ဖရူဆိုမြို့နယ် နေရာ (၃)နေရာအတွင်းတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ ဒေသခံကျေးရွာလူထုတရပ်လုံးမှ လုံးဝသဘောမတူကြောင်း၊ လက်မခံနိုင်ကြောင်းနှင့် ကန့်ကွက်ကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာသို့ မေလ ၃၁ ရက်နေ့တွင် ဥပဒေနည်းလမ်းအရ အသိပေးအကြောင်းကြားကန့်ကွက် ထားပြီးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
၎င်း(၃)နေရာများမှာ ဖရူဆိုမြို့နယ်၊ ရာဧပရားကျေးရွာအုပ်စု၊ ခိုးဘာကျေးရွာအနီးတွင် ဦးမြင့်မောင်မောင်၊ ဦးမျိုးသန့်နိုင်တို့နှစ်ဦးက ဧက ၂၀၀၊ မိုဆိုကျေးရွာအုပ်စု၊ မိုသီဒိုကျေးရွာအနီးတွင် ဗိုလ်မှူးကြီးမိုးဟိန်းက ဧက ၅၁.၂၆ဧကနှင့် မြို့မကျေးရွာအုပ်စု လောဂျာကျေးရွာအနီးတွင် ဒေါ်ခင်မိုးနှင်းက ဧက ၈.၅၀ဧကဖြင့် မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့် အသီးသီးလျှောက်ထားခဲ့ကြရာ ဒေသခံများက ပြန်လည်ကန့်ကွက်ခြင်းဖြစ်သည်။
၎င်းကန့်ကွက်ကြောင်းစာကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအထောက်အကူပြုအဖွဲ့၊ ကယားပြည်နယ်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဖရူဆိုမြို့သို့ ကန့်ကွက်စာ ပေးပို့ထားပြီဖြစ်သည်။
ခိုးဘာကျေးရွာအနီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလျှောက်ထားခြင်း
ဦးမြင့်မောင်မောင် နှင့် ဦးမျိုးသန့်နိုင်တို့နှစ်ဦးမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလျှောက်ထားသည့် မြေနေရာသည် ခိုးဘာကျေးရွာနယ်နိမိတ် အတွင်းကျရောက်ပြီး ခိုးဘာကျေးရွာ၏ ရိုးရာဓလေ့အစဉ်အလာ ခေတ်အဆက်ဆက် ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြပါသည်။
ခိုးဘာကျေးရွာအနီးရှိ မြေယာပေါ်တွင် ဒေသခံများက တခြားသော နှစ်ရှည်ပင်များစိုက်ပျိုးရန် စီစဉ်ထားခြင်း၊ ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သည့် ရွှေ့ပြောင်းတောင်ယာများရှိနေခြင်းတို့ကြောင့် အနာဂတ်တွင် မိမိတို့ နေရာမရှိတော့မည်ကို စိုးရိမ်သည်ဟု ခိုးဘာရွာမှ ဓမ္မဆရာ ဦးထူးအီက ပြောပါသည်။
“သူတို့လာသိမ်းသွားမယ်ဆို ကျွန်တော်တို့ရွာလည်း အခက်အခဲဖြစ်သွားမယ်၊ နောက် ရွှေ့ပြောင်းတောင်ယာလည်း ကုန်ပြီပေါ့။ ဒီမြေပြန်ရဖို့ မဖြစ်မနေ ကျွန်တော်တို့ရအောင်တော့ လိုက်မှာပဲ၊ ဘယ်နည်းဖြစ်ဖြစ် ဘယ်ရုံးပဲတက်တက်၊ ဘယ်ထိပဲရောက်ရောက် အဲ့ဒါတော့ ကျွန်တော်တို့ သွားဖို့တော့ အစီအစဉ်ရှိတယ်။” ဟု ဦးထူးအီက ပြောပါသည်။
ဟွိုင့်လိုဧရိယာသည် ခိုးဘာကျေးရွာရှိ တောင်သူလယ်သမားများ ဘိုးဘွားစဉ်ဆက်ကတည်းက ရိုးရာဓလေ့အရ အနားပေးအလှည့်ကျ ရွေ့ပြောင်းတောင်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးလာခဲ့သည့် မြေနေရာဖြစ်သည်။ ကယောဘာသာစကား (ဒေသခံအခေါ်အဝေါ်)အားဖြင့် ဟွိုင့်(ပျား) လို (ကျောက်ဆောင်) ပျားကျောက်ဆောင်ဟု အဓိပ္ပါယ်ရသည်။
ဖရူဆို – ဟိုယာကားလမ်းမကြီးဖြတ်သွားသည့် ဧရိယာလည်းဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး အရေးပါသည့် နေရာလည်းဖြစ်သည်။
ဟွိုင့်လိုဧရိယာအတွင်းရှိ ရွေ့ပြောင်းတောင်ယာများသည် ခိုးဘာကျေးရွာရှိ တောင်သူလယ်သမားများ၏ စားဝတ်နေရေးအတွက် အထူးအားထားရသည့် နေရာဖြစ်သည်။ ယခုတွင် တောင်သူလယ်သမားဦးထူးအီက ကော်ဖီပင်များစိုက်ပျိုးရန်နှင့် နေအိမ်များဆောက်လုပ်ရန်အတွက် ပြင်ဆင်ထားလျက်ရှိသည်။
ကယောလူမျိုးများ၏ရိုးရာအရ နတ်ပူဇော်ပသသည့် နေရာလည်းဖြစ်သည်။ ဟွိုင့်လိုဧရိယာသည် ကွယ်လွန်သွားသည့် ဘိုးဘွားများကို နှစ်စဉ်ပူဇော်ကန်တော့လျက်ရှိသည်။ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေအရ ဦးမျိုးသန့်နိုင်လျှောက်ထားသည့် မြေနေရာသည် ကယောလူမျိုးအထွဋ်အမြတ်ထားသည့် နေရာဖြစ်သည့်အပြင် ခိုးဘာကျေးရွာတောင်သူလယ်သမားများ စားဝတ်နေရေးအတွက် အရေးပါသည့်မြေနေရာလည်း ဖြစ်သည်။
ဦးမြင့်မောင်မောင်လျှောက်ထားသည့် ဆင်ဖြူတောင်မြေဧရိယာသည် ကယောလူမျိုးအထွဋ်အမြတ်ထားသည့် နေရာဖြစ်သည့်အပြင် အလွန်လှပပြီး လူသူအများလာရောက်လည်ပတ်သည့် နေရာလည်းဖြစ်သည်။ ဆင်ဖြူတောင် ကယောအခေါ် (ရော်ဆောဘူးခူ) သဘာဝအလှတရားနှင့်ပြည့်စုံကြွယ်ဝသည့် ဆင်ဖြူတောင်ကို သဘာဝအလှတရားအတိုင်း ရှင်သန်ခွင့်ပေးရန် ဒေသခံတောင်သူလယ်သမားများက လိုလားလျက်ရှိသည်။
မိုသီဒိုကျေးရွာနယ်နိမိတ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းလျှောက်ထားခြင်း
ဗိုလ်မှူးကြီးမိုးဟိန်း လျှောက်ထားသည့်မြေနေရာသည် မိုသီဒိုကျေးရွာနယ်နိမိတ် အတွင်းကျရောက်ပြီး မိုသီဒိုကျေးရွာ၏ ရိုးရာဓလေ့အစဉ်အလာ ခေတ်အဆက်ဆက် ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် ကန့်ကွက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။
မိုသီဒိုကျေးရွာအနီးတွင် လျှောက်ထားသည့် မြေနေရာ
မိုသီဒိုကျေးရွာသည် အိမ်ခြေ (၃၆) အိမ်ခန့်ရှိပြီး လူဦးရေ (၁၆၀)ကျော်၊ ကယောတိုင်းရင်သားများ နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။ ရွာ၏ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၀ (တစ်ရာ့နှစ်ဆယ်)ကျော်ခန့် တည်ရှိခဲ့ပြီ ဖြစ်ပေသည်။
ယခုလို လာရောက်လျှောက်ထားကြသည့်အပေါ်မှာ ဒေသခံများက ၎င်းတို့ သားသမီး ပညာရေး၊ ကျန်းမာရေး၊ ဝမ်းစာရေး အခက်အခဲဖြစ်လာမည်ကို စိုးရိမ်ရသည်ဟု မိုသီဒိုရွာမှ ဒေါ်ဇူဇားနာက ပြောပါသည်။
“ကျွန်မတို့အတွက် သားသမီးတွေအတွက် အခွင့်အရေးနည်းသွားတယ်ပေါ့။ ကျွန်မတို့က တောင်သူလယ်သမား အလုပ်ပဲလုပ်တဲ့အတွက် မြေယာပါသွားလို့ရှိရင် ကျွန်မတို့ လုပ်စရာမရှိတော့ဘူး။ စားစရာလည်း မရှိတော့ဘူး။”ဟု ဒေါ်ဇူဇားနာက ပြောပါသည်။
လက်ရှိမြေလွတ်၊ မြေလပ် နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေအရ ဗိုလ်မှူးကြီးမိုးဟိန်းလျှောက်ထားသည့် မြေနေရာသည် မိမိတို့၏ ကယောဒေသ၏ နယ်စပ် တံခါးဝလည်းဖြစ်သလို မိမိတို့ ကယောအခေါ်အဝေါ်အရ ဘူလော်ဂလိုဒိုးဟုခေါ်ဆိုပြီး အဓိပ္ပါယ်မှာ ရှေးရှေးတုန်းက နွားကုန်သည်တစ်ဦးသည် နွားထီးတစ်ကောင် ဆွဲလာ၍ ယင်းမြေနေရာတွင် သောက်ရေရှားပါးသောကြောင့် ထိုနွားထီးမှာ လဲကျသေဆုံးသွားခဲ့ သည်ကိုအစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။
ယင်းမြေနေရာသည် မိမိတို့ကျေးရွာမှ ကယောတိုင်းရင်းသား၏ ရိုးရာယဉ်ကျေးမှုဓလေ့အရ တောလိုက်ခြင်း၊ တောင်ယာလုပ်ခြင်း၊ ပူဇော်ပသခြင်း ပြုလုပ်သည့်အပြင် မိမိတို့ကျေးရွာ၏ လူမှုရေး၊ တစ်ရွာနှင့် တစ်ရွာချိတ်ဆက် သွားလာရေးအတွက် အသုံးပြုလေ့ရှိပါသည်ဟု သိရသည်။
လောဂျာကျေးရွာနယ်နိမိတ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလျှောက်ထားခြင်း
မြို့မကျေးရွာအုပ်စု လောဂျာကျေးရွာအနီးတွင် ဒေါ်ခင်မိုးနှင်းက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလျှောက်ထားသည့် မြေနေရာသည် ကျေးရွာနယ်နိမိတ်အတွင်း ကျရောက်နေခြင်း၊ အစဉ်အလာအရ ထိန်းသိမ်းထားသည့် ရိုးရာအမွေအနှစ်များတည်ရှိခြင်း၊ မြေကိုဓလေ့ထုံးတမ်းအရ လုပ်ကိုင်ကျင့်သုံးလာသည့် အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုံးဝမရှိဟု ဒေသခံများက ပြောဆိုနေကြပါသည်။
လောဂျာကျေးရွာအနီး လျှောက်ထားသည့် မြေနေရာ
မိမိတို့ရွာတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိကြောင်း၊ ရွှေ့ပြောင်းတောင်ယာမြေဖြစ်ကြောင်း၊ စားကျက်မြေဖြစ်ကြောင်း လောဂျာကျေးရွာမှ ရာအိမ်မှူး ဦးတီရယ်က ပြောပါသည်။
“သူတို့လာယူလိုက်မယ်ဆိုရင် အဲ့ဒီမြေက အခုပလပ်ထားတယ်ပေါ့နော၊ ဒါပေမယ့် အဲ့ဒါ စားကျက်မြေဖြစ်တယ် ကျွန်တော်တို့ ခြံတစ်ခုခုနဲ့ လုပ်လိုက်ရင်လည်း စာကျက်မြေလည်းမရှိတော့ဘူး၊ နောက်ထပ်ရွှေ့ပြောင်းစရာ တောင်ယာမြေလည်း မရှိတော့ဘူး၊ အဲ့ဒါကျွန်တော်တို့အတွက် အများကြီးခက်ခဲတယ်။” ဟု ဦးတီရယ်က ပြောပါသည်။
လောဂျာကျေးရွာမြေများတွင် ရွာမြေ၊ သင်္ချိုင်းမြေ၊ “ကေ့”မြေ ၊ “အီလူ” မြေ၊ တောင်ယာမြေ၊ ဥယာဉ်ခြံမြေ၊ စာကျက်မြေ၊ ရေထွက်မြေ၊ ဘုံမြေနှင့် ကျေးရွာဧရိယာနယ်နိမိတ်ဟူ၍ မြေအမျိုးအစားများ အသီးသီးသတ်မှတ်ထားကြသည်ဟု သိရပါသည်။ ကျေးရွာဧရိယာကိုလည်း နှစ်ရွာသဘောတူညီမှုဖြင့် အသိအမှတ်ပြုကြပြီး ကျမ်းကျိန်ခြင်း၊ အရာတစ်ခုခုဖြင့် တိုင်တည်ကာ အတည်ပြုသတ်မှတ်ထားကြပါသည်။
မြေများကို ဆွေမျိုးစုပိုင်၊ မိသားစုပိုင်နှင့် တစ်ဦးချင်းပိုင်ဆိုင်မှုကိုလည်းကောင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းနှင့် အမွေဆက်ခံခြင်း စသည်တို့ဖြင့် ကျင့်သုံးလာခဲ့ကြသည်။
လောဂျာကျေးရွာသည် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀)ခန့်က တည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်ဟု သိရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေသည် မြေသိမ်းဥပဒေဟု အရပ်ဖက်များက သုံးသပ်
အခုလို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေပေါ်ထွက်လာပြီးနောက် ဖရူဆိုမြို့နယ်အတွင်း ဒေသခံတိုင်းရင်း တို့၏ မြေယာတွေကို သိမ်းဆည်းဖို့ စတင်အကောင်အထည်ဖော်လာနေပြီဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်း များက သုံးသပ်ပြောဆိုနေကြပါသည်။
“ ဒီဥပဒေရဲ့ အကျိုးဆက်က ကျွန်တော်တို့ထင်တယ်။ မြေယာတွေ ဆက်ပြီးတော့ ဒေသခံတွေ ကို ကာကွယ်ပေးမှာထက် ဒေသခံတွေအတွက် ပိုပြီးဆိုးကျိုးသက်ရောက်မယ်လို့ ထင်တယ်ပေါ့နော။ အဲ့ဆိုတော့ သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေသော်လည်းကောင်း ဒီဥပဒေနှင့် ပတ်သက်ပြီးတော့ ဥပဒေကို ပြင်ဆင်တဲ့ ကော်မတီသော်လည်းကောင်း သူတို့က အဓိက ဒီမှာ တရားခံဖြစ်တယ်လို့ ကျတော်မြင်တယ်။” ဟု Kayah Earthrights Action Network – KEAN မှ ကိုအယ်စေးက ပြောပါသည်။
တိုင်းရင်းသား ဒေသတွေမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိတာသေချာတယ်။ ဒါကိုသိထားဖို့လိုတယ် တိုင်းရင်းသားအခွင့်အရေးတွေကို လေးစားအသိအမှတ်ပြုဖို့အရေးကြီးတယ်။ အခုက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကြောင့် ရိုးရာဓလေ့အရ မြေယာပိုင်ဆိုင်မှုအတွက် ကြီးမားသောစိန်ခေါ်မူတစ်ရပ် ဖြစ်လာပါပြီ။ ဒေသခံတွေအနေနဲ့ မျက်စိကျယ်ကျယ်ဖွင့်ထားပြီး နားအမြဲစွင့်ထားရမယ့် အခြေအနေပါ၊ လိုအပ်ရင် ပူးပေါင်းရမည့်အခြေအနေပါ။