အမြောက်ဆန်ကြားက ဈာပန

အမြောက်ဆန်ကြားက ဈာပန
by -
စိမ်းကိုကို

အမြောက်ဆန်ကြားက ဈာပန

လေးမြို့မြစ်ရေသည် နုန်းမြေများကိုသယ်ဆောင်ကာ စီးဆင်းနေသည်။ မြစ်ကမ်းဘေးရှိ ပန်းမြောင်းကျေးရွာသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဈေး၊စာသင်ကျောင်းများကို ပိတ်ထားကြသည်။ ကျေးရွာသားများသည် နားကွဲလုမတတ်သော အမြောက်ပစ်သံများကိုကြားနေကြရသည်။ ရွာသားတချို့မှာ အထုပ်အပိုးများကိုသယ်လျှက် နီးစပ်ရာကျေးရွာများသို့ လှေငယ်များဖြင့် ထွက်ပြေးနေကြရသည်။ ဤအကြောင်းအရာများသည် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်သည်။

ယင်းသို့ တိတ်ဆိတ်နေသော ကျေးရွာ၏ စာသင်ကျောင်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၏ရှေ့တွင် မိုးပြာရောင်တာပေါ်လင်စဖြင့် ယာယီဆောက်လုပ်ထားသော မဏ္ဍပ်တစ်ခုရှိသည်။ မဏ္ဍပ်အတွင်း၌ အသစ်စက်စက် ခုတ်ထစ်လာသည့် အစိမ်းရောင်ဝါးများကို အသုံးပြုဆောက်လုပ်ထားသော စင်တစ်ခုရှိသည်။ ထိုစင်ငယ်မှာ တစ်ပေခန့်အမြင့်ရှိပြီး စင်ပေါ်တွင် ခြင်ထောင်တစ်ခု အုပ်ထားသည်။ ထိုခြင်ထောင်သည် ပုံမှန်ခြင်ထောင်လိုမဟုတ်။ ရောင်စုံလျှပ်စစ်မီးသီးကလေးများ ပတ်ရစ်လျှက်ရှိသည်။ ခြင်ထောင်၏ အတွင်းဘက်တွင် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသော ကလေးငယ်သုံးဦး၏ ရုပ်အလောင်းများပင်ဖြစ်သည်။

ကလေးများထားရှိရာ စင်၏ဘေးတစ်ဖက်တွင် အသက် ၆၀ ကျော်အရွယ် လူကြီးတစ်ဦးမှာ နာကြင်စွာငိုကြွေး လျက် ယောက်ျားရင့်မာကြီးတစ်ယောက်၏ မျက်ရည်ပေါက်များစွာတို့ မြေပြင်ပေါ်သို့ ကျရောက်ပျောက် ကွယ်သွားသည်။

“ဒိုင်းကနဲ စစ်တပ်ကပစ်တာ ကျွန်တော့်အိမ်မှာထိတာနဲ့ ကျွန်တော်ပြေးလာတယ်။ ပြေးလာတော့ တူမ၊ မြေး၊သမီး ဒီနားမှာ မှောက်နေတယ်။ နောက် အိမ်ရှင်မထမင်းချက်တာကို ကြည့်လိုက်တော့ အိမ်ရှင်မလည်း သတိမရဖြစ်သွားပါပြီ။ စစ်တပ်ကပစ်လို့၊ ဒီရွာထက်ကတောင် အောင်မင်္ဂလာတောင်က လက်နက်ကြီး သုံးလုံးထိုင်ပြီးတော့ ပစ်နေပါတယ်။ ကျွန်တော့်အိမ်မှာကျတယ်”ဟု အသက် ၆၅ နှစ်ရွယ် ဦးမောင်ဘကျော်က သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းပြသည်။

ကလေးသုံးဦး၏ ရုပ်အလောင်းတစ်ခုချင်းစီတွင် အလှူငွေများထည့်ရန် ထားသောခွက်တစ်ခုနှင့် သူတို့၏အသုံး အဆောင်များဖြစ်ကြသော လွယ်အိတ်၊ အဝတ်အထည်များကို ကလေးငယ်များ၏ ကိုယ်ပေါ်၌ တင်ထားသည်။ ကျေးရွာမှ ရောက်ရှိလာသော လူကြီးလူငယ်များ ဝိုင်းအုံးနေသော ထိုမဏ္ဍပ်ထဲတွင် ကျေးရွာမှလူတချို့ ဝိုင်းအုံးရောက်ရှိနေကြသည်။

သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဦးမောင်ဘကျော်တို့နေအိမ်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် ဦးမောင်ဘကျော်၏ သမီးနှင့်ဇနီးတို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသလို တူမဖြစ်သူတစ်ဦးနှင့် မြေးငယ်တစ်ဦးမှာ သေဆုံးခဲ့ကြရသည်။

ဦးမောင်ဘကျော်တို့အိမ်နှင့် ဘေးချင်းကပ်လျက်ရှိသော ဦးရွှေဝင်းတို့မိသားစုမှာလည်း အမြောက်ဆံကြောင့် သားငယ်တစ်ဦးသေဆုံးခဲ့ရကာ ယောက်ခမဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

အခင်းမဖြစ်မီအချိန် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဦးမောင်ဘကျော်၏ ဇနီးဖြစ်သူ ဒေါ်ဦးကြိုင်နှင့် သမီးမဖြူနှင်းစိုး၊ ဝမ်းကွဲသမီးတော်စပ်သူ မညိုညိုဝင်း၊ မြေးငယ်မောင်အောင်ဇင်ဖြိုးတို့မှာ အိမ် အောက်ထပ်တွင်ရှိနေကြပြီး မဖြူနှင်းစိုးမှာ ခါတိုင်းလို အစ်မ၏သားဖြစ်သော မောင်အောင်ဇင်ဖြိုးကလေးကို ကျီစယ်နေသည်။ ဒေါ်ဦးကြိုင်သည် နံနက်စာအတွက် လေးမြို့၏ချိုမြိန်သော မျှစ်ဟင်းနှင့် ထမင်းတို့ကို ချက်ပြုပြုတ်ပြီး ထမင်းစားရန် ပြင်ဆင်နေကြသည့်အချိန်ဖြစ်သည်။ ထိုအချိန်တွင် မညိုညိုဝင်း၏ အစ်ကို မောင်ရာဇာထွန်းမှာ အိမ်လှေကား၌ထိုင်လျက်ရှိနေပြီး မဖြူနှင်းစိုး၏အစ်ကို ကိုဝင်းမြင့်အောင်မှာ အိမ်အပေါ်ထပ်၌ ရှိနေကြသည်။ ခါတိုင်းလို နေသားတကျရှိနေသည့် မိသားစုတစ်စု၏နေအိမ်ပေါ်ကို “ဂျိမ်း” ဆိုသည့် အသံတစ်ခုက သောကပင်လယ်ကို ဝေစေခဲ့သည်။



“ကျွန်တော်က ဒီအပေါ်လှေကားမှာထိုင်လို့ပါ။ ကျွန်တော်တို့အစ်ကိုတစ်ယောက်က အိမ်ပေါ်မှာ အိပ်နေပါတယ်။ အောက်မှာက မေချေ၊ ကျွန်တော်ညီမ၊ အရီးလတ်က ထမင်းချက်နေတယ်။ ထမင်းစားဖို့ လုပ်နေတယ်။ ထမင်းစားဖို့လုပ်နေတဲ့အချိန် လက်နက်ကြီးက “ဗွန်း”ဆိုပြီးတော့ ကျလာတယ်။ ကျွန်တော် ချောင်းကြည့် လိုက်တော့ ကလေးမှာ ဝမ်းဗိုက်ပေါက်လို့ သွေးတွေပေလို့ဖြစ်သွားပါပြီ။ မေချေက ပြေးလားပါတယ်။ မေချေလဲကျသွားတယ်။ ကျွန်တော့်ညီမလေးလည်း ကျွန်တော့်ဆီကို ပြေးလာပါတယ်။ ကျွန်တော့်ရင်ခွင်မှာလဲသွားတယ်။ ကျွန်တော်လည်း ညီမလေးကိုထမ်းပြီးတော့ ဆေးရုံကိုပြေးပါတယ်။ ဒါပေမယ့် အသက်ကို မမှီလိုက်တော့ဘူး” ဟု အခင်းဖြစ်အချိန်တွင်ရှိနေသည့် သေဆုံးသူ မညိုညိုဝင်း၏ အစ်ကိုဖြစ်သူ မောင်ရာဇာထွန်းကပြောသည်။

မညိုညိုဝင်းနှင့် မောင်ရာဇာထွန်းတို့မှာ ရွှေကျန်ကျေးရွာမှဖြစ်ကြပြီး ပန်းမြောင်းကျေးရွာ၌ တက္ကသိုလ်ဝင်တန်း တက်ရောက်နေကြသော မောင်နှမအရင်းများဖြစ်ကြသည်။ မညိုညိုဝင်းသည် မောင်နှမသုံးဦးရှိသည့် အနက် အလတ်ဖြစ်သည်။ ရွှေကျန်ကျေးရွာတွင် အလယ်တန်းကျောင်းသာရှိသဖြင့် သားနှင့်သမီးတို့ကို ပညာတတ်ဖြစ်စေလိုသည့် သာမန်လယ်သမားတစ်ဦးဖြစ်သော ဦးကျော်သိန်းတစ်ယောက် သမီးဖြစ်သူအတွက် ယူကျုံးမရပေ။

“အမှန်ဆိုရင် တပ်မတော်အနေနဲ့ ခဲယမ်းမီးကျောက်တွေကို ရွာထဲမှာထားတာဟာ ပေါက်ကွဲသွားရင်လည်း ပြည်သူတွေ ဒဏ်ရာရမယ်၊ နာမယ်ဆိုတာကို အမှန်တကယ်သိကြလိမ့်မယ်။ သိရက်နဲ့ အဲဒီလို လုပ်ထားတာဟာ ပြည်သူကို တမင်တကာနှိပ်စက်တာနဲ့ တူပါတယ်။သူတို့ကြောင့် အပြစ်မရှိတဲ့ ကျွန်တော့် သမီးနဲ့ ကလေးတွေ သေဆုံးခဲ့ရတယ်။ အဲဒါကြောင့် တရားမျှတမှုကိုလိုချင်ပါတယ်။ တရားမျှတမှုကိုရအောင်လည်း ကျွန်တော်တို့ကို လွှတ်တော်ကဖြစ်စေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကဖြစ်စေ ဝိုင်းဝန်းကူညီပေးစေချင်တယ်” ဟု မညိုညိုဝင်း၏ဖခင် ဦးကျော်သိန်းက ဆိုသည်။

မညိုညိုဝင်းနှင့် မောင်ရာဇာထွန်း သူတို့မောင်နှမနှစ်ဦးမှာ ဆွေမျိုးဖြစ်သူ ဦးမောင်ဘကျော်အိမ်မှနေပြီး ပညာသင်နေကြခြင်းဖြစ်သည်။ ရုတ်တရက်ပေါက်ကွဲသံနှင့်အတူ အစ်ကိုရှိရာသို့ အားကိုးတကြီး အပြေးလာခဲ့သော ညီမငယ်ဖြစ်သူကို ကယ်ခွင့်မရလိုက်သည့် မောင်ရာဇာထွန်း၏စိတ်ထဲတွင် စစ်ပွဲကို မုန်းတီးနာကြင်စွာ “မောင်ကြီးမကယ်နိုင်လိုက်ဘူး ညီမလေးရယ်”ဟုလည်း ညီမငယ်၏ နဖူးကလေးကို လက်ဖြင့်ပွတ်သပ်လျက်ဆိုသည်။



ယင်းပေါက်ကွဲမှုသည် ဦးရွှေဝင်းတို့နေအိမ်အထိကူးစက်ပြီး နေအိမ်အတွင်းရှိနေသည့် ဦးရွှေဝင်း၏ ယောက်ခမ ဖြစ်သူ ဒေါ်ရွှေအေးလှ၏ပေါင်ကို ထိမှန်ခဲ့သလို ကျေးရွာဈေးဆိုင်မှ စားဆီဝယ်ပြီးပြန်လာသော သားအကြီးဆုံးဖြစ်သူ မောင်မင်းထက်ကျော်ဘယ်ဘက်ရင်အုံသို့လည်း အမြောက်ဆန်ထိမှန်ခဲ့သည်။ ထိုအချိန်တွင် ဦးရွှေဝင်းတစ်ယောက် စားဝတ်နေရေးအတွက် အမြောက်သံများကြားမှ လယ်ကွင်းသို့ဆင်းကာ အလုပ်လုပ်နေသည့်အချိန်ဖြစ်သည်။ ကျေးရွာမှလူများ ဖုန်းလှမ်းဆက်သဖြင့် ရွာကိုအပြေးလာခဲ့သော်လည်း သားကြီးဖြစ်သူ မောင်မင်းထက်ကျော်မှာ အသက်မရှိတော့၊ ယောက်ခမဖြစ်သူကိုလည်း မြောက်ဦးဆေးရုံကို ပို့လိုက်ကြပြီ။ ဇနီးဖြစ်သူမှာလည်း သတိမေ့လျှက် ပန်းမြောင်းဆေးရုံတွင် ဆေးသွင်းထားသည့် အနေအထားဖြင့် ကြုံခဲ့ရသည်။

“ပေါက်ကွဲတာကိုတော့ ပြောသံကြားတယ်။ ကျွန်တော်က လယ်ပြင်မှာ။ ရွာကဖုန်းဆက်လို့လာတော့ အားလုံးဆေးရုံမှာ၊ ကျွန်တော့်မိန်းမလည်းသတိမေ့ပြီး ဆေးသွင်းထားရတယ်။ ယောက်ခမလည်း ပေါင်မှာထိပြီးတော့ ဆေးရုံမှာ ကျွန်တော့်သားလေးလည်း သေသွားတယ်။ ဆေးရုံမှာ အဲဒီလိုသာ တွေ့ခဲရတော့တယ်”ဟု ဦးရွှေဝင်းကဆိုသည်။

မညိုညိုဝင်းနှင့် မောင်မင်းထက်ကျော်တို့၏မိခင်နှစ်ဦးမှာ ပဋာမြေလူးအဖြစ်ဖြင့် ဆောက်တည်ရာမရကြပေ။ အမျိုးသမီးတစ်စုမှာ တွဲလျက်နှစ်သိမ့်ပေးနေကြသည်။

လူမမည်ကလေး မောင်အောင်ဇင်ဖြိုး(KG) တွင် မိခင်နှင့်ဖခင်တို့မှာ ကျေးရွာ၌မရှိကြ။ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။ သားဖြစ်သူကို အဖိုးအဖွားတို့နှင့် ငယ်စဉ်ကတည်းက စိတ်ချလက်ချစွာအပ်နှံပြီး ထားခဲ့သည့်အတွက် အဖိုးဖြစ်သူ ဦးမောင်ဘကျော်၊ အဖွားဖြစ်သူ ဒေါ်ဦးကြိုင်နှင့် အမေ့ရဲ့ညီမ မဖြူနှင်းစိုးတို့မှာ မိဘအနားမှာမရှိသည့်အတွက် မောင်အောင်ဇင်ဖြိုးကလေးကို ပိုးမွေးသလို မွေးထားကြခြင်းဖြစ်သည်။

“အစ်မအကြီးဆုံးသားပါ။ အစ်မကြီးဆုံးက ထိုင်းမှာရောက်နေတဲ့အတွက် အမေနဲ့သူက ပြုစုစောင့်ရှောက် ထားတာပါ။ အဲဒါကြောင့် သားလေး သားလေးလို့ခေါ်တယ်။ ကျွန်တော့်တူလေးကို ငါ့သားလေးလှတယ်။ သားလေးအလှဆုံးဆိုပြီးတော့ တွတ်ထိုးနေတာ အဲဒီမှာဖြစ်သွားတာ”ဟု ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ မဖြူနှင်းစိုး၏ အစ်ကိုဖြစ်သူ ကိုဝင်းမြင့်အောင်ကဆိုသည်။

ပေါက်ကွဲမှုကြောင့် ဦးမောင်ဘကျော်တို့နေအိမ်မှာ ပျက်စီးသွားပြီး သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် တပ်မတော်မှ အိမ်သို့ရောက်ရှိလာကာ ပေါက်ကွဲမှုကြောင့်ကျန်ခဲ့သည့် လက်နက်အပိုင်းအစများကို ယူဆောင်သွားသည်ဟု ဆိုသည်။ ကျေးရွာသားအများစုကလည်း ယခုပစ်ခတ်မှုသည် ကျေးရွာရှိ အောင်မင်္ဂလာတောင်ပေါ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုပြောဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့က အခင်းဖြစ်ပွားရာ ပန်းမြောင်းကျေးရွာသို့ DMG မှသွားရောက်ကာ သတင်းရယူခဲ့ရာတွင် ယင်းနေ့ နံနက် ၁၀ နာရီကျော်အချိန်မှစပြီး ကျေးရွာအတွင်း အောင်မင်္ဂလာတောင်ပေါ်မှ လက်နက်ကြီးများ ပစ်ခတ်နေသည်ကို ကြုံခဲ့ရသလို မြောက်ဦးဘက်မှ အမြောက်ပစ်ခတ်သံများကိုပါ အဆက်မပြတ် ကြားခဲ့ရသည်။ ကလေးငယ်များ၏ ရုပ်အလောင်းကို မြေမချမီအချိန်အထိ အမြောက်ပစ်သံ ဆက်တိုက်ဆိုသလို ကြားနေရသည်။ ထ့ိုကြောင့် ကျေးရွာသားတချို့မှာ ဘေးလွှတ်ရာကို ထွက်ပြေးနေကြသည်ကိုလည်း တွေ့ကြုံခဲ့ရသည်။

ပန်းမြောင်းကျေးရွာ၌ လက်နက်ကြီးထားရှိသောနေရာမှာ အောင်မင်္ဂလာတောင်ဖြစ်ပြီး ရှေးဟောင်းစေတီပုထိုးများ ရှိနေသလို ဘုန်းတော်ကြီးကျောင်းလည်းရှိနေသည်။ ယင်းသို့ သာသနိက အဆောက်အအုံအနီးတွင် တပ်စွဲထားခြင်းကို ရွာသားများအနေဖြင့် သဘောမတွေ့ကြပေ။

သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်တွင် လက်နက်ကြီးထိမှန်သေဆုံးသူ မညိုညိုဝင်း၊ မောင်မင်းထက်ကျော်၊ မောင်အောင်ဇင်ဖြိုးတို့၏ ဈာပနအခမ်းအနားကို တဂျိမ်းဂျိမ်း မြည်နေသည့် အမြောက်ဆံများကြားမှ ဂူသွင်းသဂြိုလ်ခဲ့ကြသည်။

ယင်းဈာပနကို မရောက်နိုင်ခဲ့ကြသူများမှာ မောင်အောင်ဇင်ဖြိုး၏ မိဘနှစ်ဦးနှင့် အဖွားဖြစ်သူ ဒေါ်ဦးကြိုင်၊ မိထွေးဖြစ်သူ မဖြူနှင်းစိုးတို့ဖြစ်ပြီး ဈာပနချသည့်အချိန်တွင် ဒေါ်ဦးကြိုင်မှာ မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ရှိနေပြီး၊ မဖြူနှင်းစိုးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

ယင်းအပြင် မောင်မင်းထက်ကျော်၏ အဖွားဖြစ်သူမှာလည်း မြေးငယ်၏နောက်ဆုံးအချိန်ကို လိုက်ပို့ခွင့် မရရှိဘဲ မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသည်။

ယင်းပစ်ခတ်မှုသည် မိမိတို့လက်ချက်မဟုတ်ကြောင်း၊ AA ပစ်ခတ်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့သည်ဟု တပ်မတော်ကဆိုသည်။ ရက္ခိုင့်တပ်တော်(AA) ကလည်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဟု တုန့်ပြန်သည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ ယင်းသေဆုံးမှုများမှာ စစ်ပွဲ၏ဆိုးကျိုးကြောင့်ပင်ဖြစ်သည်။ မညိုညိုဝင်း၏ အစ်ကို မောင်ရာဇာထွန်းကတော့ အပြစ်မဲ့ပြည်သူများကို ဒုက္ခပေးနေသည့် စစ်ကိုမုန်းတီးနေသည်။

“ဒီစစ်ကို ရပ်ဆိုင်းပေးပါလို့ ပြောချင်တယ်။ စစ်ကြောင့်နဲ့ ဒုက္ခရောက်ရတယ်။ သေဆုံးရတဲ့ပြည်သူတေလည်းများပြီ” ဟု မညိုညိုဝင်း၏ အစ်ကိုဖြစ်သူ မောင်ရာဇာထွန်းက တောင်းဆိုသည်။

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...