KNU တောင်ငူခရိုင် ဥက္ကဌနှင့် တွေ့ဆုံမေးမြန်းခြင်း

KNU တောင်ငူခရိုင် ဥက္ကဌနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်မြို့သစ်တွင် စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် KNU-ကရင်အမျိုး သားအစည်းအရုံး၊ တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးအား ကေအိုင်စီ-ကရင်သတင်းဌာန သတင်းထောက် စောရှားမှ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်သည်။

မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် ဘယ်လိုမြင်မိပါသလဲ။ တောင်ငူခရိုင်အပေါ်မှာရော ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေလဲ။

ပဒိုစောအယ်ဝါး။ ။ ကျနော်တို့ တောင်ငူခရိုင်မှာ တချို့အချက်ကတော့ စိတ်ကျေနပ်စရာ ရပါတယ်။ အထူးသဖြင့် မိသားစု၊ ဆွေမျိုးမိတ်ဆွေတွေဆီ သွားတာတို့၊ လည်တာတို့ကတော့ လွတ်လွတ် လပ်လပ်ရှိပါတယ်။ ဒီလို ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကာလမှာ စိုးရမ်စရာတစ်ခုရှိတာက ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီးတော့ ဝင်ရောက်လာတဲ့ တချို့ကဏ္ဍတွေပါ။ ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်တပ်ပြီးတော့ လာတဲ့အခါ ပြည်သူလူထုလည်း မသိတဲ့အရာတွေ အများကြီးရှိတယ်။ ဆိုးကျိုးကောင်းကျိုးလည်း ရှင်းပြခဲ့တာ မရှိဘူး။

ထို့အတူ တာဝန် ရှိတဲ့ခေါင်းဆောင် အထူးသဖြင့် ကျနော်တို့ KNU ကလည်း အချို့အပိုင်းတွေမှာ တော်တော်များများ ဘာမှမသိခဲ့ရတဲ့အရာတွေလည်း ရှိတယ်။ နိုင်ငံရေး၊ လုံခြုံရေးအပိုင်းတွေကို ခေါင်းဆောင်တွေအပေါ်မှာ လုပ်ဆောင်တဲ့အခါကျတော့ ကျနော်တို့က အောက်ခြေကနေပြီးတော့ အလျင်းသင့်လိုက်ပါရပါတယ်။ ငြိမ်းချမ်းရေးကတော့ ပြည်သူလူထုအတွက် စိတ်ကျေနပ်စရာအဆင့်အထိ မရောက်သေးဘူး။ သွားလိုက်၊ ရပ်လိုက်၊ အဆင်ပြေလိုက်၊ မပြေလိုက် အနေအထားမှာတော့ လက်ခံတယ်။ ဒါကို ပိုကောင်း လာအောင်၊ ငြိမ်းချမ်းရေးအစစ်အမှန်ရလာအောင်တော့ ကြိုးစားရမှာပေါ့လေ။

မေး။ ။ စောစောက ပြောတဲ့ ဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ ဝင်ရောက်လာတဲ့ တချို့ကဏ္ဍတွေရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ။

ပဒိုစောအယ်ဝါး ။ ။ ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီးတော့ နောက်ဆက်တွဲဖြစ်လာတဲ့ ဆိုးကျိုးတွေ အများကြီးရှိတာပဲ။ ဥပမာ အားဖြင့် လမ်းဖောက်တယ်ဆိုပါစို့။ လမ်းတစ်ခု ဖောက်ပြီဟေ့ ဆိုတာနဲ့ မြေကြီး၊ စိုက်ခင်း၊ တောတောင်တွေ၊ သဘာဝအလှတွေ၊ သစ်ပင်တွေ ဖယ်ထုတ်၊ ရှင်းထုတ်ရတာပဲ။ လမ်းဖြစ် လာရင်လည်း ကုန်သွယ် စီးပွားလောဘသမားတွေက သစ်ခုတ်မယ်။ သစ်ထုတ်မယ်။ ရှိသမျှဟာတွေကို သယ်ဆောင်သွားမယ်ဆိုတဲ့ နောက်ဆက်တွဲ မကောင်းတဲ့ဟာတွေပဲဖြစ်မယ်။

ဒါကြောင့် လမ်းဖောက်ရတဲ့ရည်ရွယ်ချက်က ဘယ်လောက်အထိ လူထုတွေအတွက် အမှန်တကယ် အကျိုး ရှိမလဲ။ ဘယ်လောက် မှန်မှန်ကန်ကန် မူတွေချ၊ စည်းကမ်းတွေချထားပြီးပြီလဲဆိုတာတွေက ရှိမှ၊ ဒါကလဲ ငြိမ်းချမ်းရေးအစစ်အမှန်ရှိမှ လုပ်လို့ ရမယ်လို့ ကျနော်တို့ခံယူတယ်။ တခြားဒေသရဲ့ သာဓကလည်း ကျနော်တို့ မြင်နေတာပဲ။ လမ်းတွေ ဖောက်တာ နောက်တော့ စစ်သုံးတဲ့လမ်းတွေဖြစ်သွားတယ်။ သယံဇာ တကုန်ဆုံးသွားတယ်။ မလိုလားအပ်တဲ့လူတွေ ဝင်ချလာတယ်။ လူထုတွေကြားထဲမှာ၊ လူတစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပဋိပက္ခတွေပဲ ဖန်တီးသွားတယ်။ ဒါကတော့ အများကြီးသတိထားရမယ်။

မေး။ ။ ဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ လမ်းဖောက်တဲ့ဖြစ်စဉ်တွေ တောင်ငူခရိုင်ထဲကို ဘယ်နှစ်ကြိမ်လောက်ရောက် လာခဲ့ပြီးပြီလဲ။ အဲ့အတွက် ဆိုးကျိုး၊ ကောင်းကျိုးတွေက ဘာလဲ။

ပဒိုစောအယ်ဝါး။ ။ အကြီးကြီး မဟာဗျူဟာလမ်းမကြီးတွေတော့ ကျနော်တို့ဆီမှာမရှိသေးဘူး။ ဒါပေမယ့် တစ်ခုရှိတာက ဟိုးလွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် အလွန်တုန်းက လက်နက်နဲ့ငြိမ်းချမ်းရေးလဲသွားတဲ့ အဖွဲ့ ၁ ဖွဲ့ ၂ ဖွဲ့ ပြန်ဝင် လာတယ်။ လမ်းတွေဖောက်သွားတယ်။ အဲဒီလမ်းတွေကို အသုံးပြုလို့တော့ရတယ်။ ဒါပေမယ့် သစ်ပင် တွေကုန်တာပဲ။ ဒေသခံတွေက ခြံပိုင်ရှင်ဘဝကနေ ခြံစောင့်ဖြစ်သွားတယ်။ သစ်ပင်တွေပြုန်းတီးတော့ ရာသီဥတုတွေက တအားပူလာတယ်။ ဒီဆိုးကျိုးတွေက အခုဖြစ်နေတာပေါ့။ တခြားနယ်မြေ၊ တခြား ပြည်နယ်တွေမှာလည်း ဒီလိုမျိုးဖြစ်ခဲ့တာပဲလေ။ အဲလိုတော့ မဖြစ်စေချင်ဘူးပေါ့။

မေး။ ။ ငြိမ်းချမ်းရေးအစစ်အမှန်ရလာအောင် ဘယ်လို ကြိုးစားသင့်လဲ။ ပဒိုရဲ့ အမြင်၊ သဘောထား၊ ဆန္ဒကရော ဘယ်လိုရှိလဲ။

ပဒိုစောအယ်ဝါး။ ။ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုက တော်တော်နောက်ကျနေတယ်။ သာဓကအားဖြင့် တချို့နိုင်ငံတွေဆို ကျနော်တို့နိုင်ငံထက် လွတ်လပ်ရေးနောက်မှ ရတယ်။ ပဋိပက္ခတွေလည်း ကျနော် တို့နောက်မှ ဖြစ်ခဲ့ပြီးတော့ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်တည်ဆောက်လို့ သူတို့နိုင်ငံတိုးတက် နေပြီ၊ ရှေ့က သွားနေပြီဆိုတာတွေက ကျနော်တို့ ဥပမာအနေနဲ့သင်ယူထိုက်တာတော့ ယူသင့်တယ်။ သူတို့ လုပ်နည်းလုပ်ဟန်တွေလည်း ကိုယ်နဲ့ ကိုက်ညီတဲ့ဟာယူသင့်တယ်။

နောက်ပြီး ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းနဲ့ အစိုးရ၊ တပ်မတော် အဲလို နှစ်ဖက်တည်းနဲ့ ဆွေး နွေး ညှိနှိုင်းလို့မရဘူး။ လူဆိုတာကလည်း ကိုယ့်ဖက်ကို ကိုယ်ဘက်လိုက်တတ်တဲ့ သဘောရှိတဲ့ အတွက် ကြောင့် ပြည်သူလူထုလည်းလက်ခံတဲ့ ကြားနေ အဖွဲ့အစည်းတစ်ခုကနေ ဝင်လာပြီး မားမားမတ်မတ်ရပ် တည် ပေးပြီးတော့ နည်းပညာဖြင့်သော်လည်းကောင်း၊ ငွေကြေးနဲ့ တခြားလိုအပ်ချက် ပံ့ပိုးပေးမှုသော်လည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှန်မှန်ကန်ကန်မလုပ်တဲ့လူကို လမ်းတည့်အောင် အရေးယူ ဆောင်ရွက်မှုတွေသော် လည်းကောင်း ရှိမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးကတော့ အောင်မြင်လိမ့်မယ်လို့ ကျနော့် အနေနဲ့ ခံယူပါတယ်။

ဘာလို့လဲဆိုရင် သူများဆီက သင်ခန်းစာတော့ ယူကို ယူရမယ်။ သူများရဲ့ အမှန်တကယ် ပါဝင် ပေးမှုလည်း လိုအပ်ပါတယ်။ ဘောလုံးပွဲလိုပေါ့။ ဒိုင်လူကြီးမပါတဲ့ပွဲဆိုရင် သိပ်အလုပ်မဖြစ်ဘူး။ ဒိုင်လူကြီးနဲ့ စည်းနဲ့ ကမ်းနဲ့ ကစားတဲ့ပွဲဆိုရင် ကြည့်လို့လည်းကောင်းတယ်။ ပွဲလည်းပြီးမြောက်တယ်။ အားလုံးလည်း စိတ်ကျေနပ်မှုရှိတဲ့အတွက် အဖက်ဖက်က ကောင်းပါတယ်လို့ အဲဒါနဲ့ နှိုင်းပြချင်ပါတယ်။

မေး။ ။ တောင်ငူခရိုင်က ဒေသခံတွေအတွက် ဘာတွေ အဓိကလိုအပ်နေလဲ။

ပဒိုစောအယ်ဝါး။ ။ အဓိကက ငြိမ်းချမ်းရေးပဲ။ အမှန်တကယ်ငြိမ်းချမ်းတယ်ဆိုလို့ရှိရင် ကိုယ့်ဟာကို ရပ်တည်ဖို့အတွက် လုပ်လို့ရတာတွေ အများကြီးပဲ။ မငြိမ်းချမ်းလို့သာ ငြိမ်းချမ်းရေးအမှန်တကယ်မရှိလို့သာ လူထုတွေက ကိုယ့်ရဲ့ အစွမ်းအစကို ဖော်ထုတ်ဖို့ ခက်ခဲနေပါသေးတယ်။ ဒါကြောင့် လွတ်လပ်ပြီး ငြိမ်းချမ်းဖို့က အဓိကဖြစ်တယ်။

——————————————————————————————————–

KNU ၏ တောင်ငူခရိုင်သည် ကရင်ပြည်နယ်မြောက်ဖျားပိုင်းတွင်တည်ရှိပြီး ပဲခူးအရှေ့မြောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး တောင်ပိုင်း၊ ကယား(ကရင်နီ)အနောက်ပိုင်းရှိ အချို့သောနယ်မြေများအထိ ထိစပ်ပြီးတည်ရှိနေသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...