မြန်မာစစ်အစိုးရ အသွင်ကူးပြောင်းရေးကာလသည် အခြားအခြားသောစစ်အစိုးရ အသွင်ကူးပြောင်းရေးများကဲ့ သို့ပင် စရိုက်လက္ခဏာအမျိုးမျိုးရော ပြွမ်းလျှက်ရှိသည် စံတော်ဝင်ကုထုံး လေ့လာချက်များအရ စစ်အာဏာရှင် များသည် ပြည်တွင်းဂိုဏ်းဂဏစုဖွဲ့မှုနှင့် ပြင်ပတော်လှန်ရေးများကို အလျှော့ပေးခြင်းမရှိဘဲနှင့် နိုင်ငံရေးတွင် တိုက်ရိုက်ပါဝင် ထိမ်းချုပ်မှုမှ ဆုတ်ပေးတတ်ကြသည်။ သို့သော် သူတို့ဝင်ရောက်စွက်ဖက်ရန် တွန်းအားဖြစ်စေခဲ့ သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြဿနာများကို ပိုင်ပိုင်နိုင်နိုင်ကိုင်ကွယ်နိုင်ပြီးဟု ယုံကြည်မှုရှိပါမှဖြစ်ပြီး ဆက်ခံမည့်အစိုးရသည် သူတို့၏စိတ်ကြိုက်အစီအစဉ်များနှင့် အကျိုးစီးပွားများကို ထိမ်းသိမ်းစောင့်ရှောက် ကာကွယ်ပေးနိုင်ရလိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံ စစ်တပ်နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုတွင် အရပ်သားအစိုးရများ ကြုံတွေ့နေရသော ဗဟိုနှင့် နယ်စပ်အစွန်းအဖျားပြဿနာ၊ လူမျိုးစု ခွဲထွက်ရေးဝါဒအပေါ် မနိုင်မနင်းဖြစ်နေမှုတို့ကို အကြောင်းပြုရန် ၎င်းတို့၏ခံယူထားရှိသည့်သဘောထားက တွန်းအားဖြစ်လာခဲ့သည်။ (၁၉၈၈) ခုနှစ် စစ်တပ်အာဏာသိမ်းမှု အပြီးဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ်ရေးဆွဲရန် စီစဉ်ခဲ့ရာ ၎င်းတွင် နိုင်ငံရေးပြိုင်ဆိုင်မှုကြောင့် တည်ငြိမ်မှုပျက်ပြားခြင်း အနိမ့်ဆုံးအဆင့်ဖြစ်စေရန်နှင့် ဗဟိုကို အဆက်ဖြတ်လိုသောအင်အားစုများကို ကန့်သတ်ဟန့်တားထားရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ထို “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” အစီအစဉ်မှာ (၁၉၉၀) နှစ်များအတွင်း အတိုက်အခံအဖွဲ့အစည်းများကြောင့် အကြိမ်ကြိမ်ပျက်ပြားခဲ့ရသည်။
နောက်ပိုင်း၌ ပထဝီနိုင်ငံရေး၊ စီးပွားရေးတည်ဆောက်ပုံ အပြောင်းအလဲများ ဖြစ်ပွားလာခဲ့ရာ (ပြည်တွင်း၌ လည်း) စီးပွားရေးဆိုင်ရာ အပြောင်းအလဲများ လုပ်ခဲ့ရသည်။ ငြိမ်/ပိအစိုးရ (SPDC) ၏ အကြပ်ကိုင်စည်းရုံးမှုနှင့် အတူ အင်အားစုများ အကြိုက်ဟန်ချက်ညီမှု အစပျိုးလာသည်။ အတိုက်အခံဒီမိုကရေစီအင်အားစု ထပ်မံဖိနှိပ် ခံလာရပြီး “အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ် (Ceasefire Capitalism) ဖြစ်ထွန်းလာသည်။ တချိန်တည်း၌ ခြိမ်းခြောက်မှုဖြစ်နေသော ဗဟိုနှင့် မဆက်ဆံရေးအန္တရာယ်ကို လျှော့ချနိုင်ခဲ့သည်။ စစ်တပ်က ဝင်ရောက်စွက် ဖက်မှုကို တွန်းအားပေးခဲ့သော တချိန်ကစိန်ခေါ်မှုများကို မှေးမှိန်သွားစေပြီး အစိုးရ၏အစီအစဉ်များကို ထိထိ ရောက်ရောက်ခုခံဆန့်ကျင်မှုအား လျှော့ချနိုင်ခဲ့သဖြင့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” အတွက် “လမ်းပြမြေပုံ” ကိုပင် ရေးဆွဲနိုင်ခဲ့သည်။
ထိုနိုင်ငံရေးသြဇာပါဝါအရွေ့သည် အစိုးရအား လစ်ဘရယ်အပြောင်းအလဲဖေါ်ဆောင်ရန် လုံလောက်သော်လည်း ဗဟိုနှင့် အစွန်းအဖျားပဋိပက္ခအား ပြေလည်အဆုံးသတ်သွားစေသည်ဟူ၍ အဓိပ္ပါယ်မသက်ရောက်ပါ။ အစိုးရ၏ နယ်မြေဒေသ အလှမ်းမှီမှုနှင့် အာဏာစက် သက်ရောက်မှုသည် ကခင်ကထက် ကြီးမားကျယ်ဝန်းလာသည်မှာ အမှန်ပင်ဖြစ်သည်။ လူမျိုးစုများသည် နိုင်ငံတော်နှင့် ခပ်ခွါခွါနေရေးထက် အခြားအနာဂတ်ကို ရှာဖွေလာကြသည်။ ဤရလာဒ်များကို စွမ်းဆောင်နိုင်ခဲ့သော သေနင်္ဂဗျူဟာများသည် မဟာမိတ်အချို့နှင့် တန်ဘိုးရှိသော သက်ရောက်မှုအနည်းငယ်ကို ရရှိခဲ့သည်။ သို့သော်ငြားလည်း အာဏာစက်သုံးမှုနှင့် အခွင့်ထူးခံအထက်လွှာ ပူးပေါင်းပါဝင်မှုတို့ဖြင့် ရရှိခဲ့သော သဘောတူညီချက်များ၏ သဘာဝအတိုင်း (၂၀၀၈) အခြေခံဥပဒေတွင် များစွာသော မကျေနပ်ချက်၊ နစ်နာချက်ကြီးများကိုတို့ ထိကိုင်တွယ်ရန် ပျက်ကွက်ခဲ့သည့်အပြင် မျှော်မှန်းထားသလို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အာမခံနိုင်စွမ်း မရှိခဲ့ပါ။
ဒီမိုကရေစီအင်အားစုများ၏ တောင်းဆိုချက်များကို ဖြေသိမ့်နိုင်စွမ်းမရှိခဲ့ပါ။ လူမျိုးစုများ နယ်စပ်ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုအခွင့်အရေးများနှင့် သံယံဇာတအခွန်ငွေ ဝေစုပိုပိုရယူလိုမှု စသော ဆန္ဒလိုအင်များကိုလည်း ကိုင်တွယ်နိုင်စွမ်း မရှိခဲ့ပါ။ ဆန့်ကျင်ဘက်အားဖြင့် တပ်မတော်၏ ရက်စက်ကြမ်းကြုတ်မှု၊ အဓမ္မပြောင်းရွှေ့နေရာချထားမှုနှင့် ပမာဏကြီးသော အထူးရင်းနှီးမြုုပ်နှံမှုများ ပေါ်ပေါက်လာသည်။ လူမျိုးစုခေါင်းဆောင်များက သူတို့၏တုန့်ပြန်ခုခံနိုင်စွမ်းကို ကြားချပြီး အခြေခံအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းကိစ္စမှာ လူမျိုးစု ပြည်သူများအကြား မခံမရပ်နိုင်မှု၊ မကျေနပ်မှုတို့ ကို လောင်စာဆီဖြည့်သလို ဖြစ်သွားသည်။
ငြိမ်/ ပိအစိုးရ၏ အောင်မြင်မှု အကန့်အသတ်များသည် အသွင်ကူးပြောင်းရေးကာလအတွင်း အထင်အရှားပေါ်လွင်နေသည်။ (၂၀၀၉) ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးလုပ်မည့် အဖွဲ့အစည်းများကို ရွှေးကောက်ပွဲဝင်ရေးအတွက် တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းကြရန် ကြိုတင်စည်းကမ်းအနေဖြင့် အစိုးရက ချမှတ်အကြပ်ကိုင်ခဲ့သည်။ ယခင်အစိုးရလက်ထက်ကမူ ပေါင်းစည်းအဖွဲ့များအား နောက်ပိုင်းမှ စဉ်းစားရန် သဘောတူညီချက် ပေးခဲ့ကြသည်။ မခံမရပ်နိုင်မှုဖြင့် ကျယ်ကျယ်လောင်လောင် တုန့်ပြန်မှုရှိသော်လည်း အဖွဲ့အစည်းများစွာ လိုက်လျောလက်ခံသွားသည်။ သို့ရာတွင် ငြင်းပယ်သော အဖဲ့ွအစည်းများလည်း အရေအတွက်မနည်းလှဘဲ အပစ်အခတ်ရပ်စဲရေး ပျက်ပြားမှုလည်း များပြားခဲ့သည်။
တပ်မတော်က အားနည်းသော လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များကို အလျင်အမြန်ရှင်းလင်း နေရာချနိုင်သော်လည်း ပိုအားကောင်းသော ဝ – တပ်ဖွဲ့ (UWSA)၊ ကချင် (KIO) တပ်ဖွဲ့တို့နှင့်မူ ထိမ်းချုပ်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ အခြေအနေမှာ ပြီးခဲ့သော ဆယ်စုနှစ်များနှင့်မတူဘဲ ဒေသအပိုင်းအခြားအလိုက် ပဋိပက္ခများ ရှိနေကြဆဲဖြစ်သည်။
သို့သော်လည်း ဗဟိုအစိုးရအားလည်း မခြိမ်းခြောက်နိုင်၊ လမ်းပြမြေပုံကိုလည်း ချိုးဖျက်နိုင်စွမ်းမရှိသည့် ဟိုမရောက်ဒီမရောက် အနေအထားဖြစ်သည်။ သို့ဖြစ်၍ (၂၀၀၈) ခုနှစ် လူထုဆန္ဒခံယူပွဲနှင့် (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲအကြား နှောင့်နှေးမှုသည် အထင်အရှားဖြစ်လာခဲ့ပြီး အစိုးရ၏ အာဏာစက်သက်ရောက်မှု အကန့်အသတ်ကို အသေအချာမဖေါ်ပြနိုင်ဖြစ် ခဲ့ရသည်။ ထို့ပြင် ကချင် (KIO) အဖွဲ့သည် (SPDC) နှင့် ဆက်ဆံပြီးနောက်ပိုင်း “အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ်” အောက်၌ လူထုနှင့် ပြဒါးတလမ်းသံ တလမ်းဖြစ်ခဲ့သည်။ ယခုအခါ ကချင်လူထုက လက်နက်ကိုင်တော်လှန်ရေး ဆက်လက်ဆင်နွှဲရန် တွန်းအားပေးနေခြင်းကြောင့် တပ်မတော်၏ ထိုးစစ်များကို အတော်အတန်အားကောင်းသော ပြောက်ကျားခုခံစစ် ဆင်နွှဲနိုင်နေခြင်းဖြစ်သည်။
နယ်စပ်ဒေသများ၌ ပိုမိုတည်ငြိမ်ခိုင်မြဲသော သဘောတူညီချက်ရရှိရေး နိုင်ငံရေးလိုအပ်ချက်ကို ဦးသိန်းစိန်အစိုးရက ဆက်လက်ခံယူရသည်။ အစိုးရက တဖွဲ့ချင်း၊ အပစ်အခတ်ရပ်စဲရေး လုပ်ထားသောအဖွဲ့အစည်းများနှင့် ဒုတိယပင်လုံဟု ခေါ်ကြသော ငြိမ်းချမ်းညီလာခံနှင့် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကာ အဖြေရှာသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်နှင့် ဖက်ဒရယ်စနစ် အကောင်အထည်ဖေါ်ရန် ဖြစ်နိုင် ခြေများကို လမ်းဖွင့်ပေးလိုက်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံခြား (ကုလသမဂ္ဂနှင့် နော်ဝေး၊ ဂျပန်၊ တရုတ်တို့ကဏ္ဍတစ်ရပ်အနေဖြင့်) ဝင်ခွင့်ပြုခြင်းမှာ မကြုံစဘူး လုပ်ရပ်ဖြစ်သည်။
ဤသာမန်ထက်ပိုသော တိုးတက်ဖြစ်ထွန်းမှုသည် စစ်တပ်က စစ်တန်းလျားဘားတိုက်သို့ ပြန်ရုံထက်ပို အဓိပ္ပါယ်ရှိပြီး နိုင်ငံရေးအပြောင်းအလဲ အရှိန်အဟုန်သစ်ကို စတင်ခြင်းဟု ပညာရှင် (Finar Nordoyer) တို့က ရှုမြင်သည်။ အစိုးရသစ်၏ လုပ်ပိုင်ခွင့်လွတ်လပ်မှုနှင့် တပ်မတော်၏ ပြင်းထန်တင်းမာသော အမြင်အကြား မည်သို့စခန်း သွားနေကြမည်ကိုမူ ရှင်းရှင်လင်းလင်း မသိနိုင်သေးပါ။
အချို့ပြည်ထောင်စုဝန်ကြီးများသည် ပြုပြင်ပြောင်းလဲရေးကို စိတ်အားထက်သန်စွာ လုပ်နေချိန်တွင် တပ် မတော်သည် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေး ဝန်ကြီးဌာနများကို အုပ်စီးထားသည်။ “ခွဲ ထုတ်အုပ်ချုပ်ရေး” Divide and Rule ဗျူဟာများ ဆက်လက်ရှင်သန်ဆဲဖြစ်သည်။ သမ္မတ၏ အမိန့်စာ (၂) စောင်ထွက်ပြီးသည့်တိုင်အောင် (KIO) အပေါ် ထိုးစစ်သည် မရပ်စဲနိုင်သေးခြင်းကြောင့် ရွှေ့ပြောင်းစစ်ဘေးဒုက္ခသည်အရေအတွက်မှာ (၁) သိန်းပတ်ဝန်းကျင် ရောက်နေပြီ ဖြစ်သည်။
“အပစ်အခတ်ရပ်စဲရေးအရင်းရှင်စနစ်” တွင် အခိုင်အမာအခြေတည်ပြီး ရရှိလာသည့် ကြီးမားသည့်အရှိန်အဝါ အကျိုးကျေးဇူးတို့သည်လည်း အာဏာစက်မကူးသေးဘဲ ပြုပြင်ပြောင်းလဲမှုကြားတွင် သက်ဆိုးရှည်ဆဲဖြစ်သည်။ ဤနည်းပြင် လူထု၏ မခံမရပ်နိုင် မကျေနပ်စိတ်ကို ပိုမိုနက်ရှိုင်းလာစေခဲ့ပေသည်။ တပ်မတော်နှင့် ဗမာရှေးရိုး စွဲအထူးလွှာတို့က စစ်မှန်သောနိုင်ငံရေး ဖြေရှင်းမှုအတွက် လူမျိုးစုများအား မည်၍ မည်မျှ မည်သို့ ခွင့်ပြုပေးအပ် ရန် ပြင်ဆင်နေသည်မှာမူ မရှင်းလင်းသေးပါ။
အချို့ခေတ်နှင့်အညီ လိုက်ပါပြောင်းလဲလိုသူတို့က ဗျူဟာအသစ်များ လိုအပ်နေကြောင်း လက်ခံကြသော်လည်း (USDP) တွင် ခေါင်းဆောင်မှု ရယူထားသော အငြိမ်းစားတပ်မတော်အရာရှိများနှင့် တပ်မတော်တို့ကမူ မိမိလိုချင်သည့်ပုံစံ ရိုက်သွင်းနိုင်ရန် ဆယ်စုများချီ၍ တိုက်ပွဲဆင်နွှဲနေကြပေသည်။ နယ်စပ်ဒေသများ၌ တိုက်ပွဲများ ဆက်ရှိနေချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် တစ်ကြော့ပြန်ထိမ်းချုပ်ဘို့ ဖြစ်နိုင်ခြေနည်းသော်လည်း ဗုဒ္ဓဘာသာနှင့် မူဆလင်အသိုင်းအဝိုင်းများအကြား အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှုအပါအဝင် အခြားပဋိပက္ခများ၏ ပြန့်နှံ့မှု တစထက်တစ ကျယ်ပြန့်ပြင်းထန်လာမှု ဖြစ်လာလျှင် တင်းမာမှုများက စွန့်စားရဘွယ်အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်နိုင်ပေသည်။
အတိုက်ခံပါတီများအပါအဝင် မြန်မာနိုင်ငံရေးအင်အားစုအားလုံးသည် ပြုပြင်ပြောင်းလဲရေး တို့မြှင့်လုပ်ဆောင် နိုင်ရန်အတွက် တပ်မတော်၏ နောက်ပြန်ရိုက်ချက်ကို မနှိုးဆွမိရန် အရေးကြီးကြောင်း အားလုံးအသိအမှတ်ပြု ကြပေသည်။ သို့တိုင်အောင် မြန်မာလက်နက်ကိုင် အင်အားစုများ၏ တိုင်းပြည်စည်းလုံးညီညွှတ်ရေး အထူးခြိမ်းခြောက်နိုင်သည့်အနေအထားကြား၌ပင် မဟာဗမာလူမျိုးစွဲ အထူးလွှာများအနေဖြင့် တရားမျှတမှု မကိုင်စွဲဘဲ ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်ကြောင်း သင်ခန်းစာယူရန် လိုအပ်နေသေးကြောင်း သိထားဘို့ လိုပေသည်။
မှတ်ချက်။ ။ ဤသုတေသန ဆောင်းပါးကို စီးပွားရေးနှင့် လူမှုရေးသုတေသနကောင်စီ၏ အထောက်အပံ့ ဖြင့် လန်ဒန်အခြေစိုက် (Queen Mary) တက္ကသိုလ်မှ (Dee Jones) ရေးသားပါသည်။ နောက်ဆုံးဆောင်းပါး အပြီးသတ်အပ်ချိန်ကို အောက်တိုဘာလ – ၂၀၁၃ ဟု ဖေါ်ပြထားပါသည်။ မဝေးသေးသောကာလမှ အဖြစ်အပျက်များမို့ အများသိဖြစ်နိုင်သော်လည်း ရှုဒေါင့်တမူထူးသဖြင့် နိဂုံးချုပ်ချက်အပိုင်းကို ဘာသာပြန်ထားပါသည်။
ယခုမျက်မှောက် မြန်မာပြည်၏နိုင်ငံရေးအနေအထားမှာ ရွေးကောက်ခံအစိုးရဖြင့် အုပ်ချုပ်နေခြင်းဖြစ်သော် လည်း တပ်မတော်၏ ပေါ်လစီနှင့် လွှမ်းမိုးမှုမှာ ယခင်ခေတ်နှင့် အပေါ်ယံသာကွာပြီး အနှစ်သာရအားဖြင့် သိပ် မခြားနားဟု မြင်ပါသည်။ ခေတ်အခြေအနေအရ အပြောင်းအလဲအချို့တစုံတရာရှိသော်လည်း ပါဝင်အစိတ်အပိုင်း (Factor) များမှာ အခြေခံအားဖြင့် အတူတူပင်ဖြစ်သည်။ ယခုအစိုးရ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အကောင်အထည်ဖေါ်ပုံနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးအပေါ် ထားရှိသော နောက်ဆုံးသဘောထား တို့ကို ပြီးခဲ့သည့် ခေတ်အခြေအနေနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။ ရွေးကောက်ခံအစိုးရနှင့် တပ် မတော်အစိုးရကြား လုပ်ဆောင်ချက် အကောင်းအဆိုးကောက်ချက်မှာ စာဖတ်မူတို့၏ အခြေခံအပြင် ရှုဒေါင့်ပေါ် တွင် မူတည်ပါလိမ့်မည်။ ။