သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးချားဟော်နှင့် ဆက်သွယ်မေးမြန်းချက်

သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးချားဟော်နှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) ကနေ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာ အုပ်ချူပ်ရေးမှူးဦးချားဟော်နှင့် ရဲစခန်းမှူး ဆလိုင်းဘီးဗာတို့ကို ဖမ်းဆီးပြီး (၅) ရက်မြောက်နေ့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

(AA) တပ်ဖွဲ့က ဘာကြောင့် ဦးချားဟော်နဲ့ ဆလိုင်းဘီးဗာကို ဖမ်းဆီးခေါ်ဆောင်သွားတာလဲ၊ ဘာတွေစစ်ဆေးမေးမြန်းခံခဲ့ရလဲ၊ ဘယ်လိုပြန်လွတ်လာခဲ့ကြလဲ၊ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးချားဟော်ကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ဦးချားဟော်တို့ကို ဘာလို့ AA က ဘာလို့ဖမ်းတာလဲ။

ဖြေ။ စခန်းမှူးကိုဖမ်းတာတော့ ကျနော်မသိဘူး ကျနော့ကိုဖမ်းတာက AA တွေရှိတဲ့နေရာကို မြန်မာ့တပ်မတော် ကို သတင်းပို့တယ် စစ်ဆေးချင်လို့ဆိုပြီးတော့ ဖမ်းဆီးတာလို့ပြောပါတယ်။

မေး။ AA ပြောသလိုပဲ ဦးချားဟော်အနေနဲ့ တပ်မတော်ကို သတင်းပို့ခဲ့လို့လား။

ဖြေ။ မပို့ဘူးခင်ဗျား သူတို့လည်း သိမှာပါ ဘုရားဆူးမိုးကြိုးပစ် ကျနော်မပို့ပါဘူးအဆက်အသွယ်လည်းမရှိပါဘူး။

မေး။ ဖမ်းပြီး ဘယ်ကိုခေါ်သွားတာလဲ။

ဖြေ။ သူတို့က တောထဲမှာရှိတာဆိုတော့ တောတွေတောင်တွေထဲမှာခေါ်သွားတာပေါ့။

မေး။ ရိုက်နှက်ခံရတဲ့ဓာတ်ပုံတွေ တွေ့ရတယ် အဲဒါဘာကြောင့် ရိုက်နှက်ခံရတာလဲ။ ဘာတွေနဲ့ ရိုက်နှက်လဲ။

ဖြေ။ တနေကုန်တော့မရိုက်ပါဘူး စခန်းချတဲ့နေရာမှာ စစ်ဆေးခုံဖွဲ့ပြီးတော့မှ စစ်ဆေးပါတယ် ခင်များ ကျနော်တို့ကို ဘယ်နေရာကိုသတင်းပို့သလဲပြောပါ၊ မြန်မာ့တပ်မတော်ကိုသတင်းပို့တယ်မဟုတ်လား ခင်ဗျားဖြေပါဆိုပြီးတော့ အဲဒီအဖြေကိုမပေးရင် ခင်ဗျားကိုသတ်ပစ်လိုက်မယ်လို့ပြောပါတယ်၊ စစ်ဆေးတဲ့တဲ့အချိန်မှာရိုက်တာပါ သေနတ်ဒင်တွေနဲ့လည်းထုပါတယ် ဝါးအစိမ်းအရင်းကိုပိုင်းပြီးမှ ရိုက်တာ ကျောကုန်းမှာ အဓိက အဲဒါက နာတာပါ ၄ ချက်လောက်ရိုက်ပါတယ်။

မေး။ စစ်ဆေးခံရတဲ့အချိန်မှာ ဘယ်နှစ်ချက်လောက် ရိုက်နှက်ခံရလဲ။

ဖြေ။ တုတ်နဲ့ရိုက်တာကတော့ ၄ ချက်လောက်ရိုက်တယ် ကျန်တဲ့ဟာကတော့ သေနတ်နဲ့ချိန်ပြီး ပစ်ဖို့ကြံတာတို့ ပြီးတော့ ဖိနပ်နဲ့ကန်ချတာတို့ ဆောင့်ကန်တာတို့ အဲလိုမျိူးလုပ်ပါတယ်။

မေး။ ရဲစခန်းမှူးဆလိုင်းဗီးဗာကိုကော် AA က ဘာလုပ်သေးလဲ။

ဖြေ။ သူ့ကိုကျတော့ သူပြောတဲ့အတိုင်းဆိုရင် ဘာမှမလုပ်ပါဘူး၊ ကျနော့ကိုပဲ များသောအားဖြင့် ရိုက်စစ် စစ်ပါတယ်။

မေး။ ဖမ်းတဲ့ချိန်မှာ ဘယ်လိုမျိူးထားလဲ။

ဖြေ။ ကောင်းကောင်းမွန်မွန်တော့ထားပါတယ်။ ထမင်းတွေလည်း ကျွေးပါတယ်။

မေး။ ဦးချားဟော်တို့ကို AA က ဘာကြောင့် ပြန်လွှတ်ပေးလိုက်တာလဲ။

ဖြေ။ သူတို့အကြီးအကဲက လွှတ်ပေးပါလို့ပြောလို့ ပြန်လွှတ်ပေးလိုက်တာလို့ ပြောတယ်။ သူတို့အငယ်ပိုင်းတွေရဲ့ တီးတိုးပြောသံကြားရပါတယ်။

မေး။ ပြန်လွှတ်တဲ့အချိန်မှာကော် ဘာကတိတွေပေးခဲ့ရလဲ။

ဖြေ။ မြန်မာ့တပ်မတော်ကို ကျနော်တို့ AA ရှိတဲ့နေရာကို သတင်းမပေးရဘူးဆိုတဲ့အကြောင်း အာမခံချက် ကတိဝန်ခံချက်ပေးခဲ့ရပါတယ်။

မေး။ အခု ဒဏ်ရာအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ဒဏ်ရာအခြေအနေကတော့ အခုကျနော်က တနေ့တခြားဘဲ အဲဒီဒဏ်ရာအခြေအနေကို နားနားနေတယ် အသက်ရှူလည်းမဝဘူး အခုတိုင်းရင်းဆေးတွေနဲ့ တပ်မတော်ကလည်း ဆေးကုပေးပါတယ် ကျနော်တု့ိရွာမှာ တပ်မတော်ရှိနေပါတယ် သူတို့ဆေးဗိုလ်ကြီးကလည်း ဆေးကုပေးပါတယ်၊ တိုင်းရင်းဆေးတွေနဲ့လည်း ကုနေပါတယ် ရွာမှာပဲရှိနေပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...
September 19, 2024
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို...