မြန်မာ့နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှုနှုန်းက သိသိသာသာနည်းပါးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုအရ ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းအရေအတွက်ဟာ ဝင်ရောက်ယှဉ်ပြိုင်သူအအရေအတွက်ထက် ၁၀ ရာခိုင်နှုန်း အောက်မှာသာရှိနေသေးတာကိုတွေ့ရပါတယ်။
အမျိုးသမီးတွေ နိုင်ငံရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့အတွက် အစိုးရက အရေအတွက်ကန့်သတ်ထားမှု တွေရှိသလို တစ်ချို့သောအမျိုးသမီးတွေက ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းပါးနေခြင်း အစရှိတဲ့အကြောင်းအရာ အချက်အလက်တွေများစွာရှိတယ်လို့ မြန်မာနိုင်ငံရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ အမျိုးသမီးနိုင်ငံရေးသမားတစ်ချို့က သုံးသပ်ထားပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးပါဝင်မှုနှုန်းကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုထားပေမယ့်လည်း တကယ့်လက်တွေ့မှာက အမျျိးသမီးပါဝင်မှုနှုန်းက ၁၇ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ မွန်အမျိုးသမီးအဖွဲ့ ဥက္ကဌ မိကွန်ချမ်းနွန်ကဆိုပါတယ်။
“ကျွန်မအမြင်အရဆိုရင်၊ အမျိုးသမီးတွေ နိုင်ငံရေးလုပ်ငန်းမှာ ပါဝင်လာဖို့အတွက် အစိုးရက ချမှတ်ထားတဲ့ဥပဒေမရှိဘူး၊ လက်ရှိတာဝန်ယူနေတဲ့ခေါင်းဆောင်ပိုင်းကလူတွေလည်း အမျိုးသမီး တွေကို လက်တွဲခေါ်ဆောင်မှုအားနည်းလို့ အမျိုးသမီးတွေပါဝင်မှုနည်းတယ်လို့ မြင်တယ်”လို့ သူမရဲ့အမြင်ကို ပြောခဲ့တာပါ။
အမျိုးသမီးတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်မှာပါဝင်မှုနည်းနေပြီး အမျိုးသမီးတွေနိုင်ငံရေးကဏ္ဍမှာပါဝင်လာနိုင်စေဖို့အတွက် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သင့်တယ်လို့ သူမက ဆိုပါတယ်။
သို့ပေမယ့် အမျိုးသမီးအဖွဲ့အစည်းဟာ အရေးပါပေမယ့်လည်း အခုချိန်အထိ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီး အရေအတွက် များများမပါဝင် နိုင်သေးပါဘူး။
Myanmar Election Observation Network လို့ခေါ်တဲ့ Rainmaker အဖွဲရဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း မှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် လောင်း ၆၉ ယောက်သာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းဝန်းကျင်လောက်သာရှိတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီးတစ်ဦးမှ အရွေးချယ်မခံရဘူးလို့လည်း အစီရင်ခံစာအရ သိရပါတယ်။
မြန်မာနိုင်ငံအရှေ့တောင်ဘက်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး တွေရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီး ပါဝင်မှုနှုန်းက ၃၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိပါတယ်။
အမျိုးသမီးပါဝင်မှုနှုန်းနည်းပါးတဲ့အကြောင်းတစ်ခုကတော့ ယဉ်ကျေးမှုဓလေ့ထုံးစံအရ အမျိုးသမီး တွေဟာ အိမ်မှာသာနေပြီး အိမ်မှုကိစ္စတွေကိုသာလုပ်ကိုင်ရမယ်ဆိုတဲ့အချက်ပါပဲ။ ဒါပေမယ့် အမျိုးသမီးတစ်ချို့ကတော့ အဲဒီပုံစံခွက်ထဲက ရုန်းထွက်ဖို့ကြိုးစားနေဆဲ ဖြစ်ပါတယ်။
“မွန်လူမျိုးတို့ရဲ့အသိုင်းအဝိုင်းမှာရော၊ မွန်ရဲ့ဓလေ့ထုံးတမ်းအစဉ်အလာအရရော၊ အမျိုးသမီးတွေအတွက် အခက်ခဲဖြစ်စေတာပေါ့၊ အမျိုးသမီးကို နိုင်ငံရေးအပိုင်း၊ ဦးဆောင်ရေးအပိုင်းမှာ အားမပေးတာတွေက ရှိနေတယ်၊ နိုင်ငံရေးက အမျိုးသမီးတွေနဲ့ မသက်ဆိုင်ဘူး၊ ဦးဆောင်မှုအပိုင်းက အမျိုးသမီးတွေနဲ့ မသက်ဆိုင်ပါဘူး၊ ဓလေ့ထုံးတမ်းအရ အမျိုးသမီးတွေက အိမ်မှုကိစ္စကိုပဲလုပ်ရမယ်၊ အိမ်မှာပဲနေရတာတို့ သားသမီးရဲ့ အရေးကို အမျိုးသမီးတွေရဲ့အလုပ်နဲ့ပဲ အချိန်ကုန်နေတယ်လို့” စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့ Program Director လည်းဖြစ် ပြီးခဲ့တဲ့မတ်လ(၉)ရက်နေ့က ကျင်းပခဲ့တဲ့ အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ချန်ပီယံ Champion of Gender Equality ဆုကိုရရှိခဲ့တဲ့ မိချယ်ရီစိုးက ဆိုပါတယ်။
အမျိုးသမီးတွေ နိုင်ငံရေးလုပ်ငန်းတွေမှာ ပိုမိုလုပ်ဆောင်နိုင်စေဖို့နဲ့ သူတို့ရဲ့အတွေးအခေါ်တွေကို ပြောင်းလဲနိုင်ဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်သင့်တယ်လို့ သူမက အကြံပြုပြောဆိုခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာ မွန်ပြည်နယ်လွှတ်တော်သတွင်း အမျိုးသမီးကိုယ်စားလှယ် ၆ ဦးအထိပါဝင်လာတာကိုတွေ့ရတဲ့အတွက် မိမိတို့မျှော်မှန်းထားတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်လာဖို့က နည်းနည်းနီးစပ်လာတယ်လို့ ဆိုလို့ရပါတယ်။
“နိုင်ငံရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးရော၊ အမျိုးသားပါ ဘယ်အတိုင်းအတာအထိ ပါဝင်နိုင်သလဲ။ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဘယ်အထိပါဝင်နိုင်သလဲ။ ဘယ်လောက်အထိ အနစ်နာခံနိုင်သလဲ။ အဲဒီအပေါ်မူတည်ပြီး ခေါင်းဆောင်နေရာကို ပေးလို့ရမယ်လို့ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မော်လမြိုင်မြို့မှာ Mon Women’s Forum တစ်ခုကျင်းပခဲ့ပြီး လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှု များလာအောင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာတွေကိုလည်းတွေ့ရပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေပါဝင်နိုင်ဖို့အတွက် အခြားအစီအစဉ်တွေအနေနဲ့ နို့တိုက်မိခင်တွေအတွက်လိုအပ်တဲ့ပံ့ပိုးမှုတွေ၊ ခရီးသွားလာရေးမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုအပိုင်းတွေကို ပံ့ပိုးပေးနိုင်ဖို့လည်းအရေးကြီးမယ်လို့ ယူဆရတယ်။
မွန်ပြည်နယ်မှာ ခရိုင် ၂ ခု၊ မြို့နယ် ၁၀ မြို့နယ်နဲ့ မြို့ ၁၆ မြို့မှာ လူဦးရေ သိန်း ၂၀ နဲ့ ၅ သောင်းကျော်ရှိတဲ့အထဲ အမျိုးသား ၉သိန်း ၈ သောင်းကျော်နဲ့ အမျိုးသမီး ၁၀ သိန်းကျော် ရှိပြီး မွန်ပြည်နယ်ရဲ့ လူဦးရေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ ၂၀၁၄ ခုနှစ် မတ်လက ကောက်ခံခဲ့တဲ့ မွန်ပြည်နယ်သန်းခေါင်စာရင်း အစီရင်ခံစာအရသိရပါတယ်။
နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှု နည်းနေရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ ငွေကြေးအခက်ခဲကအဓိက စိန်ခေါ်မှုတစ်ဖြစ်နေသလို၊ ခေါင်းဆောင်မှုအပိုင်းမှာ အမျိုးသမီး တွေအနေနဲ့ အမျိုးသားတွေနဲ့ ယှဉ်ရင်တော့၊ အိမ်မှုကိစ္စတွေ၊ သားသမီးကိစ္စတွေဘက်မှာ ပိုပြီးအာရုံစိုက်ရတာကလည်း အမျိုးသမီးတွေပဲဖြစ်နေလို့ ဒီဘက် (နိုင်ငံရေးဘက်) ကိုလှည့်မကြည့် ဖြစ်တာလဲဖြစ်နိုင်တယ်လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မိလဝီဟန်က ဆိုပါတယ်။
နိုင်ငံရေးပါတီမှာ အမျိုးသမီးတွေဘယ်လောက်ရာခိုင်နှုန်း ပါဝင်ရမလဲဆိုတာထက် ဘယ်လောက်ဆုံးဖြတ်ချနိုင်သလဲဆိုတဲ့အရာပေါ်မှာပဲ မူတည်သလို ဆုံးဖြတ်ချက်ချနိုင်တဲ့ အရည်အချင်းရှိဖို့လည်း လိုအပ်တယ်လို့ သူမက ထောက်ပြခဲ့ပါတယ်။ ။