နှစ် ၇၀ ပြည့် တော်လှန်ရေးနေ့မှသည် အမျိုးသားနိုင်ငံရေးမျှော်မှန်းချက်ဆီသို့

နှစ် ၇၀ ပြည့် တော်လှန်ရေးနေ့မှသည် အမျိုးသားနိုင်ငံရေးမျှော်မှန်းချက်ဆီသို့

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့သည် နှစ် ၇၀ ပြည့်နှစ် ကရင့်တော်လှန်ရေးနေ့ဖြစ်သည်။ လွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အင်းစိန်မြို့ရှိ၊ KNDO ဌာနချုပ်ကို ဖဆပလ အစိုးရက လာရောက်တိုက်ခိုက်ရာမှ နိုင်ငံတဝှမ်းလုံးတွင် ကရင့်တော်လှန်ရေးအစပြု ဖြစ်ပေါ်ခဲ့သည်။ ကရင့်တော်လှန်ရေး ၂၀ရာစုအလယ်ပိုင်းမှ ယခု ၂၁ရာစုအဦးကာလသို့ ရောက်ရှိ ချိန်အထိ ခရီးဆက်နေဆဲဖြစ်သည်။

“တော်လှန်ရေး”ဟု ဆိုလျင် ဝါဒဖြန့်ချိခဲ့မှုကြောင့် အဆိုးမြင်များနှင့်သာ ယဉ်ပါးခဲ့သော ပြည်သူအများစုအနေဖြင့် အနှုတ် လက္ခဏာဆောင်သည့် စကားလုံးဟု ထင်မြင်မိလိမ့်မည်။ အမှန်စင်စစ် လူ့သမိုင်းအစကတည်းကပင် အသွင်မျိုးစုံသော တော်လှန်ရေးများ ရှိခဲ့သည်။ ကမ္ဘာဦးအစက လူသားမျိုးနွယ်တို့အနေဖြင့် မိမိဘဝနှင့် ပတ်ဝန်းကျင် ကောင်းမွန်သာ ယာရေးအတွက် ခေတ်အလိုက် တော်လှန်ရေးများ လုပ်ဆောင်ခဲ့ခြင်းကြောင့်သာ မျက်မှောက် အခြေအနေသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

ကရင့်တော်လှန်ရေးအစပြုခဲ့သည် အခြေအနေကို ပြန်ကြည့်မည်ဆိုလျှင် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားများ လိုလားသည့် တန်းတူအခွင့် အရေး ရှိသည့် ဖက်ဒရယ် ပြည်ထောင်စုပုံစံ ဖြစ်မလာဘဲ နိုင်ငံရေးအရ ပြေလည်မှုမရှိခြင်းကြောင့် ယခုလို တိုင်းရင်းသား တော်လှန်ရေးများ ဖြစ်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကရင်တော်လှန်ရေးသည် သီးခြားခွဲထွက်ရေး မဟုတ်သလို တိုင်းရင်းသားညီအစ်ကို အချင်းချင်း ဗိုလ်ကျ စိုးမိုး ရေးလည်း မဟုတ်။ သာတူညီမျှ အခွင့်အရေးရှိရေး၊ လူမျိုးတစ်မျိုးတွင် ရှိသင့်ရှိထိုက်သည့် စာပေ၊ ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့ အစည်း တည်ဆောက်ရေးနှင့် ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက်သာဖြစ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။

နှစ် ၇၀ ပြည့်ပြီးဖြစ်သည့် ကရင့်တော်လှန်ရေးသည် မိမိတို့ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မလွှဲမရှောင်သာ လျှောက်လှမ်းခဲ့ရသည်။ လက်ရှိအချိန်တွင် မူလပြဿနာ ဖြစ်သည့် နိုင်ငံရေးမပြေလည်မှုကို နိုင်ငံရေးနည်းအရ အဖြေရှာရန် ကရင့်တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကြိုးပမ်းနေသည်ကို တွေ့ရသည်။

တော်လှန်ရေး နှစ် ၇၀ ခရီးတစ်လျှောက် အမျိုးသားလွှတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကာ အသက်၊ သွေး၊ ချွေး၊ ခန္ဓာ ပေးဆပ်ခဲ့သူများကို ဂုဏ်ပြုရမည်ဖြစ်သလို ယနေ့ထက်တိုင် ကရင့်တော်လှန်ရေး ခရီးဆက်နိုင်အောင် အဖက်ဖက်မှ အားပေး ကူညီခဲ့သည် မျိုးချစ်ကရင်ပြည်သူများကိုလည်း အလားတူ ထိုက်တန်စွာ ဂုဏ်ပြုရမည်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့ အနေဖြင့် အမျိုးသားတန်းတူရေးမျှော်မှန်းချက်အတွက် ယခုလို ပေးဆပ်ခဲ့ခြင်းမှာ မြေကြီးလက်ခတ်မလွဲ ဖြစ်၍ပင် ဖြစ်သည်။

အခြားတစ်ဖက်မှကြည့်လျှင် ကရင်တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်ကို ယခုထက်ထိတိုင် မရောက်ရှိသေးသည့်အတွက် မိမိတို့အနေဖြင့် မွေးရာပါ တန်းတူအခွင့်အရေးအတွက် တော်လှန်ရဦးမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို ကိုယ်တိုင်တော်လှန်ရေး မဆင်နွှဲဘဲ မိမိတို့၏ အခွင့်အရေးကို ရရှိမည်မဟုတ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့အတွက် ကရင့်တော်လှန်ရေး မူလရည်မှန်းချက်ဖြစ်သည့် အမျိုးသားနိုင်ငံရေး မျှော်မှန်းချက်ရရှိရေးအတွက် ကရင်လူမျိုးများ စုစည်းညီညွတ်စွာဖြင့် တော်လှန်ရေးခရီးကို ပန်းတိုင်ရောက်အောင် ကရင်ပြည်သူ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ ဆက်လက် လှမ်းချီရဦးမည် ဖြစ်ပေသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...