ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဌ မန်းအောင်ပြည်စိုးနှင့် တွေ့ဆုံခြင်း

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဌ မန်းအောင်ပြည်စိုးနှင့် တွေ့ဆုံခြင်း

ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၃ပါတီ ပူးပေါင်းဖွဲ့စည်းထားသော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP နှင့် ကချင်နိုင်ငံရေးပါတီများ၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာလ ၂ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့ သည်။

အဆိုပါတွေ့ဆုံမှု၏ အကြောင်းအရာများနှင့်အတူ လက်ရှိ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲ၊ လာမည့်ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်များကို KNDP ဥက္ကဌ မန်းအောင်ပြည်စိုးအား ကေအိုင်စီ-ကရင်သတင်းဌာနမှ သီးသန့်တွေ့ဆုံ မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

ကေအိုင်စီ ။ ။ ပထမဦးဆုံးအနေနဲ့ ကချင်ပါတီတွေနဲ့ ဆရာတို့ သွားရောက်တွေ့ဆုံဖြစ်ခဲ့ပုံလေးကို သိချင်ပါတယ်။

ကချင်က CSO (အရပ်ဖက်လူမှုအဖွဲ့အစည်း)တစ်ခုဖြစ်တဲ့ Vision 2020 ဆိုတဲ့ Foundation ရဲ့ တာဝန်ခံတစ်ဦးက အန်ကယ်တို့ကို ဖုန်းဆက်တယ်။ ကရင်ပါတီတွေရဲ့ ပေါင်းစည်းတဲ့အခြေအနေ၊ ပေါင်းဖြစ်တဲ့အနေအထား၊ အားသာချက်၊ အား နည်းချက်၊ စိန်ခေါ်ချက်နဲ့ အောင်မြင်မှုတွေကိုသိချင်လို့ မြစ်ကြီးနားကို ဖိတ်ခေါ်မှုကြောင့်ပဲ ကချင်ပါတီတွေနဲ့ သွားရောက်တွေ့ဆုံ ပြီး အမြင်ဖလှယ် ဆွေးနွေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

KNDP ဖက်က အန်ကယ်နဲ့ အတွင်းရေးမှူး(၁) စောမြင့်ထွေးတို့ပါဝင်ပြီးတော့ ကချင်က ၄ပါတီပေါင်းထားတဲ့ KSP၊ နောက်ပြီး ကချင်အမျိုးသားကွန်ကရက်(KNC)၊ လီဆူးပါတီ၊ လော်ဝေါ်ပါတီအပြင် ကချင် CSO တွေဖြစ်တဲ့ Vision 2020၊ TAT လို့ခေါ်တဲ့ နည်းပညာကျွမ်းကျင်မှု အကူအညီပေးရေးအဖွဲ့အပါအဝင် စုစုပေါင်း အယောက် ၃၀ကျော် တွေ့ဆုံခဲ့ပါတယ်။

ကေအိုင်စီ ။ ။ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ။

သူတို့က ကချင်ပါတီတွေရဲ့ လက်ရှိအခြေအနေတွေကို ရှင်းပြတယ်။ ကျနော်တို့ကလည်း ကရင်ပါတီတွေ ပေါင်းစည်း ဖြစ်ခဲ့တဲ့ အနေအထားတွေ၊ အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်ချက်တွေကို ရှင်းပြတယ်။ ဒါပေမယ့် သူတို့ဖက်က အတုယူ စရာကောင်းတာက CSO တွေဟာ ကချင်ပါတီတွေကို အများကြီး ကူညီကြတယ်။ တို့ကရင် CSO တွေကတော့ ကရင်ပါတီတွေ ကို အကူအညီပေးခဲ့တာတော့ မရှိသေးဘူးပေါ့လေ။ ၂၀၁၅ ရွေးကောက်ပွဲမှာ CSO တွေက NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အနိုင်ရရှိရေးအတွက် အများကြီး အထောက်အကူပေးခဲ့တယ်လို့ကြားတယ်။ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့နော်။

တိုင်းရင်းသားပါတီတွေ လူမျိုးအလိုက် အားလုံးစုပေါင်းပြီးပြီဆိုရင် တစ်ချက်ဆုံကြမယ်။ အဲဒါအရေးကြီးဆုံးပဲ။ ဘာလို့ လဲဆိုတော့ တိုင်းရင်းသားတွေက ပြည်ထောင်စုလွှတ်တော်ရောက်လို့ သူက အသံတစ်မျိုး၊ ကိုယ်က အသံတစ်မျိုးဆိုရင် မဖြစ် ဘူး။ နောက်ပြီး အခုကတည်းက ပါတီကြီးတွေက တိုင်းရင်းသားပါတီတွေကို ချဉ်းကပ်လိမ့်မယ်။ ချဉ်းကပ်လာလို့ရှိရင် ဘယ်လို ဖြေပေးမလဲဆိုတာ တိုင်ပင်အုံးမယ်။ လောလောဆယ် အဖြေမပေးသေးဘူး။ ဒါမှ တိုင်းရင်းသားတွေ တစ်သံတည်းထွက်မယ်။

ကေအိုင်စီ။ ။ ဆရာတို့အနေနဲ့ကရော ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားမှုတွေ ရှိနေပြီလဲ။

ကရင်အမျိုးသားရေးကို အခြေခံတဲ့ပါတီဆိုတော့ ကရင်အမျိုးသားရေးကို အဓိက ပြောရမှာပေါ့။ ၂၀၁၈ခုနှစ်အတွင်းမှာ ပါတီအင်အားခိုင်မာတောင့်တင်းရေးကို လုပ်နေမယ်။ ၂၀၁၉ မှာ မဟာဗျူဟာချမှတ်ပြီးတော့ ၂၀၂၀ မှာ ရွေးကောက်ပွဲအတွက် လုပ်လိမ့်မယ်။ ဓနအင်အားရှိလာဖို့အတွက် ကရင်စီးပွားရေးလုပ်ငန်းရှင်၊ အဖွဲ့အစည်းကြီးတွေဆီက တာဝန်ရှိတဲ့ ကိုယ့်လူတွေဆီ ကလည်း တတ်နိုင်သလောက် Run လုပ်နေတာပေါ့။ ပြည်ခိုင်ဖြိုး၊ NLD တို့လောက် မတတ်နိုင်ရင်တောင် တစ်ခုခုပေါ့။ တတ်နိုင် သလောက်လုပ်မယ်။

နောက်တစ်ခုက ကရင် CSO တွေကို ကြုံရင်ကြုံသလို အကူအညီတောင်းတော့မယ်။ နည်းမျိုးစုံနဲ့ ဥပဒေဘောင်အ တွင်းက တောင်းမှာပါ။ ငွေကြေးနဲ့မဟုတ်ရင်တောင် တခြားနည်းလမ်းနဲ့ ကူညီတာတွေလည်း အများကြီး လုပ်လို့ရပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အကူအညီကိုတောင်းမယ်။ သို့ပေမယ့်လည်း ခဲမှန်ဖူးတဲ့ စာသူငယ်လို သတိတော့ ထား ရမယ်ပေါ့လေ။ သူများတွေက ကူညီမယ်ဆိုပြီး ကိုယ့်ဖက်က ဘာမှမလုပ်ဘဲနဲ့ ထိုင်နေမယ်ဆိုလည်း မဖြစ်ဘူးပေါ့လေ။ ဒီအနေ အထားအားလုံးကိုလည်း ကရင်ပြည်သူလူထုအားလုံးက နားလည်သဘောပေါက်ဖို့ အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့်လိုက်ပြီး ဟောပြောမယ်။ အဲလို စဉ်းလည်းစဉ်းစားသလို တတ်နိုင်သလောက်လည်း လုပ်နေပါပြီ။

ကေအိုင်စီ။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘာကြောင့် ကရင်ပါတီတွေ ရှုံးနိမ့်ခဲ့တာလဲဆိုတာ ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

၂၀၁၅ မတိုင်ခင်တုန်းက အန်ကယ်က မိန်းမကြီးတစ်ယောက်ကို မေးတယ်။ တို့ပါတီကို မဲမပေးဘူးလားလို့။ အဲ့မိန်းမ ကြီးက ဘာပြန်ဖြေလဲဆိုတော့ မောင်ကျော်တို့ပါတီက ဘာအပြောင်းအလဲလုပ်ပေးနိုင်မလဲတဲ့။ ဆိုတော့ အားလုံးနားလည်ထား က NLD က အပြောင်းအလဲလုပ်ပေးနိုင်မယ်။ ကျန်တဲ့ပါတီက မလုပ်ပေးနိုင်ဘူး။ အထူးသဖြင့် စစ်တပ်ကို NLD ပဲ ကိုင်နိုင်မယ် လို့ ယူဆထားကြတယ်။ တို့ကရင်တွေ အပါအဝင်ပေါ့ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပါလို့ ပြောခဲ့တယ်လို့ သိရတယ်။ NLD မှ တကယ်အလုပ်လုပ်နိုင်မယ်ဆိုတဲ့ ပါတီစွဲကြောင့်က တစ်ချက်။

နောက်တစ်ချက်က အန်ကယ်တို့ ကရင်ပါတီက ဓနအင်အား မတောင့်တင်းဘူး။ ပြည်ခိုင်ဖြိုးက အင်္ကျီ၊ လုံချည်ပေးပြီး စည်းရုံးတဲ့အချိန်မှာ တို့က လက်ချည်းဗလာပဲ။ တို့ရဲ့စည်းရုံးရေးက အမျိုးသားရေးပဲ။ ကရင်ကိုချစ်ရင် ကရင်ပါတီကို မဲပေးပါလို့ အစရှိသဖြင့် စည်းရုံးခဲ့တယ်။ ကရင်အမျိုးသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်မရှိလို့၊ နားလည်သဘောပေါက်မှု အားနည်းလို့လည်း ပါချင်ပါမှာပေါ့လေ။ စည်းရုံးတဲ့အချိန်ကလည်း ၁လလောက်ပဲရတဲ့အတွက် အချိန်နည်းတယ်။ နောက်တစ်ချက်ကတော့ ရွေး ကောက်ပွဲ ကပ်ခါနီးမှ အမျိုးသားတိုးတက်ရေးပါတီဆိုတာ ဝင်လာတယ်။ ရွေးလိုက်တဲ့ကိုယ်စားလှယ်တွေကလည်း ကရင်တွေ ချည်းပဲ။ နောက်ပြီး (ကရင်ပါတီတွေများတော့) ဟို ဖားစည်ကို မဲပေးရမလို၊ ကျွဲချိုကို ပေးရမလို၊ ဖားစည်ပေးလိုက်၊ ကျွဲချိုပေး လိုက် အဲဒီအပိုင်းလည်း ပါမှာပေါ့။ ဒါပေမယ့် အဓိကအကျဆုံးက ဒေါ်အောင်ဆန်းစုကြည်တို့ပါတီက ပြောင်းလဲပေးနိုင်မယ် ဆိုတဲ့အတွေး ဝင်သွားလို့ပဲလို့ ထင်ပါတယ်။

ကေအိုင်စီ။ ။ ကရင်လက်နက်ကိုင်အဖွဲ့တွေကရော ဒီလိုကရင်ပါတီတွေအပေါ် သူတို့သဘောထား ဘယ်လိုရှိခဲ့ပါလဲ။

၂၀၁၅တုန်းက KNU-ကရင်အမျိုးသားအစည်းအရုံးက ကရင်ပါတီတွေကို အကူအညီပေးမယ်လို့ ကနဦးပြောခဲ့ပေမယ့် တကယ့်နီးလာတဲ့အခါမှာ ကရင်ပါတီတွေကို မကူညီတော့ဘဲနဲ့ NLD ကို ကူညီတယ်လို့ သိလိုက်ရတယ်။ ဒါက ပွင့်ပွင့်လင်းလင်း ပေါ့။ ဒီတစ်ခေါက်ကျတော့ KNU က NLD ရဲ့လုပ်ရပ်ကို မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ Change (ပြောင်းလဲချိန်တန်ပြီ) ဆို တဲ့ NLD ရဲ့ ကတိစကားအရ ဘာပြုပြင်ပြောင်းလဲမှုမှ မရှိဘူးဆိုတာကို အားမလိုအားမရတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါကြောင့် KNU ရဲ့ (၁၆)ကြိမ်မြောက် ကွန်ဂရက်မှာ ဒီတစ်ခေါက် ကရင်ပါတီတွေကို ကူညီတော့မယ်။ အစည်းအဝေးတစ်ခုမှာ ပဒိုစောလှ ထွန်းကလည်း ကရင်ပါတီတွေကို ကူညီဖို့ KNU က အစီအမံတွေ ချထားတယ်လို့ပြောတာကို အန်ကယ်တို့ နားနဲ့ဆတ်ဆတ် ကြားခဲ့ပါတယ်။

ကေအိုင်စီ။ ။ KNDP အနေနဲ့ လာမယ့် ရွေးကောက်ပွဲတွေအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်လောင်းမျိုးကို ရွေး ချယ်ဖို့ရှိလဲ။

အန်ကယ်တို့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးလုပ်ပြီးပြီ။ အဲ့အစည်းအဝေးကနေ ဘာတစ်ခု ချမှတ်လိုက်လဲ ဆိုတော့ KNDP လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပညာအရည်အချင်း အထိုက်အလျောက် ရှိရမယ်။ စိတ်ပါလက်ပါ ကိုယ်ထိ လက်ရောက် အလုပ်လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ လူဖြစ်ရမယ်။ ပြည်သူလူထုရဲ့ ကြည်ညိုလေးစားမှု၊ ဆက်ဆံရေးကောင်းမှု၊ အကျင့်စာရိတ္တကောင်းမွန်မှု ရှိရမယ်။ အသက်မကြီးလွန်း၊ မငယ်လွန်းတဲ့လူတွေကို ရှာရမယ်ဆိုပြီး ပါပါတယ်။

ကေအိုင်စီ။ ။ ၂၀၂၀ (ရွေးကောက်ပွဲ) အတွက် ဘယ်လိုမျိုးမျှော်မှန်းထားလဲ။

ကိုယ့်ပြည်နယ်မှာ အများဆုံးအနိုင်ရအောင်လုပ်မယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း ရောက်သွားအောင် ကြိုးစား မယ်ဆိုတဲ့ အစီအမံလေးကတော့ ထည့်ထားပါတယ်လို့။ နောက်တစ်ခုက ဒီတစ်ကြိမ်တော့ တိုင်းရင်းသားတွေရဲ့အလှည့်ပဲလို့ မျှော်လင့်ပြီး ပြောနေဆိုနေကြတဲ့လူတွေလည်း ရှိတယ်။ ဒါပေမယ့် အန်ကယ်ကတော့ အဲလို ယတိပြတ်ကြီး မယုံချင်သေးဘူး။ အဲလိုယုံပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့က ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုလည်း အများကြီးလိုတယ်။ ဒီတခါတော့ NLD သွား ပြီဆိုပြီး ပြောလို့မရဘူး။ ပေါ့ပေါ့သေးသေးမှ မဟုတ်ဘဲ။ ပြည်ခိုင်ဖြိုးလည်း ရှိသေးတယ်။ ပြောရမယ်ဆိုရင် ပါတီကြီးတစ်ခုက လည်း အန်ကယ်တို့ကို လာရောက်ချဉ်းကပ်တာမျိုးတွေတော့ ရှိနေပါပြီ။ အဓိကကတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ပြည့်ဝဖို့ဆိုရင် ကရင်လူထုတွေကို နည်းမျိုးစုံနဲ့ စည်းရုံးလှုံ့ဆော်နိုင်ဖို့လိုပါတယ်။ ကရင်ပါတီဝင်တွေရော၊ ပါတီခေါင်းဆောင်တွေရော၊ လွှတ် တော်ကိုယ်စားလှယ်လုပ်မယ့်လူတွေရောက အကျင့်စာရိတ္တ ကောင်းမွန်စွာနဲ့ ပြည်သူလူထုတွေကို ဆက်ဆံပေါင်းသင်းနိုင်ဖို့ လို အပ်ပါတယ်လို့ အကြံဉာဏ်ပေးချင်ပါတယ်။

ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP)၊ စည်းလုံးညီညွတ်သောကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းဖွဲ့စည်းလိုက်သည့် KNDP ပါတီသည် မှတ်ပုံတင်အမှတ် ၁၀၈ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉နှင့်အညီ နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၈၊ ဖေဖော်ဝါရီ ၂၂ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(Karen National Democratic Party-KNDP)နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(Plone Swor Democratic Party-PSDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ (Kayin People Party-KPP)နှင့် ကရင်အမျိုးသားပါတီ(Karen National Party-KNP)ဟူ၍ ကရင်နိုင်ငံရေးပါတီ စုစုပေါင်း ၄ပါ တီ ရှိသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...