ဆင်သတ်မုဆိုးအကြောင်း သတင်းမှန်ပေးသူကို ဆုငွေ ကျပ်သိန်း ၃ဝ ချီးမြှင့်နေ

ဆင်သတ်မုဆိုးအကြောင်း သတင်းမှန်ပေးသူကို ဆုငွေ ကျပ်သိန်း ၃ဝ ချီးမြှင့်နေ

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများသာမက အစိုးရနှင့်ပုဂ္ဂလိကပိုင်ဆင်များပါ အသတ်ခံရမှု မြင့်တက်လာခဲ့ သည့်နောက်ပိုင်း ဆင်သတ်မုဆိုးများအား ဖမ်းဆီးနိုင်ရေးအတွက် သတင်းမှန်ပေးသူကို ငွေကျပ် သိန်း ၃ဝ အထိ ချီးမြှင့်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

ထိုသို့ ဆင်သတ်မုဆိုးအကြောင်း သတင်းမှန်ပေးသူကို ဆုငွေချီးမြှင့်ပေးနိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ် ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF- Myanmar)မှ ငွေကြေးပိုင်း ပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ လှည်းကူးတို့၊ တိုက်ကြီးနယ်တို့မှာဆိုရင် ကျေးရွာတွေရှေ့မှာကို ဆိုင်းဘုတ် စိုက်ထူထားပေးပါ တယ်။ ဒီ ဆင်မုဆိုးတွေရဲ့ သတင်းကို တိတိကျကျလေး ပေးမယ်။ ဆင်မုဆိုးကို ဖမ်းမိပြီ၊ သူ့ကို တရားစွဲနိုင်ခြေ ရှိပြီးဆိုရင် အဲ့ဒီမှာ သက်ဆိုင်ရာဖုန်းနံပါတ်တွေကို တိုင်ကြားပေးပါဆိုပြီးတော့ ရှိပါတယ်။ အဲ့ဒီဖုန်းတွေကို တိုင်ကြားပေးလို့ မိမိရရ မိပြီဆိုရင် ကျွန်တော်တို့က သတင်းပေးကို လျှို့ဝှက်ထားပြီး ဆုငွေ ကျပ် သိန်း ၃ဝ အထိ ပေးဖို့အတွက်ကို WWF က စပွန်ဆာလုပ်ထားတာ ရှိပါတယ်"ဟု ဦးသိန်းတိုးက ပြောသည်။

မတ်လ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ သဘာဝသမိုင်းပြတိုက်အနီးတွင် ဆင်ပြတိုက်ဖွင့်လှစ်ခြင်း ကျင်းပအပြီး မဇ္စျိမ၏ မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆင်သတ်မုဆိုးအကြောင်း သတင်းမှန်ပေးသူအား ဆုငွေချီးမြှင့်ခြင်းအစီအစဉ်ကို ၂ဝ၁၇ ခုနှစ်၊ နှစ်စပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် သတင်းပေးသူများကို ဆုငွေချီးမြင့်ပေးခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

" ကျွန်တော်တို့ ဂုဏ်ပြုခဲ့တာက လှည်းကူးဆိုရင် ပြီးခဲ့တဲ့နှစ်က ချီးမြှင့်ခံရတဲ့ သူတွေရှိပါတယ်။ အားလုံး ကျွန်တော် အတိအကျမှတ်မိတာတော့ လှည်းကူးမှာပဲ ၅ ဦး ရှိပါတယ်။ ကျန်တဲ့ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်း မှာလည်း ဒီလို ဂုဏ်ပြုမှုတွေရှိပါတယ် "ဟု ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

ထိုသို့ သစ်တောဦးစီးဌာနမှ ဆင်သတ်မုဆိုးများအကြောင်း သတင်းရရှိရန် ဆုငွေချီးမြှင့်သည့် စနစ်ဖြင့် လုပ်ဆောင်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဆင်သတ်မုဆိုးများကို ဆင်သတင်းပေးကာ ငွေကြေးရယူမှု များလည်း ရှိနေကြောင်း သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောသည်။

" ကျွန်တော်တို့ဆီက ဆင်သတ်မုဆိုးတွေကို သတင်းပေးဖို့တောင်းဆိုနေသလို တချို့သူတွေကလည်း ဆင် သတ်မုဆိုးတွေကို ဆင်သတင်းပေးပြီးတော့ ပိုက်ဆံရယူတဲ့အပိုင်းတွေလည်း ရှိပါတယ်။ ဒါတွေလည်း ကျွန်တော်တို့ ကြားတယ်။ သိလည်း သိရတယ်။ မြင်လည်း မြင်ရတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံတော်က ဆုကြေးအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေအကူအညီနဲ့ သက်ဆိုင်ရာ ဒေသအလိုက် ဆင်သတ် မှုတွေကို သတင်းပေးတဲ့အခါမှာ ဖော်ထုတ်ပါတယ်။ သို့သော် သတင်းတိကျမှုနဲ့ ခိုင်မာမှုဖြစ်မှ။ သတင်းပေး သူကိုလည်း တတ်နိုင်သမျှ ထိန်ဝှက်ထားပြီး၊ ဖုံးကွယ်ထားပြီးတော့ သူ့ရဲ့ လုံခြုံရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဦးဝင်းသော်နိုင်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများတွင် တောဆင်ရိုင်းခန့်မှန်းကောင်ရေ ၁၅ဝဝ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသော ဆင်ကောင်ရေမှာ ၃ဝဝဝ မှ ၅ဝဝဝ ခန့်အထိသာ ကျန်ရှိတော့ ကြောင်း သစ်တောဦးစီးဌာနစာရင်းအရ သိရသည်။

Most read this week

December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...