူဝါဒအပေါ်အခြေခံပြီး နိုင်ငံရေးအရ တိုင်းရင်းသားတွေနဲ့ လက်တွဲအကောင်အထည် ဖော်ဆောင်နိုဖို့ဆိုပြီး တိုင်းရင်းသားရေးရာဌာနကို ဖွဲ့စည်းတာမဟုတ်ပါဘူး၊ သူတို့ရည်ရွယ်ချက်ကို ကျနော်တို့အကဲခတ်ရတာက NLD ပါတီ အာဏာရလာတဲ့ ၄ နှစ်ဝန်းကျင်ကာလ အတောအတွင်းမှာ ၂၀၁၅ ရွေးကောက်ပွဲကတိကဝတ်တွေကို ဘာတစ်ခုမှ အကောင်အထည်မဖော်နိုင်သေးပါဘူး၊ တစ်အချက် ငြိမ်းချမ်းရေးနဲ့ပတ်သက်တာ အကောင်အထည်မဖော်နိုင်ဘဲ တစ်ဆို့မှုတွေဖြစ်နေတယ်၊ တရားဥပဒေစိုးမိုးရေးဆိုတာလည်း အတော်လေး အားနည်းတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေလိုလားတဲ့ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ စာတမ်းတစ်ခုတစ်လေတောင် NLD တင်ပြထားတာ မတွေ့မိဘူး၊ ပြင်ဆင်ထားတာလည်း မကြားမိဘူး၊ အဲဒီတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကတိကဝတ်ကို ဘာမှလည်းအကောင်အထည်မဖော်နိုင်ခဲ့တဲ့အပေါ် NLD အပေါ်ထောက်ခံခဲ့တဲ့ တိုင်းရင်းသားမွဲဆန္ဒရှင်တွေ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လျော့ကျလာဖို့ရှိတယ်၊ တိုင်းရင်းသားနယ်မြေတွေမှာ NLD မဲတွေပိုပြီးဆုံးရှုံးလာမှာကိုလည်း စိုးရိမ်စရာအခြေအနေ ရှိလာတယ်၊ ဒီတော့ တိုင်းရင်းသားဆန္ဒမဲတွေ ပြန်ရအောင်ဆိုပြီး ပြည်နယ်တွေ တိုင်းရင်းသားဒေသတွေမှာ မဲဆွယ်စည်းရုံးသွားဖို့သက်သက် NLD တိုင်းရင်းသားရေးရာဌာနကို ဖွဲ့စည်းရတာဖြစ်တယ်၊ တိုင်းရင်းသားတွေနဲ့ NLD ပါတီ အတူတကွလက်တွဲဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးအရ မူဝါဒတွေချမှတ်ပြီး ဆောင်ရွက်မယ့် တိုင်းရင်းသားရေးရာဌာနတော့ မဟုတ်လောက်ပါဘူး၊ တိုင်းရင်းသားတွေရဲ့မဲတွေကို သူတို့ပါတီရရှိဖို့ သက်သက်ပဲ ရည်ရွယ်တာလို့ မြင်တယ်။

မေး- ဒီမိုကရေစီရပြီးမှ ဖက်ဒရယ်သွားမယ်ဆိုတဲ့ NLD ရပ်တည်ချက်အပေါ် ဘယ်လိုပြောချင်ပါလဲ?

သတင်းမီဒီယာတွေမှာ သူတို့ပြောခဲ့သလို ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီရပြီးမှသာ ကျနော်တို့အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီးတော့ ဖက်ဒရယ်တည်ဆောက်ကြမယ် ဆိုတဲ့အချက်၊ ဒါက မှန်ကန်တဲ့အယူအဆမဟုတ်ပါဘူး၊ ဒီလိုအယူအဆမျိုးကို ကျနော်တို့တိုင်းရင်းသားတွေ လုံးဝလက်မခံပါဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာမှာ အဓိကအချက် ၂ ချက်ပဲရှိပါတယ်။ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်လို့ဆိုတဲ့ ဖက်ဒရယ်ပြဿနာပါပဲ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ ဒဂါၤးပြားရဲ့ ခေါင်းနဲ့ပန်းလို တစ်ခုတည်းတစ်လုံးတည်း တစ်နေရာထဲမှာရှိနေတဲ့ အရာဖြစ်တယ်၊ အဲဒါကြောင့် ဒီပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ တစ်ခုစီသီးသန့် သပ်သပ်ခွဲထုတ်လို့မရနိုင်ပါဘူး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြဿနာဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း တစ်ခါတည်းနဲ့ ဖြေရှင်းရမယ့် အရာကိစ္စဖြစ်တယ်။

ကျနော်တို့နိုင်ငံ ဒီမိုကရေစီရပြီဆိုဦးတော့ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ ဖက်ဒရယ်ပုံစံမကျခဲ့ရင် တည်ငြိမ်အေးချမ်းမှုရှိမှာ မဟုတ်ပါဘူး၊ တည်ငြိမ်အေးချမ်းမှုမရှိတဲ့နိုင်ငံမှာ ဒီမိုကရေစီလည်း ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို ခွဲပစ်လို့မရပါဘူး၊ တစ်ခုစီသီးသန့်အနေအထားမှာလည်း ရှင်သန်နိုင်လိမ့်မယ်မဟုတ်ဘူး၊ တစ်ခုနဲ့တစ်ခု ဆက်စပ်နေယုံတင်မကဘူး တစ်ခုတည်းတစ်လုံးထဲလို ဖြစ်နေပါတယ်၊ ဒါကြောင့် ဒီမိုကရေစီရပြီးမှ ဖက်ဒရယ်စနစ်ကို သွားမယ့် NLD ရပ်တည်ချက်ကို ကျနော်တို့တိုင်းရင်းသားတွေ လက်မခံနိုင်ပါဘူး၊ ဒီအယူအဆ လုံးဝမှားနေတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြဿနာတွေကို တစ်ချိန်တည် တစ်ခါတည်း တစ်ပြိုင်တည်းဖြေရှင်းရမယ့်အရာလို့ လက်ခံထားတယ်။

မေး-အခု ဖက်ဒရယ်အပေါ် ထားရှိတဲ့ NLD သဘောထားဟာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဘယ်အတိုင်းအတာအထိ ရိုက်ခတ်သွားနိုင်သလဲ?

ဖြေ- ဖက်ဒရယ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ ရှင်းလင်းပြောကြားခဲ့တဲ့ NLD သဘောထားတွေရယ်၊ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး NLD တင်ပြခဲ့တဲ့စာတမ်းတွေကို ကျနော်တို့လေ့လာရတဲ့အခါမှာ ဖက်ဒရယ်ရပ်တည်ချက်နဲ့ပတ်သက်ပြီး NLD အပေါ်  ကျနော်တို့တိုင်းရင်းသားပါတီတွေ ယုံကြည်မှုထားခဲ့တာ အတိုင်းအတာတစ်ခုအထိ ကျဆင်းခဲ့ရပါတယ်။

ဖက်ဒရယ် ဖက်ဒရယ် ဖက်ဒရယ်နိုင်ငံကိုတည်ဆောက်မယ်ဆိုပြီး ကြွေးကျော်ခဲ့တဲ့ NLD ပါတီဟာ လက်တွေ့အရ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဖက်ဒရယ်စနစ်လိုလားမှုမရှိတာကို သက်သေအထင်အရှား ပြသနေပါပြီ၊ ဒီတော့ NLD အပေါ် တိုင်းရင်းသားတွေ ယုံကြည်မှု ကျဆင်းလာတယ်၊ NLD အပေါ် တိုင်းရင်းသားတွေ ဒီလိုယုံကြည်မှုကျဆင်းလာနေတဲ့အတွက် လက်ရှိငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကိစ္စတွေကို သိသိသာသာ ပိုပြီးရိုက်ခတ်လာပါတယ်။  

မေး-တိုင်းရင်းသားတွေအပေါ်ထားရှိတဲ့ မူဝါဒသဘောထား၊ တိုင်းရင်းသားရေးရာဌာနတွေဟာ NLD ပါတီမှာ အရင်ကရှိခဲ့ဘူ့သလား?

ဖြေ-ကျနော်တို့သိရသလောက်ဆိုရင် တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး NLD မှာ ဘာမှမူဝါဒမရှိခဲ့ဘူး၊ အရင်ကလည်း မရှိခဲ့ဘူး၊ အခုလည်းမရှိသေးဘူး၊ NLD အပေါ် တိုင်းရင်းသားတွေထောက်ခံမှု အတော်လေးကျ   ဆင်းလာတဲ့ကိစ္စဟာ လာမယ့် ၂၀၂၀ ရွေးကောက်အတွက် အလားအလာမကောင်းဘူး၊ အခုလို တိုင်းရင်းသားရေးရာဌာနဖွဲ့စည်းလိုက်ရတာဟာ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဆန္ဒမဲတွေကို ပြီးခဲ့တဲ့ ၂၀၁၅ လို NLD မဲပြန်ရနိုင်ဖို့အတွက် တိုင်းရင်းသားတွေအပေါ် ငါးစာပြန်ချနိုင်အောင်ဆိုပြီးတော့ သူတို့ပါတီထဲက တိုင်းရင်းသားတွေကို ပြန်အသုံးချတာလောက်ပဲလို့ မြင်တယ်။ တိုင်းရင်းသားရေးရာဌာနလည်း အရင်က NLD မှာ မရှိပါဘူး။

မေး-တိုင်းရင်းသားမဟာမိတ်ပါတီတွေဖြစ်တဲ့ UNA, NBF တို့ကရော NLD အပေါ် ဘယ်လိုအမြင်သဘောထားတွေ ရှိပါသလဲ?

ဖြေ- တိုင်းရင်းသားတွေအပေါ်မှာ NLD ထားရှိတဲ့သဘောထား၊ ရေရာတဲ့မူဝါဒတွေ

အသေအချာမှမရှိခဲ့တော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလာဒ်ထွက်လာတဲ့အခါမှာ တိုင်းရင်းသားပါတီတွေနဲ့ NLD ဟာ တဖြည်းဖြည်းဝေးကွာ သွားခဲ့ကြသလို ခုဆိုရင် ပိုပြီးတော့ ဝေးသထက်ဝေးနေကြပြီလို့ ပြောရပါမယ်၊

ရှေ့အနာဂတ်မှာဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ NLD ပါတီ မိတ်ဆွေတွေ မဖြစ်နိုင်တော့ပါဘူး၊ ကိုယ့်လမ်း ကိုယ်လျှောက်ကြတာပဲရှိတော့တယ်၊ တိုင်းရင်းသားအင်အားစုတွေ အချင်းချင်းပဲ မဟာမိတ်ဖွဲ့ကြပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲရှိတော့တယ်၊ NLD သဘောထားကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့လာရတဲ့အတွက် ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့ NLD ကို မိတ်ဆွေဖွဲ့ဖို့ဆိုတဲ့အပေါ် ဘာမှမျှော်လင့်ချက်ထားစရာ မလိုပါတော့ဘူး၊

နောက်ပြီး ကျနော်တို့တိုင်းရင်းသား မဲဆန္ဒရှင်တွေတစ်ခု သတိပြုရမှာက သူတို့အပေါ် ထောက်ခံမှုကျဆင်းနေတာကို ဆန္ဒမဲတွေလျော့မသွားအောင် အဖတ်ပြန်ဆယ်နိုင်ဖို့ဆိုပြီးတော့ နည်းဗျူဟာတစ်မျိုးနဲ့ တိုင်းရင်းသားရေးရာဌာန ဖွဲ့စည်းတာဖြစ်တယ်၊ သူတို့ပါတီထဲက တိုင်းရင်းသားတွေကိုအသုံးချပြီး မဲတောင်းနေတာဖြစ်တယ်၊ ဒီအပေါ်မှာ ကျနော်တို့တိုင်းရင်းသားပြည်သူလူထုတွေ မျက်စိလည်မသွားဖို့ အရေးကြီးပါတယ်၊ တစ်မျိုးဥပမာပေးရရင် အမေကျော် ဒွေးတော်မလွမ်းမိဖို့ပေါ့နော်၊ အဲဒါကို ဝေခွဲတတ်မှလည်း မိမိတို့တိုင်းရင်းသားလူမျိုးတွေအတွက် အကျိုးရှိပါလိမ့်မယ်။

မေး-နောက်ဆုံးတစ်ချက်အနေနဲ့ အခြားဗမာပါတီကြီးတွေကရော တိုင်းရင်းသားအပေါ် မူဝါဒချမှတ်ထားတာ ရှိပါသလား?

ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီတို့လည်းပဲ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး မူဝါဒသဘောထားလိုလို တိုင်းရင်းသားတွေကိုပဲ အဓိကမိတ်ဖက်လိုသဘောထားပြီး ဆောင်ရွက်သွားကြမယ်ဆိုတာမျိုးတွေ မီဒီယာကနေ တဆင့်ပြောဆိုနေတာကိုပဲ ကျနော်တို့ ကြားနေရတယ်၊ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး သူတို့မှာရှင်းလင်းတဲ့ ဘယ်လိုဘယ်လိုမူဝါဒသဘောထားတွေ ဒီလိုဒီလိုရှိတယ်ဆိုတာမျိုးကို ကျနော်တို့နဲ့တွေ့ဆုံပြီး ရှင်းလင်းပြောကြားတာ ဒီကနေ့အထိ မရှိသေးပါဘူး။

မေး-ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...