“ အမေ့လျော့ခံ ဘဝက လွတ်ချင်ပြီ ”

“ အမေ့လျော့ခံ ဘဝက လွတ်ချင်ပြီ ”
by -
မော်ဦးမြာ
ဓါတ်ပုံ – မော်ဦးမြာ
ဓါတ်ပုံ – မော်ဦးမြာ

အခုလိုအချိန်ဆိုရင် ရှားတောမြို့နယ်၊ ဖရေစိုးလေးဒေသက ဒေသခံတွေက တောင်ယာ ပေါင်းရှင်းရမဲ့ အချိန်ကို ရောက်လာပါပြီ။

လွိုင်ကော်ကနေ ရှားတောကို သွားတဲ့ လမ်းဘေး ဝဲ၊ယာ တလျှောက်မှာ တောင်ယာခင်းတွေ ရှိနေပြီး အခင်းတိုင်းမှာ စပါးပင်၊ပြောင်းဖူးပင်၊ နှမ်းပင် ပေါက်စလေးတွေကို တောင်စောင်းလေးပေါ်မှာ ထိုင်တလှည့်၊ထတလှည့် ရှင်းနေကြပါတယ်။

ပေါင်းရှင်းသူ အများစုကတော့ အမျိုးသမီးတွေပါ။ တချို့သော အမျိုးသမီးတွေမှာ ကလေးငယ်လေးတွေကို ကျောပိုးပြီး နေပူမရှောင်၊ မိုးရွာ မရှောင်ပဲ ပေါင်းရှင်းနေကြရပါတယ်။

အဲ့ဒီထဲမှာမှ ဒေါဆော်ဘူးကျေးရွာကတော့ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ကားလမ်းမရှိတဲ့အပြင် ဆိုင်ကယ်နဲ့ သွားလာရင်တောင် တောကြား၊ တောင်ကြားထဲကိုသာ ဖြတ်သန်းသွားလာနေရဆဲပါ။

အိမ်ခြေ ၃၀ ဝန်းကျင်သာရှိသေးတဲ့ ဒေါဆော်ဘူးကျေးရွာမှာ နေထိုင်သူတွေကတော့ ယခင် စစ်ဘေးရှောင်နေရတဲ့ကာလ (ဖြတ်လေးဖြတ်လို့ အများက သိထားတဲ့ကာလ) မှာ တိမ်းရှောင်ရင်းနဲ့ အဲ့ဒီဖက်ဒေသက နိုင်ငံရေး တည်ငြိမ်စပြုလာပြီလို့ ယူဆကြပြီး ၂၀၁၄ ခုနှစ်လောက်က စစ်ဘေးတိမ်းရှောင်သူတွေ လာရောက်ပြီး စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာမှာတော့ အမျိုးသားထက် အမျိုးသမီးဦးရေ ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုချိန်မှာတော့ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ KNPP တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး ယူထားလို့ နယ်မြေတည်ငြိမ်စပြုနေပြီလို့ ဆိုရပေမဲ့ တချိန်တခါက စစ်ကြောင့် နေအိမ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို စွန့်ခွာခဲ့ရပြီး ယခုအချိန်ထိ ရုန်းကန်ပြီး ရှင်သန်နေဆဲ ဖြစ်ပါတယ်။

“ကျမတို့က နေလို့ရတဲ့နေရာမှာ နေမှာပေါ့ နေရပ်ဟောင်းက နေလို့ မရတော့ဘူးလေ စစ်တပ်က ကျမတို့ကို မောင်းထုတ်တယ် ပစ္စည်းလည်း သယ်လို့မရဘူး ပြန်ယူလို့လည်း မရဘူး အခုဘာမှ မရှိတော့ဘူး” လို့ ဒေါ်ဆော်ဘူးကျေးရွာမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အဖွား ဒေါ်ညေးမယ်က မှုန်ဝါးနေတဲ့ မျက်လုံးလေးတွေကို ပွတ်လိုက် ပြုံးရယ်လိုက်နဲ့ ပြောပြနေပါတယ်။

ရှားတောမြို့နယ် ဖရေစိုးလေးဒေသကို အရင်စစ်အစိုးရလက်ထက်မှာ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲ့ဒီက ဒေသခံတွေဟာ စစ်ဘေးအန္တာရာယ်ကနေ လွတ်မြောက်နိုင်ဖို့ တနေရာပြီး တနေရာ ရှောင်ပြေးကြရင်း အခုချိန်မှာတော့ ရေကြည်ရာမြက်နုရာကို ရှာပြီး အခြေချကြရတာပါ။

ရေကြည်ရာ မြက်နုရာ ဆိုပေမဲ့လည်း အဆင်ပြေလှတယ်လို့တော့ မဟုတ်ပါဘူး။ နေရပ်ဟောင်းထက် အဆင်ပြေဖို့ မျှော်လင့်ပြီး အခြေချနေထိုင်ကြတာပါ။ တချို့သော ရွေ့ပြောင်းသူတွေ အနည်းငယ်ကတော့ ပြည်နယ်အတွင်း တည်ငြိမ်စပြုလာတဲ့အခါ နေရပ်ဟောင်းရွာတွေမှာ ပြန်လာနေကြပြီး တောင်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ကြတာတွေလည်း ရှိပါတယ်။

လက်ရှိမှာတော့ ဖရေစိုးလေးဒေသခံတွေဟာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ကြပြီး ဝင်ငွေရရှိဖို့ တနိုင်တပိုင် နှမ်းကို စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ မိသားစုဝင်ထဲမှာ အလုပ်လုပ်နိုင်တဲ့ အမျိုးသားတွေ ရှိမှသာ နှမ်းစိုက်ပျိုးဖို့ အားသာကြတာ ဖြစ်ပါတယ်။ မိသားစုတိုင်းတော့ မစိုက်နိုင်ကြပါဘူး။ အိမ်မှာ အလုပ်လုပ်နိုင်တဲ့ အမျိုးသားတွေ ရှိနေမှသာ နှမ်းစိုက်ပြီး ငွေရှာလို့ ရတယ်လို့ ဒေါလယ်ခူကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေက ပြောပါတယ်။

နေ့စဉ်ညတိုင်း စားသောက်ရဖို့အတွက် တောင်ယာခင်းတွေထဲမှာ ပြောင်း၊ မြေပဲ၊ စပါးနဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ အဓိက စိုက်ပျိုးကြပါတယ်။

တိုက်ပွဲတွေဖြစ်လို့ စတင်တိမ်းရှောင်နေရတုန်းကဆိုရင် မိခင်ဖြစ်သူက ကလေးငယ် သုံးယောက်ကို ရှာကျွေးရတဲ့အတွက် အရမ်းခက်ခဲနေပြီး တနေကုန် သူများခြံထဲ သွားလုပ်ကူမှသာလျှင် ဆန် ငါး ဗူးသာ ရရှိတဲ့အတွက် ထမင်းမစားရတဲ့ အချိန်တွေ အများကြီး ကြုံခဲ့ရဖူးပြီး ကလေးငယ်တွေ ချီရင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို ယနေ့အချိန်ထိ မမေ့နိုင်သေးဘူးလို့ ဒေါလယ်ခူကျေးရွာနေ အသက် ၃၀ အရွယ် ခူးဘဲရယ်က သူငယ်ရွယ်စဉ်က ကြုံခဲ့ဖူးသည်များကို ပြန်ပြောင်းပြောပြပါတယ်။

“မလွတ်လပ်ဘူးဆိုရင်တောင်မှ အရင်ကထက် အများကြီးသာတယ် အခုတော့ လွတ်လပ်နေပြီလို့တော့ မဟုတ်ပေမဲ့ သွားလာရတာ နည်းနည်းတော့ စိတ်ချမ်းသာလာတာပေါ့ စိုးရိမ်စိတ် ကြောက်စိတ်တော့ နည်းနည်းရှိသေးတာပေါ့။ သူတို့သွားတိုးကြရင် ကိုယ်ပဲ ခံရမှာလေ သူတို့ကလည်း ကိုယ့်ကို သတင်းမပို့ဘူးဆိုတာတွေလည်း ပြောနိုင်သေးတယ် ကိုယ်မသိရင်လည်း ရိုက်တာ ပုတ်တာ ခံရဦးမယ် သူတို့တွေ့လည်း မတွေ့ချင်ယောင်ဆောင်ပြီး သွားလိုက်ကြရင်တော့ ကောင်းတာပေါ့ အရင်ကလို ပြန်တိုက်မှာပဲ စိုးရိမ်နေတာ။” လို့ သူက လက်ရှိမှာ စိုးရိမ်စိတ်တွေ ရှိနေကြောင်းကိုလည်း ပြောပြသွားပါသေးတယ်။

စစ်ရှောင်တွေအတွက် အစိုးရအနေနဲ့ ပြန်လည်နေရာချထားရေးတွေကို ဆောင်ရွက်ပြီး အမျိုးသမီးနဲ့ ကလေးတွေအတွက် လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ပြည့်ဝစွာ ကာကွယ်လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

ဦးသဲရယ်က “ မတူညီတဲ့ ဒုက္ခသည်နှစ်မျိုးကိုလည်း ရှင်းရှင်းပြောရရင် ခွဲခြားပြီးတော့မှ သူတို့ အခွင့်အရေးကို လည်း ဘယ်လိုပေးမလဲဆိုတဲ့ဟာတွေကို စဉ်းစားဖို့ လိုတာပေါ့လေ ဒုက္ခသည်မှာ ရောက်နေတဲ့ သူတွေအတွက်တော့ တဖက်တလှမ်းက နိုင်ငံခြားတွေရဲ့ အကူအညီ တချို့ဟာတွေလည်း ရတာရှိတာပေါ့ ဒါပေမဲ့ ဒီပြည်တွင်းမှာပဲ ရွေ့ပြောင်းပြီးတော့မှ နေထိုင်နေတဲ့ ဒီIDP တွေအတွက်ကျတော့ ဘာအကူအညီမှ မရှိဘူးပေါ့လေ ဆိုတော့ အဲ့ဒါတွေလည်း မတူညီတဲ့ အပိုင်းနှစ်ပိုင်းရှိတာပေါ့ ဆိုတော့ အစိုးရက ဒီပြည်တွင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို သူတို့က အဲ့ဒါတွေကို ဖော်ထုတ်ပြီးတော့မှ နေရာပြန်လည်ချထားရေးကိစ္စတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေလည်း သူတို့ အရေးတကြီးဆောင်ရွက်ဖို့ လိုတယ်ပေါ့နော။“ လို့ ပြောပါတယ်။

လူဦးရေ ၃ သိန်းကျော်သာ ရှိတဲ့ ကယား ( ကရင်နီ) ပြည်နယ်အတွင်းတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP ) အပါအဝင် စစ်အစိုးရခေတ်က ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ (၇) ဖွဲ့လောက် ရှိနေပါတယ်။ KNPPကတော့ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ ဒေါလယ်ခူကျေးရွာအနီးမှာ ရှိတဲ့ KNPP နယ်မြေထဲကို အစိုးရတပ်မတော်က အသိမပေးပဲ ဝင်လာတဲ့အတွက် သတိပေးတဲ့အနေနဲ့ သေနတ်ဖောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ အမျိုးသမီးတွေအတွက် တိုက်ရိုက်တော့ ကျတော်တို့ KNPP မှာလည်း အကာအကွယ် ယူပေးတာတွေ ရှိတယ် အသိပေးတာတွေ ရှိတယ်။ ကျတော်တို့ အဖွဲ့အစည်းအနေနဲ့က ဒီဟာက အရေးကြီးဆုံးလို့ လုပ်ငန်းစဉ်ထဲမှာလည်း ပါတယ်။ ခုနက ပြောတဲ့ အသိညဏ် ဖွံ့ဖြိုးမှု နောက် လူထုကို ကာကွယ်ပေးနိုင်မှု အဲ့ဒါတွေက ကျတော်တို့မှာလည်း တာဝန်ရှိတယ်လို့ ဒီလိုပဲ ခံယူထားပါတယ်။“ လို့ KNPPရဲ့ အတွင်းရေးမှူး – ၂ ခူးဒယ်နီယာယ်က ပြောပါတယ်။

စစ်ရဲ့ ဆိုးကျိုးတွေကို အမျိုးသမီးနဲ့ ကလေးတွေက အများဆုံးခံစားနေရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အများဆုံးခံစားနေရတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး( KNWO )မှ မမီးမီးက ပြောပါတယ်။

“ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က တော့ တစ်စို့နေတဲ့ နေအထားမှာရှိနေတယ် လို့မြင်ပါတယ်။ အားကောင်းမှုမရှိတဲ့ အပြင် အားလုံးပါဝင်နိုင်ခြင်းမရှိသေးတဲ့ အတွက် ခိုင်မာမှုလည်း မရှိနေသေးပါဘူး။ အမျိုးသမီးတွေ အတွက်လည်း လုံခြုံမှု မပေးနိုင်သလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အတွက် ပြည်သူလူထုတွေအတွက်လည်း လုံခြုံမှု မရှိနေပါဘူး။ ” လို့ သူမက လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို သုံးသပ်ပြောဆိုသွားပါတယ်။

ကယားပြည်နယ်ထဲမှာ ရှိတဲ့ မြို့နယ် (၉) မြို့နယ်ထဲမှ ဖွံ့ဖြိုးမှု အနည်းဆုံးဒေသ ဖြစ်နေဆဲပါ။ လွိုင်ကော်မြို့ကနေ မိုင် ၄၀ ကျော် သွားရတဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ရှားတောမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ရှိပြီး အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်တယ်လို့ ရှားတောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ၂၀၁၈ မတ်လ ၃၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ကျေးရွာ ၂၀ ဆိုတာကတော့ အစိုးရရဲ့ ပြည်ထဲရေးမှာ အမည်ပေါက်တဲ့ စာရင်းတွေပဲ ဖြစ်ပါတယ်။ အမည်မပေါက်သေးတဲ့ စာရင်းတွေလည်း ဆယ်ဂဏန်းလောက် ရှိနေပါသေးတယ်။

“ ကျမတို့ အားလုံးကို ရှားတောမြို့ဆီကို မောင်းဆင်းခဲ့တာလေ.. ကျမတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှားတောမှာ ဆင်းနေတဲ့အချိန် ဆို တောင်ပေါ်ရွာက စပါးတွေကို ပြန်တက်ယူစားတဲ့ အချိန်မှာ ဘယ်အချိန်ဆို ပြန်ဆင်းလာရမယ် ဆိုပြီး ကပ်ပြောတော့ အချိန်ကပ်နေတဲ့အတွက် သွားပြန်ယူစားလို့ လည်းမရဘူး… တောထဲမှာ စပါးတွေသွားဝှက်ထားတဲ့ဟာတွေလည်း စစ်တပ်က တွေ့ပြီး ဖျက်ဆီးလိုက်တာလည်းရှိတယ်။ အဲဒါကြောင့် စားစရာမရှိတော့ဘူး။“ လို့ ဒေါဆော်ဘူး ကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်ပိုးမယ်က သူကြုံခဲ့ရတာတွေကို ပြန်ပြောင်း ပြောပြပါတယ်။

ဒေါ်ပိုးမယ်ကတော့ ဖြတ်လေးဖြတ်မှာ တိမ်းရှောင်ခဲ့ရရင်း ထိုင်း-မြန်မာ နယ်စပ်က ကရင်နီ ဒုက္ခသည် စခန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဒုက္ခသည်စခန်းမှာ နေထိုင်တာလည်း အဆင်မပြေလှတဲ့အတွက် အမျိုးသားနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လာနေထိုင်ခဲ့တာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာ အများအားဖြင့် အစိုးရရဲ့ ပြည်ထဲရေး အမည်မပေါက်တဲ့ ကျေးရွာတွေ ရှိနေပါတယ်။ ကျေးရွာတိုင်းမှာ အမျိုးသားထက် အမျိုးသမီးဦးရေပိုများနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ဘေးရှောင်ခဲ့ရတဲ့ အမျိုးသမီးတွေအတွက်ကတော့ ပညာသင်ရဖို့ထက် သူတို့တွေရဲ့ အသက်အပြင် သားသမီးတွေရဲ့ အသက်ကို ဖက်နဲ့ထုပ်ပြီး ရှင်သန်နေရတာပါ။ အဲ့ဒီအချိန်တွေမှာ မိမိအသက်ရှင်ဖို့၊ သားသမီးတွေ အစာစားရဖို့ကိုသာ နေ့စဉ်နဲ့အမျှ တွေးတောခဲ့ရတဲ့အတွက် သား၊သမီးတွေ ပညာသင်ဖို့အတွက်ကိုတောင် မစဉ်းစားမိဘူးလို့ ကိုယ်တိုင်ကိုယ်ကျ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အသက် ၅၀ အရွယ် ဒေါ်မိမယ်က ပြောပါတယ်။

“ ကျောင်းသာတက်ရမယ်ဆိုရင် ကျမအခုလို ဖြစ်လာမှာ မဟုတ်ဘူး ဒီလိုလူ ဖြစ်မှာလည်း မဟုတ်ဘူး ဟိုး….မြို့ထဲမှာ သွားနေရမှာပေါ့ မြို့ထဲမှာပဲ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ရမှာ ကျောင်းသာတက်ခဲ့ရရင်။ ဒီလိုဖြစ်ရတာ ဘယ်လောက်ထိတောင် ခက်ခဲပင်ပန်းလိုက်လဲ။ နေပူလည်း မရှောင်ရဘူး မိုးရွာလည်း မရှောင်ရဘူး နေပူလည်း ကိုယ့်ကိုယ်ကို နေလှန်း မိုးရွာထဲလည်း အဲ့လိုပဲ။“ လို့ သူမက ပြုံးရယ်ပြီး ပြောနေပေမဲ့ အခက်အခဲကို အံတုပြီး အသက်ရှင်နေရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပင်ပန်းစိုးရိမ်မှုတွေကတော့ မျက်နာမှာ အပြည့်ပါပဲ။

ဒေါ်ပိုးမယ်တို့ ဒေါ်မိမယ်တို့လို အခက်အခဲကို ရင်ဝယ်ပိုက်ပြီး ရှင်သန်နေရတဲ့ အမျိုးသမီးတွေ ရှားတောမြို့နယ်ထဲက ကျေးရွာတွေမှာ ရေတွက်လို့ မရအောင် ရှိနေပါသေးတယ်။ သူတို့တတွေဟာ စစ်ဘေးကို တိမ်းရှောင်ခဲ့ရပေမဲ့ ဒုက္ခသည်စခန်းကို ရောက်ရှိသွားတာ မဟုတ်ပဲ ပြည်တွင်းမှာပဲ တဝဲလည်လည် တိမ်းရှောင်နေကြတဲ့ သူတွေပါ။ ဒုက္ခသည်စခန်း ရောက်ရှိသွားတဲ့ သူတွေလို နိုင်ငံတကာ အကူအညီတွေ မရတဲ့အပြင် ပြည်တွင်း ပြည်နယ်အစိုးရရဲ့ အကူအညီကိုလည်း မရရှိတဲ့သူတွေ ဖြစ်နေပါတယ်။

ဒုက္ခသည်လည်း မဟုတ်ပေမဲ့ စစ်ရဲ့ အကျိုးဆက်ကြောင့် ပြည်တွင်းမှာပဲ တဝဲလည်လည် ရှင်သန်နေသလို ယခုအချိန်ထိ အမေ့လျော့ခံဘဝနဲ့ ရုန်းကန်နေရတဲ့အပြင် ငြိမ်းချမ်းရေးကို အပြည့်အဝ ခံစားဖူးချင်တဲ့ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတဲ့ အမျိုးသမီးတွေ မြောက်များစွာ ရှိနေသေးတာကို မမေ့ဖို့ အရေးကြီးပါတယ်။

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...