နေရပ်ပြန်စစ်ရှောင်များလည်း ကူညီမှု မရရှိသေး

နေရပ်ပြန်စစ်ရှောင်များလည်း ကူညီမှု မရရှိသေး

ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ကချင်ဘာသာရေးအသင်းအဖွဲ့များ ပါဝင်ဖွဲ့စည်းထားသော Kachin Humanitarian Concern Committee KHCC နဲ့ အစိုးရဘက် ပြည်ထောင်စု ပြန်လည်နေရာချထားရေးဌာန ဒုဝန်ကြီး ပါဝင်သောအဖွဲ့ တို့ ဆွေးနွေးမှုသည် လွန်ခဲ့တဲ့ မေလက နောက်ဆုံးပြုလုပ်ခဲ့ပြီး အခုလ ၂၄ ရက်နေ့ မှာလည်း ထပ်မံတွေ့ဆုံမယ်လို့ သိရပါတယ်။

ဒါ့အပြင် နေရပ်ပြန်ထားနှင့်ပြီဖြစ်သော စစ်ရှောင်များလည်း ကူညီမှု မရလို့ ခက်ခဲနေကြောင်း ပြောဆိုသွားပါတယ်။ အခြေအနေအသေးစိတ်ကို KBC ဖွံ့ဖြိုးရေးဌာနတာဝန်ခံ KHCC အဖွဲ့မှ ဆရာခါးလီ ကို ကချင်သတင်းဌာန KNG က မေးမြန်းတင်ပြထားပါတယ်။

မေး ။ ။ ဆရာတို့ KHCC အနေနဲ့ စစ်ရှောင် နေရပ်ပြန်နိုင်ဖို့ လက်ရှိ လုပ်ဆောင်နေတဲ့အပေါ် ပြောပြပေးပါ။

ဖြေ ။ ။ KHCC အနေနဲ့တော့ စစ်ရှောင်တွေ အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့ လုပ်နေပါတယ်။ အဲဒီတော့ စစ်ရှောင်တွေလည်း ယခုဆို အားလုံးသိတဲ့အတိုင်း ၈ နှစ်တောင် ကျော်လာပြီ။ အခက်အခဲတွေလည်း ပိုပြီးများလာသလို စစ်ရှောင်မိသားစုတွေလည်း နေပြန်ရပ်ကို ပိုပြီးပြန်ချင်လာကြတယ်။ ဒါကြောင့် ကျနော်တို့ KHCC က နည်းလမ်းမှန်ကို အမြန်ရှာဖွေနိုင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက် နဲ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပုံမှန်ပြုလုပ်နေပါတယ်။

မေး။ ။ KHCC နဲ့ အစိုးရပြန်လည်နေရာချထားရေးအဖွဲ့က ဘယ်တော့လောက် ပြန်ပြီး တွေ့ဆုံဖို့ ရှိသလဲ။

ဖြေ ။ ။ အဲ့ဒီအတွက် ဒီလ ၂၄ရက်မှာ ပြန်လည်တွေ့ဆုံဖို့ တာဝန်ရှိတဲ့ သူတွေက ကြိုးစားနေပါတယ်။

မေး ။ ။ ဆရာတို့အနနဲ့ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေချိန်မှာ ဘယ်လိုအခက်အခဲ ကြုံတွေ့နေရသလဲ။

ဖြေ ။ ။ အဓိကတော့ စစ်ရှောင်တွေပြန်ရန်အတွက် အားလုံးလက်ခံတဲ့ မူတစ်ခုကိုတည်ရန် လိုအပ်နေပါတယ်။ အဲ့မူကို အခုဆွေးနွေးနေရတယ်။ ဒါကြောင့် စစ်ရှောင်ပြန်နိုင်ရေး နဲ့ပတ်သက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အဖွဲ့က လက်ခံနိုင်တဲ့ မူတစ်ခုကို အသေးစိတ်ဆွေးနွေးနေပါတယ်။

မေး ။ ။ ဒါဆိုရင် စစ်ရှောင်တစ်ချို့နေရပ်ပြန်လည်နေထိုင်တဲ့ သူတွေနဲ့ မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေအပေါ် ဘယ်လို ပြောဆိုချင်ပါသလဲ။

ဖြေ ။ ။ KHCC အနေနဲ့ အခုနေရပ်ပြန်သွားတဲ့ စစ်ရှောင်တွေကို ပြန်ပြီး လေ့လာတဲ့အခါ အရမ်းခက်ခဲ နေတာကိုတွေ့ရပါတယ်။ ကျနော်တို့စိတ် ထင်ယောင်မှားပြီး ပြောဆိုနေတာလည်း မဟုတ်ဘူး။ တကယ် အခက်ကြုံနေရတာကို တွေ့နေရတယ်။ ဒါကြောင့် အခုပြန်သွားတဲ့ စစ်ရှောင်တစ်ချို့ကို ပြန်ပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားရမှာ ဖြစ်တယ်။

မေး ။ ။ တပ်မတော်ဘက်က တစ်ဖက်သတ် အပစ်ခတ်ရပ်စဲရေး သက်တမ်း ၂လ ထပ်မံတိုးလိုက်တဲ့အပေါ် စစ်ရှောင်နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေတဲ့ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ဖြေ ။ ။ ဒါကတော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတယ်လို့ မြင်တယ်။ ဒါပေမယ့် KHCC အနေနဲ့က စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးကိုပဲ ဦးတည်ပြီး လုပ်ဆောင် နေပါတယ်။ ပြီးရင် လက်ရှိ စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် ဖြေရှင်းပေးမယ်။ ကျန်တဲ့ ငြိမ်းချမ်းရေးကဏ္ဍပိုင်းတွေကိုတော့ မသိရဘူးပေါ့နော်။

မေး ။ ။ အစိုးရဘက်မှာလည်း စစ်ရှောင်စခန်းတွေ ဖျက်သိမ်းပြီး ပြန်လည်နေရာချထားဖို့ အစီအစဉ်ရှိတဲ့အကြောင်းကြားနေရတယ်။ ဒီအပေါ်မှာ KHCC အနေနဲ့ စိုးရိမ်းမိတာရှိသလား။

ဖြေ ။ ။ KHCC အနေနဲ့ ဒီအပိုင်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်နေပါတယ်။ လက်ရှိအခြေအနေအရ စစ်ရှောင်စခန်းတွေ ဖျက်သိမ်းဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သဘောပြောရမယ်ဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာဆိုရင် စစ်ရှောင်စခန်းတစ်ခုမှာက ကျေးရွာတစ်ခုက လူတွေဘဲ စုပေါင်းနေထိုင် နေတာမဟုတ်ဘူး။ အနည်းဆုံး စစ်ရှောင်စခန်း တစ်ခုမှာ ကျေးရွာ ၁၇ခုက လူတွေက စုပေါင်းပြီး နေထိုင်ကြတာဖြစ်တယ်။ တကယ်လို့ ပြန်မယ်ဆိုရင်တောင် တစ်ချို့ကျေးရွာတွေက ပြန်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် စစ်ရှောင်စခန်းများကို လုံးဝဖျက်သိမ်းမယ် ဆိုတာက လုံးဝ မဖြစ်နိုင်သေးဘူး။ ကျနော်တို့ KHCC အနေနဲ့လည်း သက်ဆိုင်ရာ အစိုးရကို တင်ပြဆွေးနွေးနေပါတယ်။

မေး။ ။ကျေးဇူးတင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...