၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းလိုက်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအပေါ် တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူများနှင့် တောင်သူလယ်သမားများက မနှစ်သက်ကြပေ။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံ ခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ
အဆိုပါဥပဒေအား ပြဋ္ဌာန်းပြီး နောက် ၆ လအတွင်းတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများပေါ်၌ စိုက်ပျိုးလုပ်ကိုင်နေသူများအနေဖြင့် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီထံတွင် လုပ်ကိုင်ခွင့် လျှောက်ထားကြရမည် ဖြစ်သည်။ လျှောက်ထားမှုမရှိဘဲ လုပ်ကိုင်နေလျှင် သတ်မှတ်ကာလ ကျော်လွန်ပါက အဆိုပါမြေများအား သိမ်းယူမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် အနှံ့အပြားမှ တောတောင်များ၊ ကျေးရွာများတွင် အစိုးရအဆက်ဆက် အထောက်အထားမရှိဘဲ အမွေဆက်ခံ လုပ်စားလာသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ယခုမြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေအား ပြင်ဆင်သည့်ဥပဒေမှာ မလိုအပ်သည့် ဥပဒေတစ်ခု ဖြစ်နေသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမား ဥပဒေအထောက်အကူပြုကွန်ယက်မှ စီမံကိန်းမန်နေဂျာ ဦးကျော်ထွီးက ပြောသည်။
အစိုးရတစ်ရပ်အနေဖြင့် မြေလွတ်၊ မြေရိုင်းများအား ဖော်ထုတ်လိုပါက ပြည်သူများကို အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမည်ဖြစ်ပြီး ၎င်းမြေများတွင် လုပ်ကိုင်စားသောက်နေသည့် ပြည်သူများအတွက်လည်း ပိုင်ဆိုင်ခွင့်ရရန် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဦးကျော်ထွီးကပြော သည်။
၂၀၁၆ ခုနှစ် အစိုးရစစ်တမ်းအရ ရခိုင်ပြည်နယ်တွင် မြေဧကပေါင်း ၉ သန်းကျော်ရှိပြီး မြေလွတ်၊ မြေလပ်အဖြစ် မြေဧက ၃ သန်း ၈ သိန်းကျော်ရှိကြောင်း သိရသည်။ လက်ရှိအချိန်ထိ အသုံးပြုခွင့်လျှောက်ထားသည့် မြေဧကမှာ ၁ သိန်း ၄ သောင်းကျော်သာ ရှိကြောင်းလည်း သိရသည်။
အချိန်ကာလသတ်မှတ်ချက်
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ၏ ပြဿနာမှာ ၆ လ အချိန်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ကျေးလက်နေ ပြည်သူများအနေဖြင့် သိရှိရန် မလွယ်ကူကြောင်း ဦးကျော်ထွီးက ပြောသည်။
“ဒီသတင်းအချက်အလက်ကို ကျေးရွာတွေ၊ တောတောင်တွေမှာရှိနေတဲ့ ပြည်သူတွေက ဘာမှသိသေးတာ မဟုတ်ဘူး။ အခု ရက်ကလည်းကုန်တော့မယ်” ဟု ၎င်းကဆိုသည်။
သက်ဆိုင်ရာ ပြည်နယ်အစိုးရ တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ ပြည်သူများအပေါ်တွင် အဆိုပါဥပဒေနှင့် ပတ်သက်၍ အသိပေးရမည်ဟုလည်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးကျော်ဇံက ပြောသည်။
“၆ လအတွင်းမှာ ဒီလိုတွေ လုပ်စရာရှိတယ်။ ဥပဒေထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဆင့်အထိ အသိပေးမှုတွေ လုပ်ရမယ်။ လက်ရှိ အနေအထားအထိ ဒီအခင်းအကျင်းမျိုး ဘယ်လိုမှ ကျနော်တို့မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။
ဥပဒေ၏ ပြစ်ဒဏ်
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ကိုင်ခွင့်လျှောက်ထားခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်နေသူများအား အပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၂)နှစ် ဖြစ်စေ၊ ငွေဒဏ် ကျပ်(၅)သိန်းအထိဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ထိုဥပဒေတွင် ဖော်ပြထားသည်။
“မလျှောက်ထားတော့ အလိုလိုနေရင်း တရားခံဖြစ်ပြီ။ ဒီမြေက အထောက်အထားရှိလားပြ၊ မရှိတော့ ဒီလူက မြေလွတ်၊ မြေရိုင်းဥပဒေအရ အရေးယူ ခံရတော့မယ်။ အရေးယူခံရမယ်ဆိုတော့ လယ်ယာမြေဥပဒေလို မဟုတ်ဘူး။ မြေလွတ်၊ မြေရိုင်းကျတော့ ထောင်ဒဏ်ပါတယ်။ အဲ့လိုကျတော့ ပိုပြီးဆိုးသွားပြီ” ဟု ဦးကျော်ထွီးက ပြောသည်။
မှတ်ပုံမတင်ဘဲ လုပ်ကိုင်နေသူများမှာ ရာဇဝတ်မှုကို ကျူးလွန်သူအဖြစ် အကျုံးဝင်သွားပြီး ၎င်းဥပဒေ၏ ပြစ်ဒဏ်မှာလည်း ပြင်းထန်လွန်းသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးကျော်ဇံက ဆိုသည်။
“ မြေလွတ်၊ မြေရိုင်းဥပဒေ မှာပါဝင်တဲ့ ပြစ်ဒဏ်ကလည်း တကယ် တမ်းဆိုရင် ကြံစည်တဲ့ပြစ်ဒဏ်မျိုး ဖြစ် နေတယ်ဗျာ” ဟု ၎င်းကဆိုသည်။
ယခုဥပဒေသည် တိုင်းရင်းသားဒေသများကိုအခြေခံသည့် ဓလေ့ထုံးတမ်း (Castamery Law)အား မျက်ကွယ်ပြုရာ ရောက်နေပြီး အသုံးပြုခွင့် ပုံစံ(၇)လျှောက်ထားရန် မသိသေး၊ နားမလည်သေး၊ သိလျှင်လည်း အဆင်သင့် မဖြစ်သေးသော ပြည်သူများအတွက် စိုးရိမ်စရာကောင်းသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ပြည်သူများသို့ အသိပညာပေးမှု
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအား အတည်ပြုပြဋ္ဌာန်းထားရာတွင် မြေအသုံးပြုခွင့် လျှောက်ထားရန် ၆ လ အချိန်ပေးထားသော်လည်း တိုင်းရင်းသားဒေသများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းအချက်အလက်ပေးမှု မရှိသည့်အတွက် ဝေးလံသည့်နေရာများတွင် နေထိုင်သူများ မသိရှိနိုင်ကြောင်း ဦးကျော်ထွီးက ဆိုသည်။
“ပြည်သူက ဒီဥပဒေကို မသိဘူး၊ မတတ်ဘူးဆိုပေမဲ့ ဥပဒေသဘောအရ ငါမသိဘူး ဒီဥပဒေကို ဆိုပြီးငြင်းလို့ မရဘူး။ အဲ့တော့ မြေလွတ်၊ မြေရိုင်းဥပဒေအရ အချိန်မရွေး အစိုးရကနေပြီးတော့ အရေးယူ ဆောင်ရွက်လို့ရတဲ့ အခြေအနေဖြစ်သွားတယ်။ ပိုင်ဆိုင်မှုကို ဥပဒေကြောင်းအရ မလုပ်ထားတော့ သူကအလိုလိုနေရင်း အချိန်းမရွေး မြေသိမ်းခံရနိုင်တယ်။ သူငြင်းပယ်မယ်၊ ဆန့်ကျင်နေမယ်ဆိုရင် ထောင်ထဲကို အချိန်မရွေး ရောက်သွားနိုင်တယ်” ဟု ၎င်းက ပြော သည်။
တိုင်းရင်းသားဒေသများတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိဟု ယုံကြည်ချက်အမြင်ရှိကြပြီး ထိုအသံကို လွှတ်တော်၊ အစိုးရတို့က ကြားသော်လည်း ဆက်လက် မျက်ကွက်ပြုနေသည့် သဘောရှိကြောင်း ဦးကျော်ဇံက ပြောသည်။
“ ၃ သန်းကျော်ရှိတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကို ၆ လအတွင်းမှာ မှတ်ပုံတင်ရမယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ မြေပြင်အနေအထားအရပေါ့နော်” ဟု ၎င်းကဆိုသည်။
၂၀၁၂ ခုနှစ်မှ ယခု၂၀၁၈ ခု နှစ်အထိ မြေနှင့်ပတ်သက်သည့် ဥပဒေ ၁၁ ခုခန့် ထုတ်ပြန်ထားရာတွင် ဒေသခံ အောက်ခြေလူတန်းစား တောင်သူလယ်သမားများနှင့် ဆက်စပ်နေသည့် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ မြေသိမ်းဥပဒေများရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ ဒီဥပဒေဟာ မြေသိမ်းဥပဒေနဲ့ ချိတ်ဆက်နေတဲ့အတွက်ကြောင့် ဒီဥပဒေရဲ့အခန်းကဏ္ဍ၊ နောက်ဆက်တွဲဟာ မြေ သိမ်းဖို့အတွက်များ အဆင်သင့်ဖြစ်နေမလား။ အဲဒါက ကျနော်တို့ စိုးရိမ်ချက်ပေါ့” ဟု ဦးကျော်ဇံကဆိုသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ပြင်ဆင်တာလိုက်တာက ဘယ်သူတွေ အတွက်လဲ
မြေများတွင် လုပ်စား၍ရသည့် မြေ၊ မရသည့်မြေများကို ကြည့်ရမည် ဖြစ်ပြီး လုပ်ကိုင်စားသောက်နေသူ ရှိ၊ မရှိကိုလည်း ကြည့်ရမည်ဖြစ်ကြောင်း၊ ယခုမြေလွတ်၊ မြေရိုင်းဥပဒေတွင် ထိုသို့သောပြဋ္ဌာန်းချက်များ အားနည်းခြင်းကြောင့် စိုက်ပျိုးလုပ်ကိုင် စားသောက်နေသူများ အခွင့်အလမ်း ဆုံးရှုံးသွားသည်ဟု ဦးကျော်ထွီးက ပြောသည်။
“ဒီဥပဒေသည် ငွေရှင်ကြေးရှင်တွေ၊ စီးပွားရေးသမားတွေအတွက် အခွင့်အရေးတွေ ဖြစ်တယ်ပေါ့။ ဒီဥပဒေကြီးပေါ်လာတော့ ကျနော့်ကို တစ်ချို့ရွာက လူတွေကနေပြီး မေးတယ်။ ကျေးရွာမှာ မြေလွတ်၊ မြေရိုင်းတွေ အများကြီးပဲ။ ဥပဒေအရ သူတို့မလျှောက်ဘူး ဆိုလို့ရှိရင် ကျနော်တို့လျှောက်လို့ ရတယ်ပေါ့နော်တဲ့။ ဒါကိုလျှောက်တယ် ဆိုလို့ရှိရင် နဂိုမူလ လုပ်စားနေတဲ့သူနဲ့ ပြဿနာတက်မှာပေါ့။ တကယ်တော့ မြေလွတ်၊ မြေရိုင်းဥပေဒက ဒါမျိုးပြဿနာကို ဖန်တီးဖို့အတွက် ဖြစ်လာတဲ့ သဘောမျိုးလို့ သွားမြင်တာပေါ့” ဟု ၎င်းကဆိုသည်။
အစိုးရက ယခုထုတ်ပြန်လိုက်သည့် ဥပဒေသည် ပြည်သူ၏ အခန်းကဏ္ဍကို မျက်ကွယ်ပြုရာရောက်ကြောင်း လယ်ယာမြေအရေး ဆောင်ရွက်နေသူများက ဝေဖန်ကြသည်။
“ဥပဒေဆိုတာက ပြည်သူရဲ့ အကျိုးစီးပွားကို အခြေခံပြီးတော့ ထုတ်ပြန်ရတဲ့ သဘောရှိတယ်လို့ နားလည်တယ်။ တကယ်တန်းကျတော့ ဒီဥပဒေရဲ့ အကျိုးဆက်က ပြည်သူရဲ့အခန်းကဏ္ဍကို မျက်ကွယ်ပြုရာ ရောက်နေတယ်” ဟု ဦးကျော်ဇံက ပြောသည်။
ယခုဥပဒေအတိုင်း ဆက်လက်သွားနေမည်ဆိုပါက ဓလေ့ထုံးတမ်းများနှင့် ပိုင်ဆိုင်လာ၍ အသုံးပြုခွင့် မလျှောက်ထားဘဲ လုပ်ကိုင်စားသောက်နေသူများအတွက် အန္တရာယ်များသည်ဟုလည်း ၎င်းကဆိုသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၈)နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၃၄၆ ဖွဲ့မှ စုပေါင်း သဘောထားပြန်ထားကြသည်။
အဆိုပါဥပဒေတွင် တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း မြေယာအသုံးချမှုများကို အသိအမှတ်ပြုသယောင်ဖြင့် အကောင်အထည်ဖော်ရန် သတ်မှတ်ချက်၊ ပြဋ္ဌာန်းချက်များ မရှိသေးသည့်အတွက် တိုင်းရင်းသားပြည်သူများ၏ မြေယာပိုင်ဆိုင်မှုကို တစ်ဖက်လှည့်ဖြင့် ဆုံးရှုံးစေသည့် ဥပဒေဖြစ်ကြောင်း ဆိုထားသည်။
ယင်းအပြင် ယခုဥပဒေသည် ဖွံ့ဖြိုးရေးအမည်ခံ ရင်းနှီးမြုပ်နှံမှုများအတွက် မြေယာဈေးကွက်ဖန်တီးရန် ဦးစားပေးထားသည့် မှားယွင်းသော ဥပဒေဖြစ်ကြောင်း၊ သန်းပေါင်းများစွာသော တိုင်းရင်းသား ပြည်သူများအား မြေယာမဲ့ ရာဇဝတ်သားဘဝသို့ ရောက်ရှိစေပြီး လူမှုဘ၀ ဖြစ်တည်မှုတစ်ခုလုံး ဆုံးရှုံးပျောက်ကွယ်စေမည်ဟုလည်း ဆိုထားသည်။
“တောတောင်တွေမှာ လုပ်ကိုင်နေတဲ့ ရွာသူ၊ ရွာသားတွေအားလုံးက အလိုလိုနေရင်း တရားခံဖြစ်သွားမယ်ပေါ့” ဟု ဦးကျော်ထွီးက တောင်သူဦးကြီးများအတွက် စိတ်မချမ်းမြေ့စွာ ပြောသည်။
နေဝင်းစံ
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။
ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၀) တွင်လည်း ဖတ်ရှုနိုင်သည်။