မေ့လျော့စပြုလာတဲ့ မောရစ်ကောလစ်နဲ့ သူရဲ့နေအိမ်

မေ့လျော့စပြုလာတဲ့ မောရစ်ကောလစ်နဲ့ သူရဲ့နေအိမ်
ဓာတ်ပုံ - မိုးအောင်
ဓာတ်ပုံ - မိုးအောင်

ကိုလိုနီခေတ်ရဲ့ အစောဆုံးမြို့ပြထဲမှာပါဝင်တဲ့ စစ်တွေမြို့တော်မှာ ဗြိတိသျှခေတ်လက်ရာတွေဟာ မြို့တော်ရဲ့ထည်ဝါနေတဲ့ အဆောက်အဦးတွေကြားထဲမှာ မေးမှိန်လို့နေပါတယ်။ အဆောက်အဦးတချို့ကို မှုလလက်ရာအတိုင်း မတွေ့မြင်ရတော့ပါ။

မြို့တော်ရဲ့ တောင်ဘက်မှာရှိတဲ့ ၁၈၂၇ လို့ တည်ဆောက်ခဲ့တဲ့ခုနှစ်ကို တံဆိပ်ကပ်ထားတဲ့ အကျဉ်းထောင်ဟောင်းတစ်ခုရှိပါတယ်။ အကျဉ်းထောင်ရဲ့ ညာဘက်လမ်းကွေ့ကနေ မိနစ် ၂၀ လောက် ခြေလျင်သွားရင် ကုန်းမြင့်ကြီးတစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီကုန်းမြင့်ဟာ စံပြရွာရပ်ကွက် ပြည်တော်သာအထဲမှာပဲ တည်ရှိတာဖြစ်ပါတယ်။ ကုန်းမြင့်ပေါ်မှာတော့ ခြောက်ဧကလောက်ကျယ်ဝန်းပြီး အရှေ့ဘက်အရပ်ကို မျက်နှာမူပြီးဆောက်ထားတဲ့ သစ်သားအိမ်ကြီးတစ်ဆောင်ကို တွေ့ရပါတယ်။ အိမ်ကြီးရဲ့ နောက်ဘက်မှာ ရှေးခေတ်လက်ရာတစ်ခုဖြစ်တဲ့ ကြောင်လိမ်လှေကားတစ်ခုကို ဖြိုဖျက်ထားတာကိုလည်း လမ်းပေါ်ကနေ တွေ့မြင်ရပါတယ်။ ခြံဝင်းထဲမှာတော့ ဘယ်သူ့ကိုမှ တွေ့မြင်ခြင်းမရှိရသလို အိမ်ကြီးကိုသွားတဲ့ ခြံရဲ့နောက်ဘက် ဝင်ပေါက်လမ်းမှာတော့ မကြာသေးခင်က ဆောက်လုပ်ထားတဲ့ အဆောက်အဦးငယ်တစ်ခုရှိပါတယ်။

ဆေးရောင်တွေပြည့်လွှင့်နေတဲ့ အိမ်ကြီးဟာ တစ်ချိန်ကာ မြန်မာ့နိုင်ငံရေးမျက်နှာစာမှာ ထင်ပေါ်ခဲ့သူတွေ နေထိုင်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းတာက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်စာအုပ်တွေရေးခဲ့တဲ့ အရေးပိုင်မောရစ်ကောလိပ် နေထိုင်ခဲ့တဲ့ အိမ်ကြီးဆိုတာကို သိရှိရတာပဲဖြစ်ပါတယ်။

မောရစ်ကောလစ် အိမ်ဆိုတာကိုတော့ မြို့ပေါ်လူတွေ သိရှိမှုနည်းပါးကြသလို မောရစ်ကောလစ်ဆိုတာကိုလည်း မြို့ကသမိုင်းစာပေလိုက်စားတဲ့ လူတွေလောက်သာ သိရှိတယ်ဆိုတာကို သိရှိရပါတယ်။ မောရစ်ကောလစ်နေထိုင်ခဲ့တဲ့ အိမ်လို့ မိတ်ဆက်ပြောလာသူကတော့ နိုင်ငံတော်ပိုင်သတင်းစာတစ်ခုမှာ သတင်းရေးသားနေတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောဆိုလာတာပါ။ သူဟာ အဲဒီအိမ်ကြီးမှာ လူပျိုဘဝနဲ့နေစဉ်က သိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ကြီးဟာ ထွေအုပ်လက်ထဲကနေတစ်ဆင့် ရေတပ်ကိုလွှဲပြောင်းခဲ့ပြီး အမှတ်(၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းက ထိမ်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ခုလက်ရှိအချိန်မှာ အမှတ် (၁၇) ရေတပ်အခြေစိုက်စခန်းက ထိမ်းသိမ်းထားပါတယ်။ အိမ်ကြီးနဲ့ပတ်သက်ပြီး နောက်ထပ်ထင်ရှားမှုတစ်ခုက ကြောက်မက်ဖွယ်ခြောက်လန့်မှုတွေ ရှိတယ်ဆိုတာပဲဖြစ်ပါတယ်။

“ခြောက်လှန့်မှုတွေက ဘယ်လိုလဲဆိုရင် အောက်ထပ်မှာ အိပ်နေရင် တစ်ဦးဦးက အပေါ်ကိုတက်လာပြီး လမ်းလျှောက်လာသလိုပုံစံမျိုးပေါ့၊ အတွင်းထဲက တံခါးတွေလည်း အလိုအလျှောက်ပွင့်သွားတာမျိုးတွေ ကြုံဖူးတယ်” လို့ သူက ဆိုပါတယ်။

နောက်ထပ် အခြောက်ခံဖူးသူတွေ ရှိတယ်ဆိုပေမယ့် အဆိုပါ သရဲခြောက်ခံရတယ်ဆိုတဲ့ သူတွေနဲ့ တွေ့ဆုံရန်ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါ။ အိမ်ကြီးကိုတော့ နိုင်ငံခြားသားဧည်သည့်် တချို့က မကြာခဏဆိုသလို လာရောက်လေ့လာကြတယ်လို့ သိရပါတယ်။ အိမ်ကြီးနဲ့ ပတ်သက်ပြီး လူတွေပြောသလို ချောက်ခြားဖွယ်ရာ ဖြစ်စဉ်တွေကို ပြောဆိုမှုတွေဟာ ဆယ်စုနစ်သ သုံးလေးခုမကရှိပြီ ဖြစ်တယ်လို့ ပြောဆိုလာသူက ခေတ်ပေါ်အနုပညာဖန်တီးသူ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ကျော်စိုးလူပါ။

“အိမ်ကြီးထဲမှာ လူငယ်သဘာဝထမင်းချက်စားပြီး သောက်စားတာတို့ ပျော်ပါးတာတို့ဆိုရင် တစ်ခုမဟုတ်တစ်ခု ထိခိုက်မှုပုံစံမျိုးတော့ ဖြစ်ခဲ့ဖူးကြတယ်”

သူတို့လူပျိုအရွယ်ကာလဟာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကောင်စီ အစိုးရလက်ထက်ကပဲ ဖြစ်ပါတယ်။ ကောင်စီက ထိန်းသိမ်းထားတဲ့ အိမ်ကြီးထဲမှာ သူတို့ဟာ သူငယ်ချင်းတွေရဲ့ ဆုံရပ်တစ်ခုအဖြစ်သတ်မှတ်ပြီး နေထိုင်ခဲ့ဖူးတယ်လို့ မှတ်မှတ်ရရပြောပြပါတယ်။

အိမ်ကြီးဆီကိုသွားရင် အိမ်ရဲ့ခြံစည်းရိုး အနောက်ဘက်ကနေပဲ ဝင်ရတာဖြစ်ပါတယ်။ ဝင်ပေါက်ကို ကျောခိုင်းထားပြီးဖောက်လုပ်ထားတဲ့ မြေသားလမ်းကြောင်းလေးအပေါ် သစ်ပင်တွေက အုပ်ဆိုင်းပြီးမိုးထားပါတယ်။ အိမ်ရဲ့ပုံစံဟာ နစ်ထပ်အိမ်ဖြစ်ပြီး အရှေ့ဘက်ကို မျက်နှာမူပြီး ဆောက်လုပ်ထားပါတယ်။ အိမ်ရဲ့ ဘယ်ဘက်မှာ အစေခံလိုင်တန်းပါရှိပြီး အခန်းသုံးခန်းနဲ့ ဖွဲ့စည်းထားသလို ခုခေတ်လက်ရာတွေဖြစ်တဲ့ ရေချိုးအိမ်သာ ကြွေကမုတ်တွေကို တွေ့ရှိရပါတယ်။ အစေခံတန်းရဲ့ မျက်နာကြက်မှာတော့ ခေတ်ကာလကို တိကျစွာခန့်မှန်းဖို့ခက်တဲ့ သံလေပင်ကာက တွဲပြီးကျဆင်းနေပါတယ်။ အိမ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်တယ်လို့ အမည်မဖော်လိုသူ သတင်းစာဆရာက ဆိုပါတယ်။

“ခေတ်အဆက်ဆက်မှာ ပြုပြင်မှုတွေက ရှိပါတယ်၊ ဒါပေမယ့် တစ်ဆောင်လုံးကို ပြန်ပြီးပြုပြင်တာမျိုးတော့ မဟုတ်ပါဘူး။” လို့ အဆိုပါ သတင်းစာဆရာက ပြောပါတယ်။

အိမ်ကြီးရဲ့အတွင်းဘက် အောက်ထပ်မှာ ကြီးမားတဲ့ အခန်းတစ်ဘက်တစ်ခုစီရှိပြီး အပေါ်ထပ်မှာလည်း အောက်ထပ်လို အခန်းဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ မောရစ်ကောလစ် နေထိုင်ခဲ့တဲ့အခန်းဟာ အိမ်ကြီးရဲ့ ညာဘက်ခြမ်းက အခန်းဖြစ်တယ်လို့ အမည်မဖော်လိုသူက ဆိုပါတယ်။ သရဲခြောက်တယ်ဆိုပြီး ပြောဆိုနေကြတဲ့ အခန်းဟာလည်း အဲဒီအခန်းပဲဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ အခြောက်ခံရတဲ့ သူတွေကပြောပြတာကတော့ မိန်းကလေးရဲ့ ငိုသံတွေကိုပဲ ကြားရတယ်လို့ ဆိုကြပါတယ်။

အခန်းထဲမှာ ကြွေဇလုံရေချိုးကန်တစ်ခုရှိခဲ့ဖူးပြီး အဲဒီကြွေဇလုံထဲမှာ မိန်းကလေးသေဆုံးခဲ့တာလို့ ရှင်းပြပါတယ်။ ခုချိန်မှာတော့ ကြွေဇလုံနေရာမှာ အုပ်ရေလှောင်ကန်တစ်ခု ပြုလုပ်ထားတာကို တွေ့ရှိရပါတယ်။ အတွင်းဘက် လှေကားထစ်ရဲ့ တစ်ဘက်တစ်ချပ်စီမှာတော့ ဆေးသားအဖြူရောင်တွေကို သုတ်ထားပါတယ်။ ပြတင်းပေါက်တွေမှာ တပ်ဆင်ထားတဲ့ မှန်တစ်ချို့ကတော့ ကွဲနေတာကိုမြင်ရပါတယ်။ အိမ်ရဲ့ရှေ့ဘက်မှာ လေသာဆောင်နဲ့ ဆင်ဝင်ပေါက်ပါရှိပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့တော့ အိမ်ရဲ့ အခန်းတိုင်းက နံရံတွေပေါ်မှာ ဘုရားရှိခိုးစာတွေကို ထူးခြားစွာကပ်ထားတာကို တွေ့မြင်ရပါတယ်။

ဆန်းကြယ်မှုအဖြစ် အိမ်ကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ သစ်ပင်ကြီးမှာ ၂၀၁၂ ဝန်းကျင်က အစိုးရအရာရှိဝန်ထမ်းတစ်ဦး သူကိုယ်သူ ကြိုးတန်းချပြီး သေကြောင်းကြံစည်ခဲ့တယ်လို့ သိရပါတယ်။ အတည်ပြုဖို့ခက်ခဲတဲ့ နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ အိမ်ကြီးပေါ်မှာ နေထိုင်တဲ့ အရာရှိတစ်ဦးရဲ့ ကတော်တစ်ဦး လေသာဆောင်ပေါ်က ပြုကျပြီး ကိုယ်တစ်ပိုင်းသေဆုံးခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုပါ။

မောရစ်ကောလစ်နဲ့ စစ်တွေ

မြောက်ဦးမြို့ရဲ့ နန်းတော်အကြောင်းနဲ့ သမိုင်းအဖြစ်ပျက်တွေကို ကမ္ဘာကသိအောင် ရေးသားခဲ့သူတွေထဲမှာ ပါဝင်တဲ့ မောရစ်ကောလစ်က စစ်တွေမြို့တော်ဟာ သူရဲ့ ကံကောင်းခြင်းတရားတွေ ယူလာတဲ့ မြို့ပဲဖြစ်တယ်လို့ မြန်မာပြည်မှာ သူနေထိုင်စဉ်က ရေးသားခဲ့တဲ့ Into Hidden Burma စာအုပ်မှာ ဖော်ပြထားပါတယ်။ စစ်တွေမြို့ပေါ်က ထင်ရှားတဲ့ သမိုင်းသုတေသီတစ်ဦးဖြစ်တဲ့ အသက် ၇၂ နစ်အရွယ် ဦးမောင်ဗသိန်းက မော်ရစ်ကောလစ်ဟာ ရခိုင်လူမျိုးတွေအတွက် ကျေးဇူးကြီးမားလှတယ်လို့ ဆိုပါတယ်။

“သူရေးခဲ့တဲ့ The Land of the Great Image စာအုပ်ကြောင့် ရခိုင်သမိုင်းတွေကို ကမ္ဘာက ကျယ်ပြန့်စွာသိရှိခဲ့တာ။ ရခိုင်သမိုင်းနဲ့ပတ်သက်ပြီး အရေးပါတဲ့ စာရေးဆရာတွေထဲမှာ သူလည်းပါပါတယ်”

သူစစ်တွေမြို့ကို ရောက်နေတဲ့ အချိန်ဟာ မြန်မာပြည်ကိုရောက်ရှိနေတဲ့ မျက်နာဖြူတွေကြားထဲမှာ သမိုင်းစာပေတွေကို လေ့လာဖော်ထုတ်မှုတွေ ရေပန်းစားနေတဲ့ အချိန်လည်းဖြစ်တယ်လို့ ဦးမောင်ဗသိန်းက သူသိရှိထားတာတွေကို ရှင်းပြပါတယ်။ မောရစ်ကောလစ်ဟာ ရခိုင်သမိုင်း၊ ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်ပေးတဲ့အထဲမှာ ဒုတိယမျိုးဆက်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

မောရစ်ကောလစ်ကို အင်္ဂလိပ် - မြန်မာစစ်ပွဲအပြီး ဆယ်စုနစ်ခြောက်ခုအကြာ ၁၈၈၉ ခုနစ်မှာ မွေးဖွားတာပါ။ လာမယ့် ဇွန်နဝါရီလ ၁၂ ရက်ဆိုရင် သူကွယ်လွှန်ခဲ့တာ ၄၄ နှစ်ပြည့်လည်း ဖြစ်ပါတယ်။ သူဟာ ဒပ်ဘလင်မြို့က ချမ်းသာတဲ့ မိသားစုမျိုးရိုးက ဆင်းသက်လာသူ တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ၁၈၂၄ - ၁၈၂၆ ခုနစ် အင်္ဂလိပ် - မြန်မာ ပထမစစ်အပြီးမှာ မြန်မာပြည်ထဲက တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို အိန္ဒိယက တိုက်ရိုက်အုပ်ချုပ်ခဲ့ပါတယ်။ အင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးမှာတော့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲတို့ကို မြို့တည်ခဲ့ပြီး အစိုးရယန္တရားကို လှည်ပတ်ခဲ့ပါတယ်။

မောရစ်ကောလစ်ဟာ စစ်တွေမြို့တော်ကို တိုက်ရိုက်ရောက်ရှိလာတာ မဟုတ်ဘဲ ကျောက်ဖြူမြို့ကနေတစ်ဆင့် ပြောင်းရွေ့ရောက်ရှိလာတာဖြစ်ပါတယ်။ စာအုပ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ မောရစ်ကောလစ်ဟာ စစ်တွေမြို့မှာ ၁၉၂၃ ကနေ ၁၉၂၅ ခုနစ်အထိ အရေးပိုင်ဘဝနဲ့ နေထိုင်ခဲ့ပြီး စစ်တွေမြို့ကို မရောက်ခင် ၁၉၂၀ မှာ ကျောက်ဖြူမြို့မှာ ခရိုင်ဝန်အဖြစ် နေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

သူ့အနေနဲ့ ကံကောင်းခြင်းတွေအဖြစ် သူရဲ့သမီးငယ်လေးကို စစ်တွေမြို့မှာပဲ မွေးဖွားခဲ့သလို အိုင်ယာလန်မှာရှိတဲ့ သူ့ဆွေမျိုးထံက အမွေတွေရရှိခဲ့တယ်လို့လည်း Into Hidden Burma စာအုပ်မှာ တွေ့ရှိရပါတယ်။ သူစစ်တွေမြို့မှာ နေထိုင်စဉ်ကာလမှာပဲ သူဘဝရဲ့ ပထမဆုံး ကိုယ်ပိုင်မော်တော်ကားကို ဝယ်ယူခဲ့တယ်လို့ ရေးထားပါတယ်။ မှတ်မှတ်ရရအနေနဲ့ ကမ္ဘာကို ပထမဦးဆုံး လေယာဉ်ပျံနဲ့ ပတ်ခဲ့ကြတဲ့အဖွဲ့တွေ စစ်တွေမြို့ကို ဝင်ရောက်ခဲ့ကြပြီး အဖွဲ့ဝင်တွေထဲကတစ်ဦး တံတားပေါ်ကနေ မြစ်ထဲကို ပြုတ်ကျခဲ့တယ်လို့ သူကဖော်ပြထားပါတယ်။

ရခိုင်သမိုင်းမှာ အခုချိန်ထိ ကိုးကားနေခဲ့ရတဲ့ ရတနာရွှေမြေစာအုပ်ဟာ ရခိုင်အမျိုးသားတစ်ဦးဖြစ်သူ ဦးစံရွှေဘုဆီက ပေါ်တူဂီဘုန်းကြီး၏ ခရီးသွားမှတ်တမ်း စာအုပ်တစ်အုပ်ကိုရရှိပြီး ရေးသားခဲ့တာဖြစ်တယ်လို့ သူကဆိုထားပါတယ်။

သမိုင်းဝင်နေရာတစ်ခုပေါ်ထွန်းလာခြင်း

မောရစ်ကောလစ် နေထိုင်ခဲ့တဲ့ အိမ်ကြီးပေါ်က မြင်ကွင်းတွေဟာ ယနေ့မြင်ကွင်းနဲ့ ခြားနားခဲ့ပြီဆိုတာကိုလည်း စစ်တွေမြို့နဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ အဆိုပါစာအုပ်မှာပဲ ထပ်မံတွေ့ရှိပါတယ်။

စာအုပ်မှာ ရေးသားဖော်ပြထားတာက “အပြင်ဘက်သောင်ခုံများပေါ်တွင် ပင်လယ်ဆိပ်ခံတံတားများ၊ မြည်းများ၊ ရေချိုးသူများ၊ လမ်းလျှောက်ရန် စြင်္ကန်များစသည့် ပင်လယ်ကို လူသူအရောက်အပေါက် အလည်အပတ်များလာအောင် ဖန်တီးမည့်တရားဟူ၍ ဘာမျှမရှိသောကြောင့်သာလျှင် ဤကမ်းသောင်ခုံတို့သည် စိတ်အားငယ်စရာကောင်းနေကြ၏။” လို့ ဆိုပါတယ်။ စစ်တွေကမ်းခြေကို လူသူအရောက်ပေါက်နည်းပုံကိုလည်း သူက ကမ်းခြေအရိုင်းလို့ မှတ်ချက်ပြုထားပါတယ်။

ကိုလိုနီခေတ်သမိုင်းတွေနဲ့ ပတ်သက်ပြီး သုတေသနပြုဖူးတဲ့ ဦးမောင်ဗသိန်းက မောရစ်ကောလစ် ရေးသားတင်ပြထားတာဟာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မော်ရစ်ကောလစ် စစ်တွေကို ရောက်လာတဲ့အချိန်ဟာ မြို့ပေါ်မှာ ငှက်ဖျားရောဂါနဲ့ လူတွေအသေများတဲ့ ကာလပဲဖြစ်တယ်လို့လည်း သူရဲ့လေ့လာသိရှိချက်ကို ဆိုပါတယ်။

“ဆရာတို့ ငယ်စဉ်တုန်းကဆိုလည်း အဲဒီနေရာမှာ ဘာမှမရှိသေးပါဘူး။ ကမ်းခြေပေါ်မှာ ချူံတွေသက်သက်ပဲ။ ”

မောရစ်ကောလစ်ဟာ သမိုင်းသုတေသနနဲ့ ပတ်သက်ပြီး ပထမဆုံးဆောင်းပါးကိုလည်း စစ်တွေမြို့မှာပဲ စတင်ရေးသားခဲ့တာဖြစ်ပါတယ်။ ရခိုင်ဂန္တဝင်လက်ရာတစ်ခုဖြစ်တဲ့ ဥက္ကာပျံရဲ့ ၁၂ ရာသီရတုတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တာနဲ့ ပတ်သက်ပြီးလည်း ရခိုင်စာပေယဉ်ကျေးမှုတွေကို သူမြတ်နိုးခဲ့တယ်ဆိုတာ ပေါ်လွင်နေတယ်လို့ ဦးမောင်ဗသိန်းက သုံးသပ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်ပြီးလည်း စာအုပ်ပေါင်း ၃၀ ကျော်ကို ရေးသားခဲ့သူတစ်ဦးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ မောရစ်ကောလစ်နေခဲ့တဲ့ တခြားအိမ်တစ်လုံးက ကျောက်ဖြူမြို့နယ် ကမ်းနားလမ်း အစိုးရရပ်ကွက်မှာ တည်ရှိပါတယ်။ အိမ်ကြီးဟာ စစ်တွေမြို့မှာရှိတဲ့ အိမ်ကြီးလိုပဲ နှစ်ထပ်အဆောက်အဦးပဲဖြစ်ပါတယ်။

စစ်တွေမြို့မှာရှိတဲ့ မောရစ်ကောလစ်အိမ်ကြီးနဲ့ ပတ်သက်ပြီး သမိုင်းကို ပြောဆိုနိုင်တဲ့ စာရွက်စာတမ်းတွေကို ရယူဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းတစ်ဦးထံက ရယူဖို့ကြိုးစားခဲ့ပါတယ်။ တပ်မတော်ရေတပ်ကို လက်ဆင့်ပြောင်းရွေ့ပြီးကတည်းက မရှိတော့ဘူးလို့ သူကဆိုပါတယ်။ မောရစ်ကောလစ်ရဲ့ အိမ်ကြီးကို စောင့်ရှောက်ခဲ့ဖူးတဲ့ ဝန်ထမ်းအငြိမ်းစားတစ်ဦးကတော့ သူ့အနေနဲ့ မောရစ်ကောလစ်ကို မသိရှိပေမယ့် အရေးပိုင်တွေ ခေတ်အဆက်ဆက် နေထိုင်ခဲ့တယ်ဆိုတာကိုတော့ သူလည်းသိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မောရစ်ကောလစ်နေထိုင်ခဲ့ဖူးတဲ့ အိမ်တွေထဲမှာ စစ်တွေမြို့က အိမ်ကြီးဟာ မေ့လျော့ခံ အိမ်ကြီးတစ်ဆောင်လည်းဖြစ်ပါတယ်။ ၂၀၁၅ ခု သြဂုတ်လ ၂၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့တဲ့ ရှေးဟောင်းအဆောက်အဦးများ ကာကွယ်ရေးထိမ်းသိမ်းရေးဥပဒေမှာ နှစ်ပေါင်း ၁၀၀ အထက်မှာရှိတဲ့ အဆောက်အဦးတွေကို ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အဦးတွေအဖြစ် ရှာဖွေ၊ ဖော်ထုတ် သတ်မှတ်နိုင်တယ်လို့ ဆိုထားပါတယ်။

စစ်တွေမြို့ပေါ်မှာရှိတဲ့ နစ်ပေါင်း ၁၀၀ ကျော်အဆောက်အဦးတွေနဲ့ နစ် ၁၀၀ နီးပါးရှိတဲ့ ဘယ်အဆောက်အဦးကိုမှ ရှေးဟောင်းအဆောက်အဦးအဖြစ် မှတ်တမ်းတင် ကြေငြာတာကို မတွေ့ရှိသေးပါ။ အစိုးရခေတ်အဆက်ဆက်က ဗိုလ်တဲ၊ လူနေဆောင်အဖြစ် အသုံးပြုလာတဲ့ မောရစ်ကောလစ်ရဲ့ အိမ်ကြီးနဲ့ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးမင်းအောင်ကတော့ ပြည်နယ်အစိုးရ အနေနဲ့ သမိုင်းဝင်အဆောက်အဦးအဖြစ် အသိမှတ်ပြုဖို့ ပြည်သူတွေ၊ အသင်းအဖွဲ့စည်းတွေက တောင်းဆိုမှ ပြုလုပ်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ စည်ပင်အဖွဲ့ရဲ့ ဥပဒေဘောင်ထဲက လုပ်ပေးနိုင်ခွင့်ရှိရင် လုပ်ပေးမှာဖြစ်သလို ရှေးဟောင်းသုတေသနဌာနနဲ့ ဆိုင်ရင်လည်း ရှေးဟောင်းက လုပ်ပေးမှာပဲ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့က သွားပြီးသတ်မှတ်လို့မရဘူး။ ရှေးဟောင်းအဆောက်အဦး၊ သမိုင်းဝင်အဆောက်အဦးဆိုတာကို၊ ပြည်သူတွေက တင်ပြမှ လုပ်ပေးနိုင်မှာ’’

စစ်တွေမြို့ပေါ်မှာလည်း သမိုင်းဝင်ထင်ရှားတဲ့ နေရာတစ်ခု ပေါ်ထွန်းလာမှာ ဖြစ်သလို မောရစ်ကောလစ် ပြခန်းတွေပြုလုပ်ပြီး နိုင်ငံတကာရဲ့စိတ်ဝင်စားခံရတဲ့ နေရာတစ်ခုအဖြစ် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တယ်လို့လည်း ဦးမင်းအောင်က သုံးသပ်ပါတယ်။

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...