ဒေါက်တာနန်းလှိုင် (သမိုင်းအထူးပြု)
နိဒါန်း
ယနေ့မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို တွေ့မြင်ကြားသိရသည့်အခါ လွန်ခဲ့သည့် ၁၉၆၁ခုနှစ်က မြန်မာ့သမိုင်း၏ အချိုးအကွေ့ ကို ပြန်ပြောင်းသတိရမိသည်။ ၁၉၆၁ခုနှစ်ဖြစ်စဉ်နှင့် ယခု၂၀၁၉ခုနှစ် အခြေခံဥပဒေအရေးကိစ္စမှာ တစ်ထပ်တည်းကဲ့သို့ တူနေ သည်ကို တွေးမိလိုက်သည်။ တိုက်ဆိုင်စွာပင် မိမိလက်ထဲတွင်လည်း ၁၉၆၁ခုနှစ်က တောင်ကြီး၊ ပြည်လုံးကျွတ်လုံး ညီလာခံမှ ထုတ်ဝေခဲ့သည့် ရှမ်းပြည်နယ်မှတင်သွင်းသော ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးစာတမ်း သည်လည်းကောင်း၊ ၁၉၆၅ခုနှစ် ပြည်တွင်းညီညွတ်ရေးအဖွဲ့မှ ဖဆပလဝန်ကြီးဟောင်း ဦးကျော်ငြိမ်းတင်ပြသည့် လူမျိုးစုအ ရေးနှင့်ပတ်သက်၍ ဟူသည့်လက်နှိပ်စက်စာမူသည်လည်းကောင်း၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ တောင်တန်းသားစည်းလုံးညီညွတ် ရေးဋ္ဌာနချှုပ်မှ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဟူသည့် အထောက်အထားတစ်ခုကလည်းကောင်း၊ တောင်ကြီးစားရိပ်မြုံတွင် ကျင်းပ သည့် ပြည်နယ်ပေါင်းစုံညီလာခံမှတ်တမ်းသည်လည်းကောင်း အဆင်သင့်ဖြစ်နေခဲ့သည်။
၁၉၆၁ခုနှစ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ယနေ့ ၂၀၁၉ခုနှစ် မြန်မာ့နိုင်ငံရေးအရွေ့နှစ်ရပ် တူညီနေသည့်အချက်၊ ဖော်ပြပါ သမိုင်းအထောက်အထားများက လက်ဝယ်တွင် အဆင်သင့်ရှိနေသည်ကတစ်ချက်၊ ဤအချက်များက စေ့ဆော်တိုက်တွန်းလိုက် သည့်အတွက် ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။
သမိုင်းသဘောသဘာဝ
သမိုင်းတွင် ပါဝင်ခဲ့သောပုဂ္ဂိုလ်များကို ယနေ့တွင် မိမိတို့ မတွေ့မြင်ရတော့ပေ။ သို့သော် အတိတ်က ဖြစ်ပျက်ပုံဖြစ်ပျက်နည်းများမှာမူ ပြန်၍ပြန်၍ သဏ္ဍာန်အမျိုးမျိုးဖြင့် တွေ့မြင်ရတတ်ပါသည်။ ဖြစ်ပျက်ပုံ ဖြစ် ပျက်နည်းများမှာ တစ်ပတ်နှစ်ပတ်၊ ပတ်၍ပတ်၍လာတတ်ကြသည်။ (သမိုင်းမဂ္ဂဇင်း၊၁၉၇၃၊၁၃-၁၄။)
ဤစကားကို ၁၉၇၃ခုနှစ်က ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒပါမောက္ခဒေါက်တာခင်မောင်ဝင်းက ဆိုခဲ့ဖူးသည်။ ယခုလည်း ဤသို့ပင်ဖြစ်ပျက်ပုံဖြစ်ပျက်နည်းမှာ တစ်ထေရာတည်းပင် ဖြစ်နေသည်။ မြန်မာနိုင်ငံအကြောင်းကို ခြေဆင်းအဖြစ် တင်ပြလိုပါသည်။ သိရှိပြီးသားအချက်များကိုပင် ပြန်လည် သုံးသပ်ကြည့်ချင်ပါသည်။
မြန်မာနိုင်ငံ၏အခြေခံအချက်အလက်များ
ပထဝီဝင်အရ မြန်မာနိုင်ငံသည် အလယ်ပိုင်းသည် မြေပြန့်၊ အောက်ပိုင်းသည် မြစ်ဝကျွန်းပေါ်၊ အရှေ့၊ အနောက်နှင့် မြောက် ဘက်များမှာ ကုန်းမြင့်တောင်တန်းများဖြစ်သည်။ တနည်းဆိုလျှင် မြေပြန့်လွင်ပြင်ကို တောင်တန်းကုန်းမြင့်များက ဝန်းရံထား သည်။ အလားတူ တောင်ပေါ်နေတိုင်းရင်းသားများက မြေပြန့်နေဗမာတို့ကို ဝန်းရံထားသည့် အသွင်သဏ္ဍာန်ဖြစ်နေပါသည်။ နိုင်ငံသားစစ်စစ် တိုင်းရင်းဖွားများကို သရုပ်ခွဲသည့်အခါ တိဗက်-ဗမာ အုပ်စု၊ မွန်-ခမာအုပ်စု၊ တိုင်-တရုတ်အုပ်စုများမှ ဆင်း သက်လာသည့်မျိုးနွယ်စုများလည်းဖြစ်ပါသည်။ ဘာသာစကားမျိုးနွယ်စုအုပ်စုချင်း တူနေသည့်တိုင် ယဉ်ကျေးမှု ဓလေ့စရိုက် ချင်း မတူကွဲပြားလာသည့်အတွက် ရခိုင်သည် လူမျိုးတစ်မျိုး၊ ပအိုဝ်းသည် လူမျိုးတစ်မျိုး၊ ကယားသည် လူမျိုးတစ်မျိုး၊ ကယန်း သည် ကယားနှင့်မတူ လူမျိုးတစ်မျိုးအဖြစ် ကွဲပြားလာနေသည်ကို တွေ့ရမှာ ဖြစ်ပါသည်။
ဤသို့ဖြင့် ပအိုဝ်းသည် ပိုးကရင်အဖြစ် မခံယူလိုတော့ပေ။ မွန်သည် ဝ၊ ပလောင်နှင့် သီးခြားစီဖြစ်လာပါသည်။ ကယန်းသည် လည်း ကိုယ်ပိုင်ယဉ်ကျေးမှုဟန်ဖြင့် ရပ်တည်လာကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု တစ်ရာကျော် အဖြစ် ပွားများလာခဲ့ခြင်းဖြစ်သည်။ တဖန် တိုင်းရင်းသားမျိုးနွယ်စုများသည် ရှေးမြန်မာမင်းများလက်ထက်၊ အင်္ဂလိပ် ကိုလိုနီ လက်ထက်၊ လွတ်လပ်ရေးရပြီး ဖဆပလလက်ထက်၊ လမ်းစဉ်ပါတီလက်ထက်၊ ယနေ့ခေတ်များတွင် တစ်ခေတ်နှင့် တစ်ခေတ် မတူကွဲပြားလာခဲ့သည်။ တနည်းဆိုပါလျှင် ပို၍ပို၍ များပြားလာသည်ကို လေ့လာတွေ့ရှိရပါသည်။ တောင်ပေါ်ဒေသနေ တိုင်း ရင်းသားများအတွင်း မျိုးနွယ်စုမတူကွဲပြားနေသည်ကို ပိုမိုတွေ့ရှိရမှာဖြစ်ပြီး မြေပြန့်ဒေသနေ ပိုးကရင်အချင်းချင်းပင် အရှေ့ပိုးနှင့် အနောက်ပိုးစကား ခြားနားနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။
ပြည်ထောင်စုနိုင်ငံဖြစ်သည်ကို ပုဂံခေတ် (၄)ဘာသာထိုး ရာဇကုမာရ်ကျောက်စာက သက်သေအဖြစ် မီးမောင်းထိုးပြ နေပါသည်။ တဖန် လူနည်းစု၊ လူများစုအဖြစ် တည်ရှိနေသည်မှာလည်း အမှန်တရားတစ်ခုပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံဟူ၍ နယ်နိမိတ်အပိုင်းအခြားဖြင့် စတင်ခဲ့သည်မှာလည်း ပုဂံခေတ်ကပင်ဖြစ်ပါသည်။ နရပတိစည်သူမင်းလက်ထက် ရေးထိုးသည့် ဓမ္မရာဇိကကျောက်စာတွင် မြန်မာ့နယ်နိမိတ်သည် အရှေ့တွင် သံလွင်၊ အနောက်တွင် မစ္ဆဂီရိ၊ တောင်တွင် ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီ၊ သလင်ကြေ(ဖူးခက်)စသည်ဖြင့် အတိအလင်း တွေ့ရပါသည်။
ရေးထိုးခဲ့သည့်ကျောက်စာများကို ရေတွက်ကြည့်လျှင် ဗမာကျောက်စာက ပထမအများဆုံး မွန်၊ ပျူ၊ ပါဠိနှင့် အခြားများ ရှိနေသည်ကို တွေ့ရပါသည်။ ပုဂံယဉ်ကျေးမှုသည် စင်စစ်အားဖြင့် ဗမာတစ်ဦးတည်းပိုင်မဟုတ်ဘဲ မွန်၊ ပျူနှင့် အခြား တိုင်းရင်း သားများပါ ပိုင်ဆိုင်သည့် ပြည်ထောင်စုယဉ်ကျေးမှုပင် ဖြစ်ပါသည်။ ဗမာ့ယဉ်ကျေးမှုဆိုသည်မှာ စုပေါင်းစပ်ပေါင်း ပြည်ထောင်စု ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။
ဗမာနှင့်အခြားတိုင်းရင်းသားချင်း မသင့်မတင့်ဖြစ်သည်မှာ မွန်-မြန်မည အနှစ်လေးဆယ်စစ်ကစ၍ ဆိုနိုင်ပါလိမ့်မည်။ အင်းဝမင်းနိုင်ငံဆိုသည်မှာ မြန်မာဟု ဆိုသည်ထက် ရှမ်းဟု ဆိုသည်က ပို၍ မှန်ကန်ပါလိမ့်မည်။ သမိုင်းတွင် ဒုတိယကမ္ဘာစစ် ပြီး နောက်ပိုင်း ပြန်လည်လွတ်လပ်ခွင့်ရမည့် နိုင်ငံသစ်အဖြစ် အခွင့်အလမ်းပွင့်လာခဲ့သည်။ နိုင်ငံသစ်တစ်ရပ်ကို တည်ခဲ့သည့် အခါ တစ်ပြည်ထောင်စနစ်အစား ပြည်ထောင်စုနိုင်ငံ (Union State)အဖြစ် ရွေးချယ်ခဲ့ပါသည်။ သို့ရာတွင် ထိုစဉ်က ဒုတိယ ကမ္ဘာစစ်ဒဏ်ကြောင့် တိုင်းပြည်စီးပွားရေးချိနဲ့နေချိန်ဖြစ်သည့်အတွက် ပါလီမန်ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ပီပြင်ရေရာစွာ တည်ဆောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အဓိကအချက်မှာ တိုင်းပြည်ဘဏ္ဍာရေး အခြေအနေကြောင့်ပင် ဖြစ်သည်။
မဲဆန္ဒနယ်မြေကြီးမားနေခြင်း (တနည်း လွှတ်တော်ကိုယ်စားလှယ်လျော့ချထားရခြင်း)၊ တစ်ပြည်ထောင်မကျ-ပြည်ထောင်စု ဖက်ဒရယ်မကျသည့်စနစ်ဖြင့် တည်ဆောက်ခဲ့ရသည်။ ဗမာအများစုဖြစ်သော ဆိုရှယ်လစ်နိုင်ငံရေးသမားများက တစ်ပြည် ထောင်ကို အားသန်ခဲ့ကြသည်။ တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ရှမ်း၊ ကရင်၊ ရခိုင်တို့ကမူ ဖက်ဒရယ်စစ်စစ်(အပြည့်)ကို လိုလားခဲ့ကြသည်။ စောဘဦးကြီးလိုလားသည့် သီးခြားကရင်ပြည်နယ်ဆိုသည်မှာလည်း ဖက်ဒရယ်အပြည့်ပင် ဖြစ်ပါသည်။ ထိုအချိန်က ဖဆပလအစိုးရသည်လည်းကောင်း၊ ဗမာ့တပ်မတော်သည်လည်းကောင်း အသက်(၃၀)ကျော် လူငယ်များဖြင့် လုပ်ငန်းအတွေ့အကြုံနုနယ်သည့် ခေါင်းဆောင်များက တိုင်းပြည်ကိစ္စများကို ဆုံးဖြတ်ပေးခဲ့ကြသူများဖြစ်ခဲ့သည်။
လွတ်လပ်ရေးရခါစ ကမ္ဘာ့နိုင်ငံရေးဂယက် (လက်ဝဲ-လက်ျာ)သည်လည်း မြန်မာ့နိုင်ငံရေး ဇာတ်ဆောင်များ၏ စိတ်တွင်းသို့ စိမ့် ဝင်ထိုးဖောက်နေရာယူထားခဲ့ကြသည်။ လက်ဝဲအုပ်စုက ဖက်ဒရယ်ကို မကြိုက်ကြပေ။ လကျ်ာအုပ်စုများက ဖက်ဒရယ်ကို လို လားခဲ့ကြသည်။ နောက်ဆုံးတွင် လက်နက်ချင်းယှဉ်တိုက်ကြရသည့်အဖြစ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ပြည်တွင်းစစ်သည် ယခုအခါ ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်အဖြစ် ကျော်ဇောလာခဲ့သည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားများကတစ်ဖက်၊ တပ်မတော်ကတစ်ဖက်၊ ပြည်သူက ရွေးကောက်တင် မြှောက်သည့် အစိုးရကတစ်ဖက်၊ (၃)ဖက် ရှိနေပါသည်။ အဆိုပါ (၃)ဖက်တွင် မည်သူ့အင်အားက ကျစ်လစ်ခိုင်မာနေသည်ကို အထူးစဉ်းစားဖွယ်ရာ မလိုလောက်ပေ။ အဆိုပါအင်အား(၃)စုက တစ်စုနှင့်တစ်စု ဟန်ချက်ညီ ကြိုးပမ်းမှသာလျှင် နိုင်ငံရေး တည်ငြိမ်ပြီး လူမှုစီးပွားဖွံ့ဖြိုးလာမှာ ဖြစ်သည်။ အဆိုပါ အင်အား(၃)စု ထိပ်တိုက်တွေ့ဆုံသည့်အခါ ပြည်တွင်းစစ်ဆီသို့ ဦးလှည့် သွားမှာ ဖြစ်ပါသည်။
စစ်ပွဲ အဖျက်တရားက အမှန်ဖြစ်၍ ငြိမ်းချမ်းရေးတွင် တည်ဆောက်ရေးက အမှန်တရားဖြစ်သည်။ စစ်သည် နှစ်ဖက်စ လုံးကို အရှုံးပေါ်စေသည့်နတ်ဆိုးဖြစ်သည်။ ၁၉၆၁ခုနှစ် ဖက်ဒရယ်စစ်စစ် (ရှမ်းမူ)ကို တင်သွင်းလာပြီး မကြာမီ မြန်မာ့နိုင်ငံရေး သည် တစ်ပါတီစနစ်သို့ ဦးလှည့်သွားပြီး ဒီမိုကရေစီနှင့် ဦးတင်ဧ(ရှမ်းပြည်)ပြောခဲ့သည့် ဖားတစ်ပိုင်ငါးတစ်ပိုင်း ဖက်ဒရယ်ပြည် ထောင်စုစနစ်သည်ပင် ပျောက်ပျက်ခဲ့ရသည်။ တိုင်းရင်းသားအင်အားစု၊ တပ်မတော်၊ နိုင်ငံရေးပါတီအင်အားစုများ မည်မျှအပြန် အလှန်ယုံကြည်မှု တည်ဆောက်နိုင်ပြီလဲ ဆိုသည့်အပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတိုးမှုရရှိလာမှာဖြစ်သည်။ ယခုအခါ တိုင်းရင်းသားအင်အားစုဟု ဆိုရာတွင် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအ ရေး လိုလားသူများ ပါဝင်နေမှာ ဖြစ်သည်။
တောင်ကြီးညီလာခံနှင့် ဖက်ဒရယ်မူ (၁၉၆၁)
၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးလာခဲ့ရာ (၁၃)နှစ် ကြာလာသည့်အခါ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ပေါ်ပေါက်လာခဲ့သည်။ (၂၂-၉ ၁၉၆၀)နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တရားရေးဝန်ကြီးဒေါက်တာအေးမောင်က အခြေခံဥပဒေပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့သည်။ အစိုးရက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက် သောအခါ အထူးစိတ်ပါဝင်စားစွာ စတင်ဆောင်ရွက်ခဲ့သည့် ပြည်နယ်အစိုးရမှာ ရှမ်းပြည်နယ်အစိုးရပင် ဖြစ်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်အစိုးရသည် အခြေခံဥပဒေပြင်ဆင်ရန် အကြံဉာဏ်ရယူကာ (၇-၁၁၉၆၀)တွင် တောင်ကြီးမြို့၌ အစည်းအဝေးတစ် ရပ်ကို ကျင်းပခဲ့သည်။
ပြည်နယ်ပေါင်းစုံညီလာခံကြီးကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ စားမြိန်ရိပ်သာတွင် (၈ ဇွန်၊ ၁၉၆၁)နေ့မှ (၁၆ ဇွန်၊ ၁၉၆၁)နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ညီလာခံကြီးသို့ ဗမာတိုင်းရင်းသားမှတပါး ကျန်တိုင်းရင်းသားများဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းကိုယ်စားလှယ်ပေါင်း (၂၂၆)ဦး၊ လေ့လာသူ (၁၀၄)ဦး၊ ပေါင်း (၃၃၀)ဦး တက် ရောက်ခဲ့ကြပါသည်။ တိုင်းရင်းသားကိုယ်စားလှယ်များအနက် ရှမ်းကိုယ်စားလှယ်ဦးရေ(၁၃၀)ရှိပြီး အများဆုံးဖြစ်ပါသည်။ ကရင် တိုင်းရင်းသားကိုယ်စားလှယ် (၂၇)ဦး တက်ရောက်ခဲ့ကြသည်။
ညီလာခံသဘာပတိအဖြစ် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ခဲ့ပြီး ကရင်ပြည်နယ်ကိုယ်စားလှယ်များအဖြစ်-
(၁) ဦးအေစိုးမြင့်
(၂) စောဘိုးအောင်
(၃) စောပေါပေါ တို့ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ဤညီလာခံသို့ တက်ရောက်လာကြသော ကရင်ပြည်နယ်ကိုယ်စားလှယ်(၂၇)ဦးတို့မှာ-
(၁) စောနော်တင်ဘွား ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့
(၂) မန်းတင်အောင်သန်း၊ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့
(၃) မန်းညွန့်မောင်၊ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့
(၄) စောဘလျှံ၊ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့
(၅) မန်းအေးမောင်၊ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့
(၆) မစ္စတာမိုးသာ၊ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့
(၇) မန်းထွန်းရုံ၊ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့
(၈) ဦးသိန်းမောင်၊ တစ်သီးပုဂ္ဂလ စသည်တို့ တက်ရောက်ခဲ့ကြသည်။
______________________________
၁ ပြည်ထောင်စုမြန်မာနိုင်ငံတော် တတိယပြည်သူ့လွှတ်တော်ညီလာခံမှတ်တမ်း၊ အတွဲ(၄)၊အမှတ်(၃)၊ ၁၉၆၁ခုနှစ်၊ မတ်လ ၂ရက်၊ စာ-၃၇၇-၃၇၉။
(ခ) ဒေါက်တာကျော်ဝင်း၊သမိုင်းပါမောက္ခ (ငြိမ်း)၊ (၂၀၁၆) တောင်ကြီးညီလာခံ၊ ဖက်ဒရယ်မူနှင့် ပြည်နယ်ပြည်မ ညီလာခံ၊ ရန်ကုန်၊ခေတ်ပြ တိုက်စာပေ၊ စာ-၈။
ညီလာခံအကြောင်းအကျဉ်းချုပ်
ညီလာခံကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ဖြစ်ပါသည်။ အဆိုပါ အခြေခံဥပဒေသည် ဖက်ဒရယ်ပြည်ထောင်စုအသွင် ယူထားသော တစ်ပြည်ထောင်အစိုးရဖြစ်သည်ကို ပြည်ထောင်စုစစ်စစ် (ဖက်ဒရယ်)အဖြစ်သို့ ပြင်ဆင်ရန် ဖြစ်ပါသည်။ ထိုအချိန်က အခြေခံဥပဒေအရ ဖြစ်ပေါ်လာသည့် ပြည်ထောင်စုစနစ်ကို ကပြား ပြည်ထောင်စုဟုလည်းကောင်း၊ တစ်ခြမ်းပဲ့ပြည်ထောင်စုဟုလည်းကောင်း ဝေဖန်ခဲ့ကြသူများလည်း ရှိလာပြီဖြစ်သည်။ အဆိုပါ တစ်ပြည်ထောင်အစိုးရစနစ်ကို မကျေနပ်ကြရာမှ ပုန်ကန်မှုများ ပေါ်ပေါက်လာသည်ဟုလည်း ယူဆလာကြသည်။
___________________________
၂ ၁၉၆၁ခုနှစ် ပြည်နယ်ပေါင်းစုံညီလာခံကြီးမှတ်တမ်း၊ ချင်းမိုင်မြို့၊ ရှမ်း ဟာရယ် အေဂျင်စီ ဖော် နယူးစ် (သျှမ်းသံတော်ဆင့်)၊ ၁၉၉၈ခုနှစ် (ပြန်ရိုက်)၊စာ-၂-၃၊၁၂၆။ နောင်ကို ၁၉၆၁ တောင်ကြီးညီလာခံ ဟု အတိုညွှန်းမည်။
3Federal Union
4Unitary Union
၅၁၉၆၁ တောင်ကြီးညီလာခံ၊စာ-၆၉။
၆၁၉၆၁ တောင်ကြီးညီလာခံ၊စာ-၁၀၀။
၇၁၉၆၁ တောင်ကြီးညီလာခံ၊စာ-၉၀။
၈၁၉၆၁ တောင်ကြီးညီလာခံ၊စာ-၉၈။
၉၁၉၆၁ တောင်ကြီးညီလာခံ၊စာ-၉၉။
တော်လှန်သည်ဟု ဆိုသည့်အထဲတွင် ကေ၊အန်၊ဒီ၊အို ကရင်လက်နက်ကိုင် တော်လှန်နေသူများကို အဓိကရည်ညွှန်းနေပါသည်။ ဤကဲ့သို့ဆွေးနွေးကြစဉ် အခြေခံဥပဒေကို အသစ် ပြန်ရေးချင်သူများလည်း ရှိသကဲ့သို့ လက်ရှိ အခြေခံ ဥပဒေအပိုဒ် (၃)၊ အခန်း (၁၁)အရ အခြေခံဥပဒေကို ပြင်ဆင်ခြင်းအား ပို၍သင့်လျော်မည်ဟု စဉ်းစားသူများလည်း ရှိခဲ့သည်။ ကချင်နှင့် ချင်းဝန် ကြီးများက ဆွေးနွေးခဲ့သည်မှာ အခြေခံဥပဒေပြင်ဆင်ရေးမှာ အချိန်အားဖြင့် စောလွန်းနေပါသည်။ ပြင်ဆင်ရန် မသင့်လျှော်သေး ကြောင်း ဆွေးနွေးခဲ့သည်။ ဤသို့အခြေခံဥပဒေပြင်ဆင်ခြင်းမှာ ပြည်ထောင်စုကြီးပြိုကွဲအောင် ဖန်တီးခြင်းမဟုတ်သည်ကိုလည်း သဘောတူထားကြသည်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကယား၊ ရခိုင်၊ မွန်၊ ရှမ်းအမျိုးသားကိုယ်စားလှယ်များကလည်း ထောက်ခံခဲ့ကြသည်။
ကရင်အမျိုးသားကိုယ်စားလှယ် ဦးအေစိုးမြင့်ကလည်း-
{လက်ရှိမြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ပြည်နယ်နှင့်လူမျိုးအတွက် တန်းတူညီမျှတဲ့ လုံလောက်တဲ့ပြဋ္ဌာန်းချက်မရှိ တာကို အားလုံးအကုန်လုံးက လက်ခံပါတယ်။ သည်တော့ ပြည်နယ်တွေမှာ အခွင့်အရေးအာဏာ အင်မတန်ပဲ နည်းနေတာပဲ။ ဒါကို ပြုပြင်ပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်မူကိုလည်း တိုးမြှင့်ပေးပါ။ သည်ကိစ္စဟာ ပြည်နယ်အရေးရှေးရှုပြီးလုပ်ပေ မယ့် သည်ဖက်ဒရယ်စနစ် မပေါ်ပေါက်ခင်က လွတ်လပ်တဲ့ ကရင်ပြည်နယ်အတွက်တောင်မှ တိုက်ခိုက်လာတာ ၅နှစ်၊ ၆နှစ် တိုက်ခိုက်လာတဲ့အခါမှာ ဘာဖြစ်သလဲဆိုတော့ အကုန်လုံးဝိုင်းပြီး အနှိမ်ခံရတာပဲ} ဟု ဆိုပါသည်။
ဤညီလာခံသည် ရှမ်းပြည်နယ်က ဦးဆောင်ခဲ့ပြီး ယင်းတို့၏ရှမ်းမူကို ကျန်တိုင်းရင်းသားများအား ခေါ်ယူညှိုနှိုင်းသော အစည်းအဝေးပင်ဖြစ်သည်။ တက်ရောက်လာသူ တိုင်းရင်းသားခေါင်းဆောင်တိုင်းက ထောက်ခံခြင်းမပြုကြောင်းကို လေ့လာ တွေ့ရှိရသည်။ ပြည်ထောင်စုမှ သီးခြားခွဲထွက်ရေးမျိုး မဟုတ်ဘဲ ပြည်ထောင်စုစစ်စစ်မူ (သို့မဟုတ်) ဖက်ဒရယ်မူကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြောင်းလဲပြင်ဆင်ရန် ညှိနှိုင်းတိုင်ပင်ခြင်းဟု ဆိုနိုင်ပါလိမ့်မည်။ ၁၉၆၂ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လွှတ် တော်အမတ် ဒူးဝါးဇော်လွန်း (ဗန်းမော်-အရှေ့)က တိုင်းရင်းသားလူမျိုးစုပေါင်းစုံ၏ တောင်ကြီးညီလာခံ ဆုံးဖြတ်ချက်အရ ပြည် နယ်များညီညွတ်ရေးအဖွဲ့မှ တောင်းဆိုသော အမျိုးသားညီလာခံကြီးကို အမြန် ခေါ်ယူကျင်းပနိုင်ရေးကို အစိုးရက ကမထပြု ဆောင်ရွက်ပေးရန် အဆိုတင်သွင်းခဲ့သည်။ သို့သော် ဒူးဝါးဇော်လွန်းမှာ ထိုနေ့တွင် လွှတ်တော်ခန်းမတွင် မရှိသောကြောင့် ဆွေးနွေးညှိနှိုင်းမှု မတွေ့ရပေ။
______________________
၁၀၁၉၆၁ တောင်ကြီးညီလာခံ၊ စာ-၁၀၃၊၁၀၄။
၁၁၁၉၆၁ တောင်ကြီးညီလာခံ၊ စာ-၁၀၄-၁၀၇၊၁၀၈။
၁၉၆၁ခုနှစ်၊ ဖေဖော်ဝါရီ ၂၅နေ့တွင် ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ တောင်တန်းသားစည်းလုံးညီညွတ်ရေးဋ္ဌာနချုပ် (ရတစညဖအဖွဲ့ ချုပ်)မှ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုလည်းကောင်း ထွက်ရှိလာခဲ့သည်။ အဆိုပါ ရှမ်းမူသည် ပြည်ထောင်စုစစ်စစ်မူ (တနည်း-ကိုယ် ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိသောပြည်နယ်)အဖြစ် ဦးတည်သော အခြေခံဥပဒေသစ်တစ်ရပ်ပင်ဖြစ်ပါသည်။ ၁၉၅၀ခုနှစ်၊ ဒေသ ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် စောဘဦးကြီးနှင့် ကေ၊ အဲန်၊ ယူ ကိုယ်စားလှယ် (၃)ဦးတို့ တောင်းဆိုသည့် အချုပ်အခြာအာဏာအပြည့်ရှိသော ပြည်နယ်၊ လွတ်လပ်သည့် ပြည်နယ်ပုံစံနှင့် တစ်ပုံစံတည်းဖြစ်မည်ဟု သုံး သပ်မိပါသည်။
ရှမ်းပြည်နယ်မှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်သည့်စာတမ်းတွင် ဖဆပလအစိုးရသည် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့်စကားများကို မျက်ကွယ်ပြုခဲ့ကြောင်း ထောက်ပြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ခုနှစ်၊ မေလအတွင်း ကျင်းပသည့် ဖဆပလညီလာခံတွင် ဗဟို ကြိုးကိုင်ပင်မပြည်ထောင်စု (ယူနီထရီစတိတ်) ဖွဲ့စည်းရန် မသင့်လျော်ဟု အတိအ လင်း ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်ကျဆုံးပြီးသွားသည့်နောက်တွင် ၎င်း၏အကြံပေးချက်ကို မေ့လျော့ပစ်သည်ဟု ဆိုပါသည်။ ဦးချန်ထွန်း(နိုင်ငံတော်ရှေ့နေချုပ်)က မြန်မာနိုင်ငံ၏အခြေခံဥပဒေသည် သဘောတရားအရ ပြည်ထောင်စုစနစ်ဖြစ်သော်လည်း လက်တွေ့တွင် တစ်ပြည်ထောင်စနစ်ဖြစ်ကြောင်း အင်္ဂလိပ် သမိုင်းပညာရှင် ဟြုတင်ကာအား ဖွင့်ဆိုခဲ့သည်။ ဤအဆိုကိုပင် ရှမ်းမူတွင် ကိုးကား၍ ပြည်ထောင်စုစစ်စစ် (ဖက်ဒရယ်မူစစ်စစ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးအပြည့်အဝ)ကို ဖော်ဆောင်ရန် ရည်သန်လာခဲ့သည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ်ကျင့်သုံးသည့်နိုင်ငံများဖြစ်ကြသည့် အမေရိကန် ပြည်ထောင်စု၊ ဆွီဇလန်၊ ဩစ တြီးလျ၊ ကနေဒါတို့နှင့်လည်း နှိုင်းယှဉ်ဝေဖန်ပြခဲ့ကြသည်။ ကနေဒါမှတစ်ပါး ကျန် (၃)နိုင်ငံသည် ပြည်ထောင်စုစစ်စစ်မူ (ဗဟို ချုပ်ကိုင်မှုနည်းသည့်ဖက်ဒရယ်)နိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စစ်စစ်မူကို တိုင်းရင်းသားများ လိုလားတောင့်တခဲ့သည်မှာ ၁၉၄၈ခုနှစ် လွတ်လပ်ရေးယူစဉ် ကပင်ဖြစ်သည်။ သို့သော် ဖဆပလအစိုးရမှ ဆိုရှယ်လစ်အုပ်စုများက ဖက်ဒရယ်ကို မလိုလားသည့်အုပ်စုဖြစ်သည်။ ဦးကျော်ငြိမ်း က ဖက်ဒရယ်စနစ်သည် ပြည်တွင်းရေး၊ နိုင်ငံခြားရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားနည်းစေသည့်စနစ်ဖြစ်ကြောင်း ယခု အခါ ခေတ်နောက်ကျသည့်စနစ်တစ်ခု ဖြစ်သွားပြီဟုဆိုပါသည်။ လွန်ခဲ့သည့် နှစ်(၂၀၀)ခန့်က အမေရိကန်၊ ဆွီဇလန်၊ ကနေဒါ တို့တွင် ကျင့်သုံးခဲ့သည့်စနစ်ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရခါစမှသည် ယနေ့တိုင်အောင် ဖက်ဒရယ်အပြည့်ကို လိုလားသည့်တိုင်းရင်းသားလူမျိုးများကတစ်ဖက်၊ ဗဟိုအစိုးရက အားသာသည့်ဖက်ဒရယ်စနစ်ကို လိုလား သည့် ဗမာအများစုပါသော အာဏာရအစိုးရတစ်ဖက် အင်အားပြိုင်ခဲ့ခြင်းဖြစ်သည်။ အင်အားပြိုင်ဆိုင်နေဆဲလည်း ဖြစ်သည်။
စင်စစ်အားဖြင့် ဖက်ဒရယ်တွင် အစွန်းနှစ်ဖက်ရှိမှာဖြစ်ပါသည်။ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေးမှ အစွန်းရောက်လာ လျှင် သီးခြားတစ်နိုင်ငံထူထောင်ခြင်းသို့ ရောက်ရှိသွားမှာဖြစ်ပါသည်။ အရှေ့ဥရောပနိုင်ငံများတွင် နိုင်ငံငယ်များပေါ်ထွက်လာ သည်ကို သာဓကအဖြစ် တွေ့မြင်နိုင်မှာဖြစ်သည်။ ဥပမာ-ချက်ကိုစလိုဗက်ကီးယားသည် ယခုအခါ ချက်က တစ်နိုင်ငံ၊ စလိုဗက် က တစ်နိုင်ငံ၊ လစ်သူယေးနီးယားက တစ်နိုင်ငံ ဖြစ်ပေါ်လာပါသည်။ ဗဟိုချုပ်ကိုင်ထားသည့် ဖက်ဒရယ်စနစ်တွင် ဒေသခံတိုင်း ရင်းသားများက မကျေနပ်သဖြင့် ပြည်တွင်းစစ်ပဋိပက္ခအထိ ဖြစ်ပွားခဲ့ပါသည်။ ထိုအစွန်းနှစ်ဖက်ပေါ်မှ လွတ်ကင်းပြီး တည် ဆောက်ဖို့ဆိုသည်မှာ မြန်မာနိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆိုနိုင်မှာဖြစ်ပါသည်။
သို့ဖြစ်၍ ဖက်ဒရယ်ဟုဆိုဆို၊ အခြေခံဥပဒေဟုပြောပြော တစ်ခုတည်းသာ ဖြစ်ပါသည်။ နိုင်ငံတည်ဆောက်ပုံကို မကျေ နပ်ကြရာမှ ပြည်တွင်းစစ်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ တနည်းဆိုပါလျှင် လူမျိုးစုအရေးနှင့် ပြည်ထောင်စု(တစ်နိုင်ငံလုံး)အရေးအ ကြား အဝေမတည့်သည့်ပြဿနာဟုလည်း ဆိုနိုင်ပါဦးမည်။ သမိုင်းဒဿနပညာရှင် ဝီလ်၊ ဒူးရန့်က အုပ်ချုပ်ရေးနည်းစနစ်များ တွင် ဒီမိုကရေစီစနစ်သည် အုပ်ချုပ်ရအခက်ခဲဆုံးစနစ်တစ်ခုဖြစ်ကြောင်း ဆိုခဲ့ဖူးသည်။ တစ်ချိန်က ဖြစ်ပျက်ခဲ့သည်နှင့် ယခုဖြစ် နေသည်မှာ အတော်ကိုပင် တူညီနေသည်ကို လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ယခုခေတ်တွင်လည်း မည်သို့ ရပ်တည်သင့် သည်ကို ဆင်ခြင်စဉ်းစားနိုင်မည်ဟု ဆိုလျှက်……….။
12Unitary State
၁၃ ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း၊ တောင်ကြီး၊ ပြည်လုံးကျွတ် ညီလာခံကြီး၊ ၁၉၆၁ခုနှစ်၊ဖေဖော်ဝါရီလ (၂၅)ရက်၊စနေနေ့၊စာ-၁၆၊၂၉။
၁၄ လူမျိုးစုများအရေးနှင့်ပတ်သက်၍ ဦးကျော်ငြိမ်း၏တင်ပြချက်၊ (၂၄-၅-၁၉၆၉)၊ လက်နှိပ်စက်မူ၊ တက္ကသိုလ်ဗဟိုစာကြည့် တိုက်၊ ရန်ကုန်တက္ကသိုလ်၊စာ-၁။