ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းအိုင်ခလိန်နှင့် မေးမြန်းခြင်း

ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းအိုင်ခလိန်နှင့် မေးမြန်းခြင်း

“ကျနော်မြင်ထားတာကတော့ တိုင်းစာယဉ်ရဲ့ မဏ္ဍိုင်၊ အစိုးရမဏ္ဍိုင်၊ နောက်တစ်ခုက လွှတ်တော်ရဲ့ မဏ္ဍိုင်ပေါ့ ၊ ဒီမဏ္ဍိုင်သုံးခုကို ဟန်ချက်ညီညီ လှုပ်ရှား အကောင်အထည်ဖော်သွားမယ်”

၂၀၁၉  ခုနှစ်၊ မတ် ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ ဂရုဏာဖောင်ဒေးရှင်း ရုံးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီကို ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ရာ ဥက္ကဌ အဖြစ် တာဝန်ပေးခြင်းခံရသူ မန်းအိုင်ခလိန်နှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

မေး။ ။ ပထမဦးဆုံး တိုင်းစာယဉ်ပြန်လည်ဖွဲ့စည်း ခဲ့ပုံအကျဉ်းချုပ်ကို ပြောပြပေးပါ။

ကျနော်တို့ တိုင်းစာယဉ်က မြို့နယ်စာယဉ်တွေ ဖွဲ့ပြီးမှ အောက်ခြေကနေတက်လာတယ်။ ဥပမာ အားဖြင့် ကျုံပျော်တို့၊ မြောင်းမြတို့၊ ကျောင်းကုန်းတို့၊ ဝါးခယ်မတို့၊ နောက်ပီးတော့ ပန်းတနော်တို့ အိမ်မဲတို့ပေါ့နော် ဒီ အမာခံနယ်မြေတွေအားလုံးဖွဲ့စည်းပြီးတော့မှ ၂၀၁၆၊ ဇန်နဝါရီ ၂၀ ရက်လောက်မှာ တိုင်းစာယဉ်ဖွဲ့တယ်။ ဧရာဝတီတိုင်းဒေသကြီးမှာက မြို့နယ် ၂၆ မြို့နယ်ရှိတယ်။ မြို့နယ်တိုင်းမှာ စာယဉ်မရှိသေးဘူး။ ခရိုင်အနေနဲ့ ကြည့်ရင်တော့ ခရိုင်ခြောက်ခုလုံးမှာ စာယဉ်တွေရှိနေပြီးပေါ့နော်၊ ဒါက အနေအထားလေး တစ်ခုပေါ့။

ပြီးခဲ့တဲ့ ၂၀၁၆ ဇန်နဝါရီ ၂၀ ကနေပြီးတော့ ဒီ၂၀၁၉ ပေ့ါ၊ အဲ့ဒီမှာ သုံးနှစ်ပြည့်သွားတယ်ပေါ့၊ အဲ့လို ပြည့်သွားတဲ့ အခါမှာ ဆရာစောဖရန်စစ်ခိုင်ကတော့ ပထမသုံးနှစ်မှာ သူဥက္ကဌပေါ့၊ အဲ့ဒီအချိန်အခါမှာ ကျနော်က နာယက မှာရှိနေတယ်ပေါ့။ ဆိုတော့ သုံးနှစ်ပြီးသွားတဲ့ အခါကျတော့၊ နောက်သုံးနှစ်ကို ပြန်ဖွဲ့စည်းတယ်ပေါ့။ ဖွဲ့စည်းတဲ့ အခါမှာ ခြောက်ခရိုင်လုံးကတော့ ပါတယ်။ အားလုံးသဘောတူညီချက်တခုနဲ့ အဆိုပြုကြတယ်။ ရွေးချယ်ကြ တယ်။ နာယကရော ဗဟိုအလုပ်အမှုဆောင်ရော ပြန်ရွေးတယ်။ ကျနော့်ကို ဥက္ကဌ တာဝန်ပေးတယ်ပေါ့။

မေး။ ။ ဧရာဝတီတိုင်း စာယဉ်ကို မြို့နယ်စာယဉ်တွေလောက်တောင် အလုပ်မလုပ်ဘူးလို့ ပြောဆိုသံတွေလည်း ကြားရတယ်။ အခု ဥက္ကဌ လက်ထက်မှာရော ဘာတွေ လုပ်သွားဖို့ ရှိလဲ။ ရှေ့လုပ်ငန်းစဉ်ကို ပြောပြပေးပါ။

ဖြေ ။ ။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျနော်တို့ တိုင်းစာယဉ်က နာယကတွေရော၊ အလုပ် အမှုဆောင် တွေရော၊ တွေ့ဆုံမှု ချိတ်ဆက်စီစဉ်မှု၊ လုပ်ငန်းအကောင်အထည်ဖော်မှု အားနည်းခဲ့တယ်။ ဆိုတော့ အဲ့ဒါကို ကျနော်တို့ သင်ခန်းစာယူပြီးတော့ အခုတိုင်းစာယဉ် နာယကအဖွဲ့ကိုလည်း ပြန်ဖွဲ့စည်းတယ်။ အလုပ်အ မှုဆောင် အဖွဲ့နဲ့ မြို့နယ်တွေကိုလည်း ပြန်ဖွဲ့စည်းတယ်။

ကျနော်တို့ ဆက်ပြီးသွားရမဲ့ ခရီးလမ်းက တိုင်းအဆင့်မှာတော့ မကြာခဏ တွေ့ဆုံဖို့ နောက်တော့လုပ်ငန်းစဉ် ချမှတ်ဖို့ ဆက်ပြီး အတူတကွ အကောင်အထည်ဖော်ဖို့ပေါ့နော်။ ကျနော်တို့ ခံယူထားတာတော့ စုပေါင်းခေါင်း ဆောင်မှုကိုတစ်ခု ဖြစ်လာအောင် အကောင်အထည်ဖော်မယ်။ နောက်တော့ တိုင်းစာယဉ်ကလည်းဘဲ CSO လို့ ခေါ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ပဲ ဆက်ရပ်တည်မယ်။ နောက်တစ်ချက်က တိုင်းစာယဉ်ဟာ အခု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနဲ့လည်း ဆက်ပြီး ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်မယ်။ သူက တိုင်းအစိုးရ အဖွဲ့ထဲမှာလည်း ပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ တိုင်းရင်းသားရေးရာ ကော်မတီလည်း ရှိတဲ့အခါကျတော့ သူတို့နဲ့လည်း တွဲဖက်မယ်။ ဆိုတော့ ကျနော်မြင်ထားတာကတော့ မဏ္ဍိုင်ကြီးသုံးခုပေါ့၊ တိုင်းစာယဉ်ရဲ့ မဏ္ဍိုင်၊ အစိုးရ မဏ္ဍိုင်၊ နောက် တစ်ခုက လွှတ်တော်ရဲ့ မဏ္ဍိုင်ပေါ့၊ ဒီမဏ္ဍိုင်သုံးခုကို ဟန်ချက်ညီညီလှုပ်ရှား အကောင် အထည်ဖော်သွားမယ်။

အဓိက ကတော့ ခဏခဏ တွေ့ဆုံပြီးတော့ စကားပြောမယ်။ နောက်တစ်ခုက မဏ္ဍိုင်သုံးခု အပြန်အလှန်ညှိနှိုင်း ပြီးတော့ လုပ်ဆောင်မယ်။ ကျနော်တို့ တိုင်းအဆင့်မှာ မဏ္ဍိုင်သုံးခုက ဟန်ချက်ညီညီ သွားနိုင်ပြီးဆိုရင်တော့ အောက်ခြေကတော့ ကောင်းနေပြီးသားဗျ၊ ပန်းတနော်၊ ကျုံပျော်၊ နောက် ကျောင်းကုန်း၊ အိမ်မဲ၊ ဝါးခယ်မ၊ မြောင်းမြရောဆိုတော့ အောက်ခြေမှာ တော်တော်များများကောင်းနေပြီးသား၊ လှုပ်ရှားမှု လုပ်ဆောင်မှုတွေ ရှိနေပြီးသား၊ ဆိုတော့ ကျနော်တို့ တိုင်းအဆင့်ကနေပြီးတော့ ညှိနှိုင်းစရာ၊ ဆွေးနွေးစရာ၊ နောက်ချိတ်ဆက်ပူး ပေါင်းလုပ်နိုင်စရာ အဲ့ဒါမျိုးတွေနဲ့ ဆက်သွားဖို့တော့ မျှော်မှန်းထားတယ်ပေါ့လေ။

မေး။ ။ တချို့ တိုင်းစာယဉ်တွေကို ရေးရာဝန်ကြီးတွေက ဦးဆောင်ပြီး အစိုးရဘတ်ဂျက်တွေနဲ့ ကရင်သမိုင်း ပြုစုရေးတို့ ကရင် အဘိဓါန်ပြုစုရေးတို့ စတာတွေလုပ်ဆောင်တာရှိတယ်။ ဧရာဝတီတိုင်း စာယဉ်အနေနဲ့ ဘယ်လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ ဧရာဝတီတိုင်းစာယဉ်ဟာ မြို့နယ်တွေက ဆိုလိုတာအောက်ခြေကနေပြီးတော့ တက်လာပြီး တိုင်းစာယဉ် ဖွဲ့တယ်။ ရှေ့လုပ်ငန်းစဉ်ကတော့ မြို့နယ်တွေရဲ့ လုပ်ဆောင်မှု ကိုဆက်အားပေးမယ်။ ဒါအပြင် ကရင့်ရေးရာ ဝန်ကြီးနဲ့လည်း တွဲဖက်ပြီးတော့ ကရင်စာပေနဲ့ ယဉ်ကျေးမှု စင်တာ တစ်ခုကို ဧရာဝတီတိုင်းမှာ တည်ထောင်ဖို့ ကျနော်တို့ ရည်ရွယ်ထားတယ်။ ဒါကလည်းဘဲ တိုင်းစာယဉ်က လူမှုအဖွဲ့အစည်းနဲ့ သွားမယ်။ ရေးရာဝန်ကြီး ကလည်း သူ့စီမံခန့်ခွဲမှုနဲ့ သွားမယ်။ တနည်းအားဖြင့် ကျနော်တို့ ပူးပေါင်းလုပ်ဆောင်မှု အနေနဲ့ ဖြစ်သွားမယ်။

ရန်ကုန်တို့၊ ပဲခူးတို့ကတော့ ဟုတ်တယ်။ ရေးရာဝန်ကြီးက ဥက္ကဌဖြစ်နေတော့ အဲ့ကနေတစ်ဆင့် သွားနေတယ်။ ကျနော်တို့ ဧရာဝတီတိုင်းစာယဉ်ကတော့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းအနေနဲ့ပဲသွားမယ်။ အစိုးရနဲ့တော့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ကတော့ ကရင့်ရေးရာဝန်ကြီးရဲ့ ဘတ်ဂျက်ကသူ့ ဘာသာသူသွားမယ်၊ မြို့နယ်စာယဉ်တွေကို တိုက်ရိုက်သွားချင်သွားမယ်။ သူ့စီမံခန့်ခွဲမှု လမ်းကြောင်းအတိုင်း ပေါ့။

ကျနော်တို့ တိုင်းစာယဉ်ကလည်းဘဲ မြို့နယ်စာယဉ်တွေရဲ့ စွမ်းရည်မြှင့်တင်ရေးတွေကို မြို့နယ်တွေနဲ့ ပေါင်းပြီး တော့ ကျနော်တို့ သွားမယ်။ ဆိုတော့ တိုင်းစာယဉ်ဟာ မြို့နယ်တွေနဲ့ ထိတွေ့တဲ့ အချိန်အခါမှာ သူ့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းပါပဲ။ တခြားသူတွေရဲ့ အကြံဉာဏ်ကိုလည်း ရယူသွားမယ်။ ဆိုတော့ မြို့နယ်စာယဉ်တွေက သူ့ဘာသာသူ လွှတ်လပ်ခွင့်ရှိတယ်။ ကျနော်တို့ စွက်ဖက်ဖို့ မဟုတ်ဘူး။ သူ့တို့ မြို့နယ် စာယဉ် ဥက္ကဌရှိတယ်။ မြို့နယ်စာယဉ်တွေရဲ့ စီမံခန့်ခွဲမှု၊ ငွေကြေးစီးဆင်းမှု၊ လုပ်ငန်းစဉ်ဖော်ဆောင်မှု ဒါတွေက မြို့နယ် ဥက္ကဌက စီမံဆုံးဖြတ်ခွင့် သူ့ဘာသာသူရှိနေမယ်။

တိုင်းစာယဉ်ဟာ မြို့နယ် စာယဉ်တွေအားလုံးနဲ့ ကွန်ရက်တစ်ခုကို ဆက်သွယ်မယ်။ ကျနော်တို့ သွားပြီးတော့ သူတို့အပေါ် ဆုံးဖြတ်ချက်မချဘူး။ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်။ သူတို့ အကြံဉာဏ်ယူမယ်။ တိုင်းအဆင့်မှာတော့ အစိုးရ၊ လွှတ်တော် တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်။ ဒါကတော့ သွားချင်တဲ့ ပုံစံလေးပါ။

မေး။ ။ ပြီးခဲ့တဲ့ သုံးနှစ်မှာ တိုင်းစာယဉ်ကို အသင်းအဖွဲ့မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတာရှိပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ဥက္ကဌ လက်ထက်မှာရော ဘယ်လို ပုံဖော်သွားမလဲ။

ဖြေ။ ။ ကျနော်တို့က လူမှုအဖွဲ့အစည်းဆိုတော့ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ပြီးတော့ သွားစေချင်ခဲ့တာပေါ့ ဗျာ။ မှတ်ပုံတင်ဖို့ ပြောရင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု လိုအပ်တာပေါ့။ ကျနော်တို့ တိုင်းစာယဉ် သုံးနှစ်မှာတော့ များများစားစားမလုပ်နိုင်ခဲ့ဘူး။ မှတ်ပုံတင်လည်း ခိုင်ခိုင်မာမာမဟုတ်ဘဲ နေခဲ့ကြတယ်။  အဲ့အခါ ကျတော့ အစိုးရကိုအစီရင်ခံစာ(Report) ပေးဖို့မလိုဘူး။ အဲ့သဘောမျိုးနဲ့ပဲ သွားခဲ့ကြတယ်။ အခုလာမဲ့ သုံးနှစ် မှာတော့ တရားဝင်မှတ်ပုံတင်ပြီးသွားမလား၊ မှတ်ပုံမတင်ဘဲ နေဦးမလားဆိုတာ၊ စဉ်းစားနေဆဲပဲ ဖြစ်တယ်။

မေး။ ။ တိုင်းစာယဉ်တွေက ကရင်နေ့ထူးနေ့မြတ်တွေ ဖြစ်တဲ့နှစ်သစ်ကူးနေ့တို့ ကရင်အမျိုးသားနေ့တို့ စတာ တွေကို ဦးဆောင်ကျင်းပတာ အားနည်းနေသေးတယ်။ မန်းလက်ထက်မှာရော တိုင်းစာယဉ်က ဘယ်လို ကဏ္ဍ ကနေပါဝင်သွားမလဲ။

ဖြေ။ ။ တိုင်းစာယဉ် သုံးနှစ်မှာကတော့ ခုဏက ပြောတဲ့နေ့ထူးနေ့ မြတ်တွေဖြစ်တဲ့ ကရင်နှစ်သစ်ကူးပေါ့၊ ဒုတိယတစ်ခုက လက်ချည်ပွဲတွေ နောက်တော့ ကရင်အမျိုးသားနေ့တွေ၊ ကရင်အာဇာနည်နေ့တွေ အဲ့ဒါတွေ အားလုံးကို ကျနော်တို့ အစီအစဉ်ချမယ်။ တစ်နှစ်တာအတွက်ပေါ့။ ဥပမာ သြဂုတ်လမှာ ကရင့်အာဇာနည်နေ့ ရှိမယ်။ ဖေဖေါ်ဝါရီဆို ကရင်အမျိုးသားနေ့ရှိမယ်။ လက်ချည်ပွဲကလည်း ဇူလိုင်လောက်မှာ ရှိတတ်တယ်။

ပွင့်လင်းလာတဲ့ ကာလမှာ တချို့နေ့ထူးနေ့မြတ်တွေ ပြန်လုပ်ဆောင်လာနိုင်ပြီးပေါ့နော်၊ အဲ့လိုမျိုး လုပ်ဆောင် တဲ့အခါမှာ တိုင်းစာယဉ်အနေနဲ့က ကရင်ရေးရာဝန်ကြီးနဲ့ ဆက်သွယ်မယ်။ ပူးတွဲဆောင်ရွက်ဖို့ စိတ်ကူးထား တယ်။ တိုင်းအဆင့်မှာလုပ်မလား မြို့နယ်အဆင့်ကတော့ မြို့နယ်ဥက္ကဌရဲ့ ဦးဆောင်မှု အောက်မှာ လုပ်သွားမှာ ပဲလေ။ တိုင်းအဆင့်ကို ချီတက်လာတဲ့ အခါမှာတော့ ကျနော်တို့က တိုင်းမှာရှိတဲ့ အစိုးရ ဌာနတွေနဲ့ ချိတ်ဆက် ပြီးတော့ ပူးတွဲလုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်။

မန်းအိုင်ခလိန်၏ လူမှုရေးလှုပ်ရှားမှု အကျဉ်း

-မန်းအိုင်ခလိန်သည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၈၅ ခုနှစ်တွင်၊ စိတ်ပညာဘာသာရပ်ဖြစ် ဘွဲ့ရခဲ့သည်။ ပြင်သစ် နိုင်ငံတွင် ၅ နှစ်ကြာ အဆင့်မြင့် သီအိုလော်ဂျီ ပညာရပ်ကို သင်ကြားခဲ့သည်။ သူသည် ၂၀၀၉ တွင်ပြင်သစ် နိုင်ငံမှ ပြန်လာခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး နာဂစ် ပြန်လည်ထူးထောင်ရေး လုပ်ငန်းစဉ်များကို တိုင်းဒေသကြီး တာဝန်ရှိသူများနှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။ နာဂစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ၂၀၁၁ ခုနှစ်ထိ လုပ်ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ခုနှစ်၊ ၂၀၁၆ ခုနှစ် သာပေါင်းမြို့နယ်ရေကြီးမှု ကူညီရေးလုပ်ငန်းစဉ်ကို ပုသိမ်မြို့ အခြေစိုက် ဂရုဏာဖောင်ဒေးရှင်း ဒါရိုက်တာ အနေဖြင့် ဦးဆောင်ပြီး အရေးပေါ် ကယ်ဆယ်ရေး၊ ပညာရေး၊ ကျန်းမာရေ၊ ပြန်လည်ထူးထောင်ရေးတို့ကို လုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဂရုဏာဖောင်ဒေးရှင်း ဒါရိုက်တာ အဖြစ်မှ အနားယူကာ အကြံပေးအဖြစ်လက်ရှိအချိန်ထိ လုပ်ဆောင်နေသည်။ 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...