ရခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့ကြား အပြန်အလှန်စစ်ပွဲများဖြစ်ပွားနေခြင်းမှာ ဇန်နဝါရီလမှယခုအချိန် အထိ သုံးလတာကာလအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ခန့်ဖြစ်ပွားခဲ့ပြီဖြစ်ကြောင်း AA ဘက်မှ ထုတ်ပြန်ထား သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊မောင်တော၊ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် အမ်း မြို့နယ်များအထိ ပျံ့နှံ့ကာဖြစ်ပွားခဲ့သောစစ်ပွဲများကြောင့် ဒေသခံများ စစ်ဘေးရှောင်လာကြသည်မှာ သောင်းနှင့်ချီနေပြီဖြစ်သည်။ စစ်ရှောင်များမှာ မိမိတို့ဘေးလွှတ်ရာသို့ တိမ်ရှောင်နေကြဆဲလည်းဖြစ်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်သော ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များ၌ အများဆုံး ရောက်ရှိခိုလှုံနေကြခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၂၀ ကျော်အထိ ရှိလာနေပြီး စစ်ဘေးရှောင်ဦးရေမှာလည်း ၁၂၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်သည်။ ရှေ့ဆက်ပြီး တိုက်ပွဲများပိုမို ပြင်းထန်လာပါက စစ်ဘေးဒုက္ခသည်ဦးရေလည်း ပို၍ တိုးလာနိုင်သည်။
ဒေသတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် စစ်ရှောင်များတိုးလာသလို AA နှင့် တပ်မတော်တို့ကြား နှစ်ဖက်ညပ်မည်ကိုစိုးရိမ်၍ တိမ်းရှောင်လာခြင်းများရှိသည်။ နယ်မြေ အခြေအနေ မငြိမ်းချမ်းသည့်အတွက် စစ်ရှောင်များ တိုးလာသလို တိုက်ပွဲဖြစ်ပွားသော နေရာနှင့် ဝေးကွာသော ကျေးရွာ တစ်ချို့မှာလည်း ဗုံးခိုကျင်းများကို ပြုလုပ်ထားကြသည်။
လက်ရှိ စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသော စစ်ဘေးရှောင်များ လိုအပ်သော စားနပ်ရိက္ခာထောက်ပံ့မှုအပိုင်း အများဆုံးကို ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့ အစည်းများမှ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။ သို့သော် ဒေသခံအများစုက ယုံကြည်နေကြသည်မှာ လက်ရှိ စစ်ဆေးနေသော တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးဆုံးလျှင် တိုက်ပွဲများပိုမိုပြင်းထန်လာမည်ဖြစ်ပြီး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်လာရမည်ကို အထူးစိုးရိမ်နေကြသည်။
စစ်ပွဲများပိုမိုပြင်းထန်လာခဲ့သလျှင် စစ်ရှောင်စခန်းများတွင်ရောက်ရှိနေသော လူထုအတွက် စားနပ်ရိက္ခာများ လည်း ခက်ခဲလာနိုင်သည်။ ယင်းအပြင် စစ်ပွဲအချိန်ကြာမြင့်သည်နှင့်အမျှ ဒေသခံအများစုမှာ မိမိတို့ ရပ်ရွာ များကို အပြန်နိုင်ဘဲ စစ်ရှောင်စခန်းများအတွင်း ချို့တဲ့စွာဖြင့် နေထိုင်ကြရမည့် အပိုင်းမှာလည်း အထူးစိုးရိမ် စရာဖြစ်လာသည်။ အထူးသဖြင့် စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီးများ၊ ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး အခန်းကဏ္ဍများကိုလည်း ထည့်သွင်းစဉ်းစာကြရပေလိမ့်မည်။
စစ်ဘေးရှောင်အများစုကို အဓိက ကူညီကယ်ဆယ်ရေပေးနေသည့် အဖွဲ့အစည်း များမှာ ရခိုင်အခြေအခြေစိုက် လူမှုအဖွဲ့အစည်းများဖြစ်ပြီး ပြည်မဘက်မှလာရောက်လှူဒါန်းသော အဖွဲ့အစည်း အနည်းငယ်သာရှိသည်။ တစ်ချို့ဆိုလျှင် ရပ်ရွာအခြေပြု ကူညီကယ်ဆယ်ရေးများကိုပြုလုပ်နေကြသည်။ များသောအားဖြင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများအနေဖြင့်လည်း အလှူရှင်များထံမှရရှိလာသော အလှူငွေများ၊ ပစ္စည်းများဖြင့်သာ လှုပ်ရှားနေကြရသည့် အတွက် စစ်ပွဲရေ ရှည်ဖြစ်လာလျှင် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း လက်ပန်းကျလာမည်ဖြစ်သလို စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးများစွာခက်ခဲလာမည်ဖြစ်သည်။ ယခုလက်ရှိအချိန်တွင်လည်း တစ်ချို့ စစ်ရှောင်စခန်းများတွင် ကူညီကယ်ဆယ်ရေးများလိုအပ်လျှက်ရှိသည်။ နွေရာသီ ရောက်လာသည်နှင့်အမျှ စစ်ဘေးရှောင်စခန်းတချို့မှာ သောက်သုံးရေ ရှားပါးမှုဒဏ်ကို ခံစားကြရပေလိမ့်မည်။
ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် တစ်ခြား သော လိုအပ်သည့်အပိုင်းများ၌ လာရောက်ကူညီမှု နည်းပါးသည်ကိုတွေ့ရသည်။ အစိုးရအနေဖြင့်လည်း နိုင်ငံတကာ အကူညီများရရှိလာအောင် ဖွင့်ပေးသင့်သည်ဟု ရခိုင်အခြေစိုက်လူမှု အဖွဲ့အစည်းများ ကသုံးသပ်ကြသည်။
စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသော ပြည်သူအများစုမှာ လယ်လုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ ဥယာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသူများဖြစ်သည်။ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်နေ၍ မိမိတို့၏ စိုက်ခင်း၊ဥယာဉ်များသို့ မသွားလာဝံ့ ဖြစ်နေကြသည်။ ယင်းအပြင် တဖက်တွင်လည်း ARSA အဖွဲ့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ အန္တရာယ်ကိုပါ စိုးရိမ်ကြောင့်ကြနေကြရသည်။
မတ်လ ၉ ရက်နေ့က ယိုးတရုပ်ကျေးရွာရှိ ရဲကင်းစခန်းတိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်းနေထိုင်သည့် ပြည်သူ လူထုကို ပိုမိုစိုးရိမ်လာစေသည်။ ယင်းအပြင် စစ်ပွဲ၏အရှိန်မှာလည်း တစ်စ တစ်စပြင်းထန်လာနိုင်သည့် လက္ခဏာ ပင်ဖြစ်သည်။ ယိုးတရုပ်ရဲကင်းစခန်း တိုက်ခိုက်မှုခံရမှုနောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကြား ဗုဒ္ဓေါကျေးရွာအနီးတွင် တပ်မတော် လေကြောင်းဖြင့် တိုက်ခိုက်မှုများကြောင့် ကျေးရွာသားအများစုမှာ ယိုးတရုပ်ကျေးရွာသို့ တိမ်ရှောင်လာခဲ့ကြသည်။ တဖန် ရခိုင်ပြည်နုယ်မြောက်ပိုင်း မြို့နယ်အသီးသီးက ကျေးလက်ဒေသများ၌ လုံခြုံရေးဆောင်ရွက်ရန် ချထားသည့် ရဲကင်းစခန်းအချို့ကိုလည်း ရဲကင်းစခန်းများ မကြာခဏ တိုက်ခိုက်ခံနေရခြင်းကြောင့်ဟုဆိုကာ ပြန်လည်ရုတ်သိမ်း ခဲ့ကြသည်။
စစ်ပွဲများ ပြင်းထန်လာလေလေ စစ်ဘေးသင့်၊ စစ်ဘေးရှောင်များ တိုးလာလေလေပင်ဖြစ်သည်။ စစ်ရှောင်များလေလေ ၎င်းတို့ကို ကူညီစောင့်ရှောက်မည့် စားနပ်ရိက္ခာနှင့်တစ်ခြားသော အသုံးအဆောင်များလိုအပ်လာလေလေ ပင်ဖြစ်သည်။
အကယ်၍ စစ်ပွဲများပိုမိုပြင်ထန်းလာနိုင်သလို ရေရှည်စစ်ပွဲအဖြစ်သို့လည်းရောက်လာနိုင်သည်။ ဤအခြေ အနေရောက်လာခဲ့လျှင် ဒုက္ခသည်အရေး၊ ဒေသတွင်းလူထု၏လုံခြုံရေးများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါဝင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် အစီအမံများ ချမှတ်ထားသင့်သည်။ လက်ရှိအချိန်တွင် ဆန်ဈေးနှင့် တစ်ခြားသော ကုန်ပစ္စည်းတစ်ချို့ ဈေးမြင့်တက်လာခြင်းများရှိသည့်အတွက် စစ်ပွဲရေရှည်သွားလျှင် စစ်ဘေးရှောင်မဟုတ်သည့် ဒေသခံပြည်သူတစ်ချို့သည်ပင်လျှင် စားနပ်ရိက္ခာအပိုင်း၌ ခက်ခဲလာမည်ဖြစ်သည်။
ယင်းအပြင် စစ်ပွဲဖြစ်ပွားရာဒေသအတွင်းနေထိုင်သည့် ပြည်သူအများစုမှာလည်း လုံခြုံမှုမရှိသလို ခံစားလာရပြီး အမြဲတမ်းထိတ်လန့်နေရမည့် အခြေအနေများလည်းရှိသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများ၏ မိသားစုဝင်များ၏ အရေးပင်ဖြစ်သည်။ မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ကျော် နှုတ်ထွက်ခြင်းကိုကြည့်ခြင်းအားဖြင့် စစ်ပွဲနှင့်ပတ်သက်ပြီး တစ်နည်းမဟုတ်တစ်နည်း ပတ်သက်လာမည်ကို ကြောက်လန့်နေကြသည့် အခြေအနေမျိုး မြင်တွေ့လာရသည်။
တစ်ဖက်တွင်လည်း လက်သည်မပေါ်ဘဲ လူတစ်ချို့ သတ်ဖြတ်ခံ ရခြင်းများ၊ လမ်းပြအဖြစ်ခေါ်ဆောင်ကာ မှိုင်းပေါက်ကွဲသဖြင့် သေဆုံးဒဏ်ရာ ရရှိသူများ၊ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများကို ကြည့်ခြင်းအားဖြင့် ပြည်သူတစ်ချို့မှာ နှစ်ဖက်ကြားညှပ်နေသည့်အခြေအနေတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအတွက် မိသားစုဝင်များမှာ စိုးရိမ်မှုများ ရှိနေကြခြင်းပင်ဖြစ်သည်။ ယခုအချိန်ထိ မည်သည့်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှန်းမသိရဘဲ ပျောက်ဆုံးနေသည့် သူများလည်းရှိနေသည်။ တချို့မှာလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မများဖြင့် ထိန်းသိမ်းခံထားကြရသည်။
တိုက်ပွဲများဖြစ်ပွားရာ ကျေးလက်ကျေးရွာများသ ရွာအတွင်းသို့ မည်သည့်အချိန် ကျည်ဆံများကျရောက်လာမလဲ ဆိုသည့် စိုးရိမ်စိတ်များနှင့် နေ့စဉ်ဘဝကို ဖြတ်သန်းနေကြရသည်။
စစ်ပွဲများ ရေရှည်ပြင်းထန်လာလျှင် တစ်ချို့ တိုက်ပွဲဖြစ်ပွားသောနေရာနှင့် နီးကပ်သည့်ကျေးရွာများမှ ဒေသခံ များကို အကာအကွယ်ပေးရန်လိုအပ်မည်ဖြစ်သလို တစ်ချို့ကျေးရွာများဆိုလျှင် ပြန်လည်နေထိုင်ရန် လုံးဝအဆင် မပြေတော့သည့် အခြေအနေများနှင့်လည်းရင်ဆိုင်လာရနိုင်သည်။
၁၉၅၂ ခုနှစ် ကျောက်တော်မြို့နယ် တောပန်းဇင်းကျေးရွာကဲ့သို့ နှစ်ဖက်ကြားညှပ်မိကာ တစ်ရွာလုံးပျက်စီးသွားရသည့် အခြေအနေများကို အထူး သတိပြုကြရန်နှင့် ယင်းအဖြစ်အပျက်များကို နမူနာယူပြီး နှစ်ဖက်တပ်များအနေဖြင့်လည်း အရပ်သားများ၊ ကျေးရွာများကို အထိခိုက်မရှိစေရန် အထူးရှောင်ကြဉ်သင့်သည်။ မျက်မှောက်အချိန်၌ပင် ရသေ့တောင်မြို့နယ်၊ မင်းဖူးကျေးရွာမှ အသက် ၁၈ နှစ်အရွယ်မိန်းကလေးတစ်ဦး၊ သမီးလှကျေးရွာမှ အသက် ၇ နှစ်အရွယ်ကလေး ငယ်တစ်ဦးတို့ ဖြစ်စဉ်ကဲ့သို့ အဖြစ်ဆိုးများကို ရှောင်းရှာကြရန်လိုအပ်သည်။
ထို့အပြင် ကျေးရွာများအနီးက မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် လက်နက်ကြီးကျည်ဆံများ မြေမြှုပ်မိုင်းများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်မီ ဖယ်ရှားရှင်းလင်းရန် လိုအပ်နေသည်။ တိုက်ပွဲများဖြစ်ပွားရာနေရာများတွင် ကျန်ရှိခဲ့သည့် ကျည်ဆံများကြောင့် အပြစ်မဲ့ အရပ်သားသေဆုံးမှုများ ဖြစ်ခဲ့ကြရသည်။
ထိုကြောင့် ယခုအချိန်သည် စစ်ပွဲ၏အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ပြည်သူများမခံစားရ စေရန်၊ ပြည်သူများဘဝ ဘေးကင်းလုံခြုံစွာဖြင့် နေထိုင်နိုင်ရန် အလွန်အရေးကြီးသလို စစ်ရှောင်စခန်းများတွင် နေထိုင်ကြသူများအတွက် ရေရှည်အစီအမံများချထားရန် လိုအပ်လာသည်။
တစ်ဖက်တွင်းလည်း လက်ရှိ ပြည်နယ်အစိုးရဖေါ်ဆောင်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း စစ်ပွဲဖြစ်ပွားရာ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦမြို့နယ်များ၏ ဖွံ့ဖြိုးရေးလုပ် ငန်းများလည်း ရပ်ဆိုင်သွားနိုင်သည်။
သို့ဖြစ်သောကြောင့် ပြည်သူများ၏ အကျိုးကိုရှေးရှုသောအားဖြင့် အပစ်အခတ်ရပ်စဲကြရန်လိုသည်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကမသွားဘဲ တဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေး လမ်းကြောင်းပေါ်က သွားနေကြလျှင် စစ်ပွဲသက်တမ်း ပိုရှည်သွားနိုင်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါစ အခြေအနေတုန်းက အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည့် လက်နက်ကိုင် တပ်ဖွဲ့များမှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မျှသာ ရှိခဲ့ရာမှ ယခုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၁၀၀ကျော် အထိ တိုးပွားလာခဲ့သည်။ ရာစုနှစ်တဝက်ကျော် တိုက်ခိုက်လာခဲ့ကြသော်လည်း ပျောက်ကွယ်သွားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဟူသည် မရှိသလောက်ပင်ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အပြုတ်တိုက်ရေးလမ်းစဉ် အောင်မြင်ခဲ့သလား မအောင်မြင်ခဲ့သလားဆိုသည်ကို တွေ့မြင်နိုင်ပေသည်။
နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် တွေ့ဆုံဆွေးနွေးရေးကနေ အဖြေရှာနိုင်မှ ပြည်သူများဘ၀ သာယာအေးချမ်းပေလိမ့်မည်။ အပစ်အခတ်ရပ်စဲရေးအတွက်လည်း ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း ကြားဝင်တိုက်တွန်းကြရန် အရေးကြီးသည်။ သို့မဟုတ်ပါက ရခိုင်ပြည်နယ် မြောက်ပိုင်း အဓိက မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မြောက်ဦး စသည့်မြို့နယ် အများရှိ ဒေသခံများ၏ အခြေအနေမှာ စီးပွားရေး၊ လူမှုရေး၊ပညာရေး၊ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကအစ လုံးဝ အောက်သို့ ရောက်သွားနိုင်ပြီး ပြည်သူအများစုမှာ ကျီးလန့်စာစားဘဝဖြင့် မိမိတို့ကျေးရွာတွင်လည်း မနေရဲ။ မိမိတို့ လုပ်ငန်းများကိုလည်း မသွားရဲ မလာရဲဖြင့် ဒုက္ခကြီးစွာ ရောက်သွားနိုင်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၏ သမိုင်းအထောက်အထားများအရ မိုးရာသီကာလများသည် တိုက်ပွဲများ နည်းပါးသည့် ကာလဖြစ်သည်။ သို့သော် လက်ရှိပုံစံအတိုင်း ဆိုပါက စစ်ပွဲများသည် မိုးရာသီအထိ ရောက်မသွားနိုင်ဟု တပ်အပ်မပြောနိုင်ပေ။ မိုးရာသီရောက်လာလျှင် စစ်ရှောင်စခန်းများတွင် နေထိုင်ရန် လုံးဝအဆင်ပြေမည် မဟုတ်သည့်အတွက် ၎င်းတို့ကို အမိုး အကာအောက်တွင် ထားရှိရန်မှာလည်း အလွန်အရေးကြီးသည်။
တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဘဝဖြင့် နေရပ်စွန့်ခွါနေကြရသော်လည်း လယ်မြေများ စိုက်ပျိုးချိန်ရောက်လာပါက ဝမ်းစာရေးအတွက် မိမိတို့ကျေးရွာများသို့ို ပြန်လိုကြလိမ့်မည်။ အကယ်၍ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြရသည် ဆိုစေဦး တိုက်ပွဲလက်ကျန် မြေမြှုပ်မိုင်း၊ မပေါက်ကွဲသည့် လက်နက်ကြီးကျည်ဆံများ အန္တရာယ်ကြားထဲတွင် နောက်ကျောမလုံသည့် ခံစားချက်မျိုးဖြင့် မိမိတို့၏ လုပ်ငန်းခွင်များကို လုပ်ကြရပေဦးမည်။
စစ်ပွဲဆိုသည်မှာ သက်ဆိုင်ရာ နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေပါက သည်နေ့ရပ်ဆို ရပ်နိုင်သည့် အရာမျိုးဖြစ်သည်။ သို့သော် စစ်ပွဲကြောင့် ဒုက္ခရောက်ကြရသည့် မြေစာပင် ပြည်သူတို့တွင်ကား မနက်ဖြန် ကိုယ့်ရွာပြန်ပါဆိုရုံမျှဖြင့် အရာအားလုံးပြေလည်သွားမည် မဟုတ်ပေ။ အသစ်တဖန်တည်ဆောက်ကြရမည့် သူတို့ဘဝများသည် အခက်အခဲမြောက်များစွာကို ကျော်ဖြတ်ကြရပေဦးမည်။
ထို့အတွက်ကြောင့် ပြည်သူများဘ၀ သည်ထက် မနစ်နာစေရန် နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် တိုက်ပွဲများရပ်စဲကာ ငြိမ်းချမ်းရေးစကားဝိုင်းများကို အချိန်မီ လုပ်ဆောင်ကြစေလိုကြောင်း တိုက်တွန်းလိုက်ရသည်။ ရခိုင်ပြည် ငြိမ်းချမ်းပါစေ။
ဤဆောင်းပါးကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ်စဉ် ၁၀၅ တွင် ဖော်ပြပါရှိခဲ့ပြီးဖြစ်သည်။